By Wut Yee Htun (Shweproperty.com), Shweproperty.com
Updated at 8 September 2017
နိုင်ငံခြားသားတွေ မြန်မာပြည်က ကွန်ဒိုဝယ်ယူခွင့်ရဖို့နဲ့ မြေနဲ့အိမ်နှစ်ခုစလုံး ပူးတွဲပိုင်ဆိုင်ခွင့်ရမယ့် ကွန်ဒိုမီနီယံ နည်းဥပဒေ အတည်ဖြစ်ဖို့ တစ်လဝန်းကျင်လောက် ကြာမြင့်နိုင်သေးတဲ့အကြောင်း ဆောာက်လုပ်ရေး ဝန်ကြီး ဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမင်းထိန်က စက်တင်ဘာလ(၇)ရက်နေ့က Shwe Property ကို ပြောပါတယ်။
“ လက်ရှိမှာ ကွန်ဒိုမီနီယံနည်းဥပဒေကို လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကော်မတီကို တင်ထားတယ်။ လူကြီးတွေလည်း အပူတပြင်းနဲ့ ဒီဥပဒေထွက်ဖို့ အားကြိုးမာန်တက်လုပ်နေပါတယ်။ တစ်လဝန်းကျင်လောက် တော့ ထပ်စောင့်ရဦးမယ်” လို့ ဦးမင်းထိန်က ဆိုပါတယ်။
ကွန်ဒိုမီနီယံဥပဒေ (ခေါ်) စုပေါင်းပိုင်အဆောက်အအုံဆိုင်ရာဥပဒေကို ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ(၂၂)ရက်နေ့ကတည်းက ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြု ခဲ့တာဖြစ်ပါတယ်။ အတည်ပြုပြီးနောက်ပိုင်းမှာ နည်းဥပဒေထွက်ဖို့ စတင်ကြိုးပမ်းလုပ်ဆောင်နေခဲ့တာဟာ အခုဆိုရင် (၂)နှစ်နီးပါးရှိနေပါပြီ။ ကွန်ဒိုမီနီယံနည်းဥပဒေထွက်ဖို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေ၊ အကျိုးဆောင်တွေ နဲ့ နိုင်ငံခြားသားတွေက လက်ရှိအချိန်ထိ စောင့်မျှော်နေကြဆဲပါပဲ။ ကွန်ဒိုမီနီယံနည်းဥပဒေ အတည်ပြုထွက်ရှိဖို့ ဘယ်လောက်ထပ်စောင့်ရဦးမှာလဲ?
“ပထမတစ်ချက်က ဒီဥပဒေကြမ်းကို လွှတ်တော်ကိုယ်စားလှယ်တွေဆီ ဖြန့်ပြီးတော့ လွှတ်တော်မှာ ပြန်အတည်ပြုရဦးမယ်ဆိုတော့ နောက်ထပ်(၂)လလောက်တော့ အနည်းဆုံးကြာမယ်လို့ ထင်တယ်။ ဥပဒေထဲမှာ လိုအပ်ချက်တွေ ရှိတယ်။ လုပ်ဖို့ကိုင်ဖို့ခက်နေတဲ့ အချက်တွေရှိတယ်။ ဒါတွေနဲ့ပတ်သက်ပြီးတော့ ညှိနှိုင်းပြီးတော့မှ ဒီဥပဒေကို ပြန်ပြီးထုတ်ပြန်ရင် ကောင်းမယ်ထင်တယ်။ ဒီဥပဒေက မရှိတာထက် ရှိတာ ကောင်းပေမယ့်လည်း တကယ်လက်တွေ့မှာ နိုင်ငံခြားသားတွေ ဝယ်ယူဖို့ရယ်၊ Developer တွေအတွက် တကယ်လုပ်ဖို့ကိုင်ဖို့ ခက်ခဲနေတဲ့ အချက်တွေပါနေတယ်” လို့ MKT Construction ရဲ့ အမှုဆောင်အရာရှိချုပ် ဦးမျိုးမြင့်က ရှင်းပြပါတယ်။
ကွန်ဒိုမီနီယံအဆောက်အဦးတစ်ခုဖြစ်ဖို့ မြို့ပြစီမံကိန်းအရ သက်ဆိုင်ရာအစိုးရဌာန၊ အစိုးရအဖွဲ့အစည်းက သတ်မှတ်ထားတဲ့ အချက်တွေနဲ့ ကိုက်ညီရမှာဖြစ်ပြီး မြေဧရိယာအနည်းဆုံး စတုရန်းပေ(၂၀၀၀၀)နှင့်အထက် ရှိရမှာဖြစ်ပါတယ်။ အထပ်မြင့် အနေနဲ့ (၆)ထပ်ကျော်လွန်မှသာ ကွန်ဒိုတစ်ခုဖြစ်မှာဖြစ်ပြီး၊ (၆)ထပ်ရဲ့ အထပ်မှာရှိတဲ့ အခန်းတွေထဲကမှ (၄၀)ရာခိုင်နှုန်းကိုသာ နိုင်ငံခြားသားက နာမည်ပေါက်ဝယ်ယူပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။
ကွန်ဒိုမီနီယံနည်းဥပဒေထွက်ဖို့ ဘာ့ကြောင့်ကြန့်ကြာနေတာလဲ? “ပထမတစ်ချက်က အစိုးရပိုင်းအပြောင်းအလဲ ဖြစ်သွားတဲ့အချိန်ကြောင့်လည်းပါဝင်တယ်။ နောက်တစ်ခုက အစိုးရအနေနဲ့ စီးပွားရေးပိုင်းသိပ်အလေးမထား သေးတာတစ်ပိုင်း၊ ၁၉၈၇ အက်ဥပဒေဖြစ်တဲ့ မရွှေ့မပြောင်းနိုင်သော ပစ္စည်းများနှင့် ပတ်သက်တဲ့ ဥပဒေနဲ့ ပြန်ပြီး ငြိနေတာရှိတယ်။ ဥပမာ- နိုင်ငံခြားသားသည် မြေနေရာအဆောက်အအုံကဲ့သို့ မရွှေ့ မပြောင်းနိုင်တဲ့ ပစ္စည်းကို ပိုင်ဆိုင်ခွင့်မရှိစေရဆိုပြီး ပါဝင်တယ်။
ကွန်ဒိုဥပဒေမှာတော့ နိုင်ငံခြားသားဝယ်ယူခွင့် ရှိတယ်ဆိုပြီး ပြဌာန်းထားတယ်။ မြေအပါအဝင် အချိုးကျပိုင်ဆိုင်ရမယ်ဆိုတဲ့ အချက်ပါဝင်နေတယ်။ အဲ့ဒီအချက်နဲ့ ပြန်ညှိနှိုင်းနေရတာလည်း ပါမယ်။ နောက်တစ်ခုက ကျန်တဲ့ဥပဒေတွေကို ပိုပြီးတော့ ဦးစားပေးနေရတာလည်း ဖြစ်နိုင်ပါတယ်” ဦးမျိုးမြင့်က သုံးသပ်ခဲ့ပါတယ်။
အိမ်ခန်းကို နိုင်ငံခြားကို စတင်ရောင်းချတော့မယ်ဆိုရင် မှတ်ပုံတင်အရာရှိထံအကြောင်းကြားခြင်းနဲ့ နိုင်ငံခြားမှ တရားဝင်ငွေလွှဲပို့သော နိုင်ငံခြားငွေဖြင့်သာ ရောင်းချခြင်း၊ အိမ်ခန်းကို ဘဏ်တွင် ပေါင်နှံခွင့်ရှိခြင်းနှင့် မှတ်ပုံတင်ခြင်းကိစ္စတွေကို ဥပဒေထဲမှာ ဖော်ပြထားပါတယ်။
“ ကွန်ဒိုဥပဒေတစ်ခုတည်းက ကြန့်ကြာတာမဟုတ်ဘူး၊ လုပ်ငန်းတော်တော်များများက ကြန့်ကြာနေတာပါ။ ကွန်ဒိုဥပဒေဟာ မြေပိုင် အခန်းပိုင်စနစ်ဖြစ်တဲ့အတွက် ဝယ်သူရော ရောင်းသူအတွက်ရော ကောင်းတယ်။ ဒီဥပဒေ ထွက်ဖို့ပဲ အကိုတို့မျှော်လင့်ပါတယ်။ အခက်အခဲတွေကတော့ ရေးဆွဲတဲ့သူတွေ ပေါ်မှာပဲ မူတည်မှာ ပေါ့” လို့ ပြည်မြန်မာစံဆောက်လုပ်ရေးရဲ့ မန်းနေးဂျင်းဒါရိုက်တာ ကိုသောင်းဦးလွင်က ပြောပါတယ်။
နိုင်ငံခြားသားတွေ နေထိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားကြတဲ့ ဒီကွန်ဒိုမီနီယံဥပဒေဟာ ဘဏ်တွေရဲ့ အခန်းကဏ္ဍနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အတွက် မရှိမဖြစ် လိုအပ်တဲ့ ဥပဒေတစ်ခု ဖြစ်ပါတယ်။
ကွန်ဒိုမီနီယံဥပဒေရဲ့ သတ်မှတ်ချက်အရ စိစစ်မှုတွေ ပြုလုပ်နေခြင်းနဲ့ နိုင်ငံခြားသားတွေ ကွန်ဒိုပိုင်ဆိုင်ခွင့် ကိစ္စပါ စိစစ်နေလို့ ဥပဒေထွက်လာဖို့ ကြန့်ကြာနေတယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။ ကွန်ဒိုမီနီယံနည်းဥပဒေတစ်ခု အတည်ပြုနိုင်ဖို့ အစိုးရဌာနပိုင်းအဆင့်ဆင့်ရဲ့ လုပ်ငန်းစဉ်အဆင့်ဆင့်ကို ကျော်ဖြတ်နေရလို့ ကြန့်ကြာနေတယ်လို့ မြန်မာအစိုးရဘက်ကလည်း တုံ့ပြန်ထားပါတယ်။
“နည်းဥပဒေ အတည်ပြုပြီးသွားရင်တော့ ထိုက်သင့်သလောက် အိမ်ခြံမြေဈေးကွက် အခြေအနေကောင်း လာနိုင်တယ်။ ကောင်းတယ်ဆိုပေမယ့်လည်း ဝုန်းဒိုင်းတက်သွားမှာမဟုတ်ဘူး။ ဒီဥပဒေအရ လုပ်ကိုင်ရမယ့် အချက်အလက်တွေက အများကြီးလိုသေးတယ်။ စတုရန်းပေ (၂၀၀၀၀)လောက်ဆိုတော့ ဧက တစ်ဝက် လောက်ရှိတဲ့ အိမ်မြေတွေပဲ အကျုံးဝင်တယ်။ ဒါတွေအပြင် Developer နဲ့ မြေရှင် တစ်ဦးတည်းဖြစ်၍သော် လည်းကောင်း၊ ဒါမှမဟုတ် မြေရှင်ကိုယ်တိုင်က ကွန်ဒိုကို သဘောတူပါတယ်ဆိုပြီး Register လုပ်ရမယ့် အပိုင်းတွေ ပါနေတယ်။ အဲ့ဒီတော့ တကယ်တမ်း အများကြီးမဖြစ်နိုင်ဘူး။
နိုင်ငံခြား ဝယ်ယူခွင့်ရသွားတယ်ဆိုတော့ နည်းနည်းလေးတော့ အသက်ရှူပေါက်ရသွားတဲ့ သဘောပဲ၊ အကြီးအကျယ် ပြောင်းလဲမှုတော့ဖြစ်စရာအကြောင်းမရှိဘူးလို့ သုံးသပ်ပါတယ်။” MKT Construction ရဲ့ အမှုဆောင်အရာရှိချုပ်ဦးမျိုးမြင့်က ပြောပါတယ်။
ဥပဒေအရ ကွန်ဒိုမီနီယံအဆောက်အဦးဖြစ်ဖို့ အဆင့်တွေများစွာပါဝင်သလို၊ ဥပဒေပတ်သက်ပြီး သိပ် အလုပ်မဖြစ် နိုင်သေးကြောင်း၊ အနည်းဆုံး (၆)လနဲ့ (၁)နှစ်ကြား အချိန်ယူရမယ့်အကြောင်းနဲ့ ဥပဒေကြောင့် အကြီးအကျယ်ဖြစ်မလာနိုင်သေးပေမယ့် နည်းနည်းတော့ပြောင်းလဲလာနိုင်ကြောင်း၊ မရှိတာထက် ဥပဒေတစ်ခု ထွက်လာတာကို ကြိုဆိုကြောင်း ပြောပါတယ်။
“ ကွန်ဒိုမီနီယံနည်းဥပဒေ နောက်ထပ်(၂)လလောက်အတွင်းမှာ ထွက်မယ်ဆိုတော့ ဒါဟာသတင်းကောင်း တစ်ခုပါပဲ။ အိမ်ခြံမြေလောက က လုပ်ငန်းရှင်တွေ၊ နိုင်ငံခြားက အိမ်ခြံမြေရင်းနှီးမြှုပ်မယ့်သူတွေ ဒီဥပဒေကို စောင့်မျှော်နေကြတာ (၂)နှစ်နီးပါးရှိသွားပါပြီ။ ကွန်ဒိုဥပဒေဟာ (၁၀၀)ရာခိုင်နှုန်း ပြည့်စုံနေတဲ့ ဥပဒေ မဟုတ်ပေမယ့် နည်းဥပဒေထွက်လာတဲ့အခါကျရင် မြန်မာ့အိမ်ခြံမြေလောက အတွက် ကောင်းမွန်တဲ့ ခြေလှမ်းသစ်တစ်ခု လှမ်းနိုင်တော့မယ်လို့ ယုံကြည်တယ်။” ဆိုတဲ့အကြောင်း လစဉ်လတိုင်း အိမ်ခြံမြေ ပြပွဲတွေ ကျင်းပပေးနေတဲ့ ShweProperty.com ရဲ့ ဒါရိုက်တာနဲ့ တည်ထောင်သူအဖြစ်တာဝန်ယူထားတဲ့ ကိုကောင်းသူဝင်းက သုံးသပ်ခဲ့ပါတယ်။
ဒါ့အပြင် “ ကွန်ဒိုဥပဒေခိုင်မာသွားမယ်ဆိုရင် မြန်မာပြည်က အိမ်ခြံမြေဆောက်လုပ်ရေး လုပ်ငန်းရှင်တွေ အနေနဲ့ ကွန်ဒိုဥပဒေနဲ့ကိုက်ညီမယ့် အိမ်ရာပရောဂျက်တွေ ဆောက်လုပ်ပြီး သူတို့ရဲ့ ရောင်းချမှုပုံစံ၊ ဈေးကွက် ချဲ့ထွင်မှုပုံစံတွေကို စတင်ပြီး အကောင်းဆုံး အကောင်အထည် ဖော်ဆောင်ကြလိမ့်မယ်။ ကျွန်တော်တို့ အိမ်ခြံမြေလောကအတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ပိုဝင်လာမယ်လို့ ထင်တယ်” လို့ ဆက်ပြောပြပါတယ်။
ကွန်ဒိုမီနီယံနည်းဥပဒေကို စောင့်ဆိုင်းကြိုဆိုနေကြတဲ့ လုပ်ငန်းရှင်တွေနဲ့ ဝယ်သူတွေဟာ အကောင်းဘက်ကို ဦးတည်လာဖို့ မျှော်လင့်ထားပါတယ်။ နည်းဥပဒေကို လွှတ်တော်က အတည်ပြုလိုက်ပြီဆိုတာနဲ့ တစ်ပြိုင်နက် ဥပဒေအတိုင်းလုပ်ငန်းစဉ်အဆင့်ဆင့်အလိုက် ကွန်ဒိုတစ်ခုဖြစ်ဖို့ လုပ်ငန်းရှင်တွေဘက်က အကောင်းဆုံး ကြိုးစား တည်ဆောက်သွားဖို့ စောင့်ဆိုင်းနေကြသလို၊ နိုင်ငံခြားကရင်းနှီးမြှုပ်နှံမယ့်သူတွေလည်း စောင့်ဆိုင်းနေကြပါတယ် ။
Written By : Wut Yee Htun (Shweproperty.com)
Photo Credit : Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ