By Eleven Media Group, Shweproperty.com
Updated at 14 September 2015
ရန်ကုန်မြို့သည် ၁၉၈၈ ခုနှစ် မတိုင်မီက အကျယ်အဝန်း စတုရန်းမိုင် ၈၀ ခန့်သာ ရှိခဲ့ရာမှ ၂၀၀၀ ပြည့်နှစ်တွင် စတုရန်းမိုင် ၂၄၀ ခန့်အထိရှိလာပြီး အဆိုပါ ကာလအတွင်း ရန်ကုန်မြို့အား သုံးဆခန့် တိုးချဲ့ခဲ့သည်။
၂၀၀၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အထိ ဆက်လက်တိုးချဲ့ခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်၏ စုစုပေါင်းဧရိယာ မှာ ၃၀၆ စတုရန်းမိုင်အထိ ရှိလာခဲ့သည်။ လူဦးရေအနေဖြင့် ၁၉၈၃ ခုနှစ်တွင် သုံးသန်းခန့်သာ ရှိခဲ့ရာမှ ၂၀၁၄ ခုနှစ်တွင် သန်းခေါင် စာရင်းအရ လူဦးရေ ၅ ဒသမ ၂ သန်းအထိ တိုးပွားလာခဲ့သည်။ ယင်းစာရင်းမှာ အတည်တကျ ပုံစံ ၁၀ ဖြင့်နေထိုင်သည့် သူများသာ ပါဝင်ပြီး ပုံစံ၁၀မရှိသူများနှင့်ယာယီလာရောက် နေထိုင်သူများ ပေါင်းလိုက်ပါက စုစုပေါင်း ခြောက်သန်းခန့် ရှိနိုင်မည်ဟု ခန့်မှန်းထားသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်းတွင် ရန်ကုန်မြို့နှင့် ဆက်စပ်နေသည့် နေရာများတွင် အလုပ်အကိုင် အခွင့်အလမ်းများ၊စက်ရုံ၊အလုပ်ရုံများစွာ ပေါ်ပေါက် လာခြင်းကြောင့် ကျေးလက်ဒေသများမှာ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်သို့ ပြောင်းရွှေ့ပျံ့နှံ့ လာခဲ့ကြသည်။ လူဦးရေတိုးနှုန်း အနေဖြင့် လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ အတွင်း ၂ ဒသမ ၃ ရာခိုင်နှုန်းဖြင့် တိုးပွားခဲ့ခြင်းဖြစ်ပြီး ရန်ကုန်မြို့၏ လူဦးရေတိုးနှုန်းမှာ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များထက် နှစ်ဆခန့်မြင့်မားလျက် ရှိနေသည်။
ရန်ကုန်မြို့၏ လူဦးရေတိုးနှုန်းနှင့် ဆက်လက်တိုးပွားမည် ဆိုပါက နောက်ထပ် ၂၅ နှစ်အတွင်း လူဦးရေ ၁၀ သန်းခန့်သို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းထားသည်။ လူဦးရေ ယခုထက် နှစ်ဆခန့် ရှိလာမည်ဟု ခန့်မှန်းထားခြင်ဖြစ်ပြီး လာမည့် ၂၀၄၄ ခုနှစ်တွင် လူဦးရေ ၁၂ သန်းကျော်အထိ တိုးပွားနိုင်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီကခန့်မှန်းတွက်ချက်ထား သည်။ သို့ဖြစ်ရာ ရန်ကုန်မြို့ကို ထပ်မံချဲ့သင့်သည်ဟု အကြံပြုထားသည်။
ရန်ကုန်မြို့၏ လက်ရှိလူဦးရေအရ တစ်နေရာနှင့် တစ်နေရာ နေထိုင်မှုနှုန်းများ မတူညီကြဘဲ ကွာခြားနေကြောင်း၊ အထူးသဖြင့် ရန်ကုန်မြို့လယ်ဖြစ်သော ကျောက်တံတား၊ ပန်းဘဲတန်း၊ လသာ၊လမ်းမတော်စသော နေရာများတွင် နေထိုင်သူဦးရေများစွာ သိပ်သည်းလာပြီး တစ်စတုရန်းမိုင်လျှင် လူဦးရေတစ်သိန်းအထိ နေထိုင်လာကြကြောင်း၊ ထို့ပြင်များစွာသော အလုပ်အကိုင် များသည်လည်း မြို့လယ်တွင် တည်ရှိနေခြင်းကြောင့် လူများ၊ ကားများမှာ မြို့လယ်သို့သာအဓိက ဦးတည်လာကြသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့လယ်၏ သိပ်သည်းမှု မြင့်မားခြင်းကြောင့် မြို့လယ်ကို အခြားနေရာသို့ ခွဲထုတ်ရန် ပညာရှင်များက အကြံပြုခဲ့ကြသည်။
သို့သော် လွန်ခဲ့သည့် ၁၅ နှစ်ခန့်ကတည်းက စတင်အကောင်အထည် ဖော်ခဲ့သည့် ဒဂုံမြို့သစ်တောင်၊ မြောက်၊ အရှေ့၊ ဆိပ်ကမ်းတွင်မူ လူဦးရေ သိပ်သည်းမှုနှုန်းမှာ တစ်စတုရန်းမိုင်လျှင် ၅၀၀၀ ခန့်သာ နေထိုင်နေကြပြီး လူဦးရေ သိပ်သည်းမှု အနိမ့်ဆုံး နေရာဖြစ်သည်။
ရေ၊ မီး၊ လမ်းစသော အခြေခံ အဆောက်အအုံဖွံ့ဖြိုးမှု လိုအပ်ချက်များကြောင့် ယင်းနေရာများသို့ လူဦးရေဖြန့်ကြက်နိုင်မှု အားနည်းပြီး အထူးသဖြင့် ဒဂုံမြို့သစ် အရှေ့ပိုင်း၊ ဒဂုံဆိပ်ကမ်း စသည်တို့တွင်လူဦးရေသိသာစွာနည်းပါးနေကာ မြေကွက်လပ်လွတ်များကိုသာ အများဆုံး တွေ့မြင်နေရသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ကို တိုးချဲ့ပြီး သိပ်သည်းနေသော လူဦးရေကို ဖြန့်ထုတ်ရန်အတွက် အဆိုပါ ဒဂုံမြို့သစ်အား ဦးစားပေးအနေဖြင့် အကောင်အထည် ဖော်သင့်ကြောင်း၊ အဘယ်ကြောင့်ဆိုသော်ယင်းမြို့သစ်များ ပေါ်ပေါက်သည် မှာကြာခဲ့ပြီဖြစ်သော်လည်း အခြေခံအဆောက်အအုံများ ပြည့်စုံမှုမရှိသေး ဘဲမြို့ပြတစ်ခု၏ဖွံ့ဖြိုးမှုပုံစံသို့ မရောက် ရှိသေးခြင်းကြောင့် ဖြစ်သည်ဟုပညာရှင်များ ကအကြံပြုထားသည်။
“မဟာရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း ၂၀၄၀” အရ ရန်ကုန်မြို့ကို တိုးချဲ့ရာတွင်း ဦးစားပေးအဆင့် ခုနစ်ခုသတ်မှတ်ထားပြီးဦးစားပေး(၁)တွင်ရန်ကုန် အရှေ့ပိုင်းမြို့သစ် ၁၇၃၇၅ ဧက၊ ဦးစားပေးအဆင့်(၂) ရန်ကုန်အနောက်တောင်ပိုင်းမြို့သစ် ၂၁၇၁၆ ဧက၊ ဦးစားပေး(၃) သန်လျင်မြို့သစ် ၂၁၁၉၃ ဧက၊ ဦးစားပေး (၄) ဒလမြို့သစ် ၁၅၁၇၃ ဧက၊ ဦးစားပေး(၅) ထန်းတပင် မြို့သစ် ၂၄၇၄၈ ဧက၊ ဦးစားပေး (၆) မှော်ဘီမြို့သစ် ၁၁၅၉၄ ဧကနှင့် ဦးစားပေး(၇) လှည်းကူးမြို့သစ် ၆၉၃၃ ဧကစုစုပေါင်း ၁၁၈၇၃၂ ဧကကို လျာထားကြောင်း ရန်ကုန်မြို့တော်ဝန်က ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးသို့ တင်ပြခဲ့သည်။
ယင်းစီမံကိန်းအရ ရန်ကုန်မြို့ကို တိုးချဲ့မည့် ပထမဦးစားပေး ရန်ကုန်အရှေ့ပိုင်း မြို့သစ်တွင် ဒဂုံမြို့သစ် လေးမြို့နယ်မှာ အဓိကဖြစ်နေပြီးယင်းကိုပထမဦးစားပေးအနေဖြင့် ဖော်ဆောင်ရန်ထည့်သွင်းထားခြင်းလည်း ဖြစ်ပြီးရန်ကုန် တိုင်းဒေသကြီး လွှတ်တော်က အတည်ပြုခဲ့ပြီးဖြစ်သည်။
ဒဂုံမြို့သစ်လေးမြို့နယ်အနက် အထူးသဖြင့် ဒဂုံမြို့သစ်ဆိပ်ကမ်း ၊ ဒဂုံမြို့သစ် တောင်ပိုင်းတို့သည် ရန်ကုန်တိုင်း ဒေသကြီး၌ အကောင်အထည်ဖော်နေသည့် သီလဝါအထူး စီးပွားရေးဇုန်ကြီးနှင့် ဆက်စပ်နေသည့် ဧရိယာများဖြစ်သည်။
ထိုမှ ဆက်စပ်၍ သန်လျင်၊ ဒလ စသည့်နေရာများသည်လည်း ဆက်စပ်နေသည်။ သို့သော် ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင် စသည့်နေရာများသည် သီလဝါနယ်မြေနှင့် ဆက်စပ်ပြီး ပဲခူးတိုင်းဒေသကြီး အထိပါ ခရီးပေါက်နိုင်သည့် နေရာဖြစ်ခြင်းကြောင့် ယင်းနေရာများမှာ ယခုထက်ပိုမိုဖွံ့ဖြိုးရန် လိုအပ်နေကြောင်း သုံးသပ်နေကြသည်။
“ရန်ကုန်မြို့ကို ချဲ့ဖို့ဆိုရင် ရန်ကုန်အရှေ့ ပိုင်းမြို့သစ်ကို ဦးစားပေးသင့်တယ်လို့ ထင်တယ်။ အရှေ့ပိုင်းမြို့သစ်မှာ ဒဂုံမြို့သစ် မြို့နယ်တွေပါတယ်။ အထူးသဖြင့် ဒဂုံတောင်၊ ဒဂုံဆိပ်ကမ်းတွေ့ ဖွံ့ဖြိုးလာနိုင်တဲ့ ဒေသတွေဖြစ်တယ်။ တစ်ဖက်မှာ သီလဝါရှိတယ်။ တစ်ဖက်မှာ ဒဂုံမြို့သစ် လေးမြို့နယ်ရှိတယ်။ သီလဝါဖွံ့ဖြိုးရင် ဒဂုံမြို့သစ် လေးမြို့နယ်လည်း ဖွံ့ဖြိုးလာမယ်။ အဲဒီဒေသက လူတွေလည်း အလုပ်အကိုင်ရမယ်။
ပို့ဆောင်ဆက်သွယ်ရေးလည်း ပိုကောင်းလာမယ်။ အခုဒဂုံ မြို့သစ်တွေက တည်ခဲ့တာပဲရှိတယ်။ မြို့သစ် ဖွံ့ဖြိုးမှုအဆင့်ကို မရောက်သေးဘူး။ ဒါကြောင့် မြို့ပြအဆင့်မီအောင် လုပ်ပေးသင့်တယ်” ဟု တာမွေမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ပြောကြားသည်။
“ရန်ကုန်မြို့လယ်ကို ခွဲထုတ်ဖို့အတွက် မရမ်းကုန်းကို လွှတ်တော်မှာတင်ခဲ့တုန်းက ကျွန်တော့်အနေနဲ့ ရန်ကုန်မြို့လယ်ကို ခွဲထုတ်ဖို့ဆိုရင် မရမ်းကုန်း တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ရန်ကုန်အရှေ့ပိုင်းကိုပါ ခွဲထုတ်ဖို့ လုပ်သင့်တယ်လို့ တင်ပြခဲ့တာ။ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကလည်း အတည်ပြုထားတယ်။ ဒါကြောင့် ဒဂုံမြို့သစ်ကို လိုက်လျောညီထွေ ဖြစ်အောင်လုပ်ဖို့ ချဲ့ထွင်ဖို့ စဉ်းစားရမှာပါ” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၁)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်က ပြောကြားသည်။
လက်ရှိ ဒဂုံဆိပ်ကမ်းသည် လူနေရပ်ကွက်အဖြစ် လူသိများသော ယုဇနဥယျာဉ်မြို့တော်နှင့် ဒဂုံဆိပ်ကမ်းစက်မှုဇုန် စသည့်နေရာများတွင်သာ စည်ကားမှုရှိပြီး ကျန်ရှိသည့် နေရာများတွင် ဟိုကျဲကျဲ ဒီကျဲကျဲဖြင့်သာ နေထိုင်နေကြသည်။
သို့ဖြစ်ရာဒဂုံမြို့သစ်ဆိပ်ကမ်း၊ဒဂုံမြို့သစ် တောင်ပိုင်းတို့မှ တစ်ဆင့်ပဲခူးတိုင်းဒေသကြီးတွင် အကောင်အထည်ဖော်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းသို့လည်း ချိတ်ဆက်နိုင်ခြင်းကြောင့် သီလဝါ အထူးစီးပွားရေးဇုန်နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ချိတ်ဆက် ရာတွင်လည်း ယင်းဒေသများမှာ များစွာအရေးပါ လာမည်ဖြစ်သည်။
ထိုမှဆက်စပ်၍ သာကေတ၊ ဒေါပုံ စသည့်နေရာ များသည်လည်း သီလဝါအထူး စီးပွားရေးဇုန်သို့သွားရာ လမ်းတစ်လျှောက်တွင် အရေးပါလာမည့် နေရာများဖြစ်ပြီး ဒဂုံမြို့သစ် လေးမြို့နယ်ကို အဆင့်မြှင့်တင် ပေးလိုက်ပါက သာကေတ၊ ဒေါပုံ စသည့်နေရာများသည်လည်း အလိုအလျောက် ဖွံ့ဖြိုးမှု အားကောင်းလာမည် ဖြစ်ကြောင်း၊ ထိုနေရာတွင် လမ်းပန်းဆက်သွယ်ရေး အနေဖြင့် ဒဂုံတောင်၊ ဆိပ်ကမ်းတို့နှင့် သာကေတ၊ ဒေါပုံကို ချိတ်ဆက်ထားသည့် ဧရာဝဏ်လမ်းမကြီးကို အဆင့်မြှင့်တင် ပေးမည်ဆိုပါက လမ်းပန်းဆက်သွယ်ရေး ဖွံ့ဖြိုးလာပြီး သီလဝါ အထူးစီးပွားရေးဇုန်သို့လည်း အဆင်ပြေစွာ သွားလာနိုင်မည်ဖြစ်သည်။
“မြို့သစ်ချဲ့ဖို့အတွက် ဒဂုံမြို့သစ်လေးမြို့နယ်ကို ပိုပြီးလက်ခံတယ်။ အဲဒီနေရာတွေမှာ လုပ်မယ်ဆိုရင် ဆက်စပ်ပြီးသာတေက၊ ဒေါပုံတို့ကိုပိုမိုဖွံ့ဖြိုးလာမှု ကောင်းမွန်လာမှာပါ။ပြီးတော့ဟံသာဝတီ လေဆိပ်ကိုလည်း ချိတ်ဆက်လို့ ရနိုင်တယ်” ဟု တာမွေမြို့နယ် မဲဆန္ဒနယ်အမှတ် (၁)မှ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထိန်က ဆက်လက်ပြောကြားသည်။
ထိုသို့သာကေတမှသုဝဏ္ဏသို့ကူးပြီး ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်းလိုပုံစံမျိုးလုပ်ဆောင်မည်ဆိုပါကလမ်းပန်းဆက်သွယ်ရေးအတွက် အထောက်အကူ ပြုနိုင်မည်ဖြစ်ပြီး ယင်းသို့ ဝေဇယန္တာလမ်းပေါ်တွင် နှစ်ထပ်လမ်း တည်ဆောက်ရန်အတွက် JICA က အဆိုပြုထားကြောင်း သိရသည်။ ယင်းသို့ နှစ်ထပ်လမ်း ဆောက်လိုက်မည် ဆိုပါက ယင်းမှတစ်ဆင့် သာကေတ၊ ထိုမှတစ်ဆင့် ဂျပန်၏ ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည့် သီလဝါ အထူးစီးပွားရေးဇုန်များသို့ သွားလာရေး လွယ်ကူသွားမည်ဖြစ်၍ JICA အနေဖြင့် အဆိုပြု ထားခြင်းလည်း ဖြစ်နိုင်ပြီးယင်းသို့ နှစ်ထပ်လမ်း ဆောက်လုပ်ရန် ဖြစ်နိုင်ခြေများစွာ ရှိနေသည်။
သီလဝါ အထူးစီးပွားရေးဇုန်အထိ သွားလာရ လွယ်ကူသွားမည် ဆိုပါက ယင်းမှတစ်ဆင့် ဒဂုံဆိပ်ကမ်း၊ ဒဂုံတောင်တို့ကို ဖြတ်သန်းကာ ပဲခူးတိုင်းဒေသကြီး ဟံသာဝတီ လေဆိပ်သို့လည်း ထပ်မံချိတ်ဆက် သွားလာနိုင်မည်ဖြစ်၍ ဒဂုံမြို့သစ်များအား တိုးချဲ့မြို့ပြအဆင့်သို့ ထပ်မံ၍ အဆင့်မြှင့်တင်ရန်သာ လိုအပ်တော့မည် ဖြစ်သည်။
ထိုသို့အဆင့်မြှင့်တင်ရာ၌ မြို့ကွက်သစ်များ ထပ်မံဖော်ထုတ်ရန်အတွက် လက်ရှိလုပ်ကိုင်နေသော လယ်ယာမြေများ၊ ပိုင်ဆိုင်မှု လျှောက်ထားဆဲ လယ်မြေများ၊ ပိုင်ရှင်ရှိမြေများ မပါဝင်ဘဲ အခြားမြေလွတ် မြေရိုင်းများတွင် လုပ်သင့်ကြောင်း၊ အကယ်၍ မြေလွတ်မြေရိုင်းများ မရှိခဲ့၍ ပိုင်ရှင်ရှိလယ်မြေများအား မြို့ပြအဖြစ် အဆင့်မြှင့် လုပ်ကိုင်လိုပါက အဆိုပါမြေများအတွက် သင့်လျော်သည့် ကာလပေါက်ဈေးဖြင့် လျော်ကြေးပေးသင့်သည်ဟု သုံးသပ်ကြသည်။
“ဒီလိုလုပ်တဲ့ နေရာမှာလည်း မတရားသိမ်းပြီး မလုပ်သင့်ဘူး။ ပြည်သူတွေပိုင်ဆိုင်ခြင်းမရှိတဲ့ မြေလွတ်မြေရိုင်း တွေမှာပဲ လုပ်သင့်တယ်။ မြေအားလုံး နိုင်ငံတော်က ပိုင်တယ်ဆိုတာတော့ ဟုတ်ပေမယ့် တကယ်လို့ ပိုင်ရှင်ရှိ နေရာတွေမှာလုပ်မယ်ဆိုရင် လျော်ကြေးပေးရမယ်။ လျော်ကြေးကိုလည်း လွန်ခဲ့တဲ့ ၁၀ နှစ်က လျော်ကြေးမျိုး မဟုတ်ဘူး။ လက်ရှိဖြစ်နေတဲ့ ကာလပေါက်ဈေး အတိုင်းပဲ လျော်ကြေးပေးဖို့ စဉ်းစားသင့်ပါတယ်” ဟု မြို့ပြစီမံကိန်းနှင့် ပတ်သက်၍ လေ့လာသူတစ်ဦးက အကြံပြုသည်။
“ဒဂုံအရှေ့ (ရွာသာကြီး) မှာဆိုရင် အရင်က ဘူတာကြီးစီမံကိန်း လုပ်မယ်လို့တောင် သတင်းတွေ ကြားခဲ့ရတာ။ နောက်ပိုင်းတော့ မကြားရတော့ဘူး။ အမှန်ဆိုရင် ကျွန်တော်တို့ ဒဂုံမြို့သစ်တွေက ဖွံ့ဖြိုးအောင် လုပ်ပေးသင့်တာ ကြာပါပြီ။ အခုဆိုရင် ရွာသာကြီးဘက်က အရင်ဘတ်စ်ကားကြီးတွေအများကြီးဆွဲခဲ့တယ်။
နောက်ပိုင်း တစ်စတစ်စနဲ့ အချို့လိုင်းတွေ ပျောက်ကုန်ပြီ။ ဘတ်စ်ကားကြီးတွေ မရှိတော့ဘူး။ ဒိုင်နာကားတွေပဲ ဖြစ်သလို စီးနေရတယ်။ အမှန်ဆို ဒီလောက်နှစ်တွေ ကြာနေပြီ။ ပိုပြီးဖွံ့ဖြိုးသင့်နေပါပြီ” ဒဂုံမြို့သစ် အရှေ့ပိုင်း (ရွာသာကြီး) တွင် နေထိုင်သူ တစ်ဦးက ဆိုသည်။
ယင်းသို့သော အခြေအနေများအရ အလျင်အမြန် ဖွံ့ဖြိုးရန် လိုအပ်သည့် ဒဂုံမြို့သစ် လေးမြို့နယ် ပါဝင်သော ပထမဦးစားပေး မြို့သစ်ဖြစ်သည့် ရန်ကုန်အရှေ့ပိုင်း မြို့သစ် ၁၇၃၇၅ ဧကကို ဦးစွာလုပ်ဆောင် ပေးသင့်သော်လည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ကဒုတိယဦးစားပေးဖြစ်သည့် ရန်ကုန်မြို့သစ် (ရန်ကုန်အနောက်တောင်ပိုင်း မြို့သစ်-ကြည့်မြင်တိုင်၊ တွံတေး၊ဆိပ်ကြီးခနောင်တိုမြို့နယ်များပါဝင်) ကို ဦးစွာအကောင်အ ထည်ဖော်ရန်တင်ဒါခေါ်ယူထားသည်။
ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာတွင် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်တွင် တရားဝင်ရုတ်သိမ်းခဲ့ပြီးဖြစ်သောရန်ကုန်မြို့သစ်အားအမြန်ဆုံး အကောင်အထည် ဖော်ပေးရန် ကြည့်မြင်တိုင်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်လွင်က ဇွန်လအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးတွင် ပြန်လည်တင်သွင်း လာခြင်းကြောင့် ဒုတိယ ဦးစားပေးဖြစ်သည့် ရန်ကုန်မြို့သစ် (ရန်ကုန်အနောက် တောင်ပိုင်းမြို့သစ်) ကို ပထမဦးစားပေး အဆင့့်သို့ ပြောင်းလဲလိုက်ခြင်း ဖြစ်သည်ဟု ဆိုသည်။ ထိုသို့ပြောင်းလဲမှုအပေါ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရှိအတိုက်အခံပါတီလွှတ်တော်ကိုယ်စားလှယ်များကကန့်ကွက်ခဲ့ကြသော်လည်းပထမဦးစားပေးဒဂုံမြို့ သစ်လေးမြို့နယ်အားယခင်အစိုးရများကစတင်ဖော်ဆောင် ခဲ့ပြီးယခုအစိုးရလက်ထက်တွင်လည်းဆက်လက်အကောင်အထည်ဖော် လျက်ရှိသော နေရာများဖြစ်ပြီး ဒုတိယဦးစားပေး ရန်ကုန်မြို့သစ်စီမံကိန်းမှာ ရန်ကုန်မြို့နှင့် အနီးဆုံးသော ဒေသဖြစ်ပြီး ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံးဖြစ်နိုင်သော ဒေသဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က လွှတ်တော်တွင် ပြန်လည်ရှင်းလင်းခဲ့သည်။
တကယ်တမ်းဆိုလျှင် ရန်ကုန်မြို့သစ် စီမံကိန်းကြီးသည် ငွေကြေးကို ဘီလျံများစွာချီ၍ လုပ်ကိုင်ရမည့် စီမံကိန်းဖြစ်ပြီး တင်ဒါတင်သွင်းမည့် ကုမ္ပဏီအနေဖြင့် ကျပ်ငါးဘီလျံကို အာမခံအနေဖြင့် တင်သွင်းရမည် ဖြစ်သည်။
ထိုသို့သော ကြီးမားသည့်စီမံကိန်းကြီးကို တစ်ဦးတစ်ယောက်တည်း၊ ကုမ္ပဏီတစ်ခုတည်းထံသို့ အပ်နှံလိုက်မည် ဆိုပါက အဆင်မပြေကြောင်း၊ ပြည်ပမှ ကျွမ်းကျင်သူ မြို့သစ်စီမံကိန်း အတွေ့အကြုံရှိသူများ မပါဝင်ဘဲ တစ်ဦးတစ်ယောက်တည်း အကျိုးစီးပွားအတွက် အချိန်တစ်လကျော် နှစ်လသာ တင်ဒါခေါ်ယူ ခြင်းမှာလည်း မဖြစ်သင့်ကြောင်း ဝေဖန်မှုများ ရှိနေသည်။
သို့ဖြစ်၍ ရန်ကုန်မြို့သစ် စီမံကိန်းအား အစိုးရ၏ ကျန်ရှိသက်တမ်း လအနည်းငယ်အတွင်း မည်သည့် အတွက်ကြောင့်အလျင်စလိုအကောင်အထည် ဖော်လို သနည်းဟု သြဂုတ်လအတွင်းက ပြုလုပ်ခဲ့သည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အထူး အစည်းအဝေးတွင်ဗဟန်းမြို့နယ်မဲဆန္ဒနယ်အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက မေးခွန်းထုတ်ခဲ့ပြီး ၎င်းအနေဖြင့် အဆိုပါ စီမံကိန်းအတွင်း တရားမဝင် ငွေမည်းများစွာ စီးဆင်းနေမည်ကို စိုးရိမ်ကြောင်း ပြောကြားထားသည်။
သို့ဖြစ်ရာ ထိုသို့များစွာ ဝေးကွာလွန်းသည့် အချိန်များစွာယူ၍ လုပ်ဆောင်ရမည့် စီမံကိန်းကြီးကို ခဏထားပြီး လက်ရှိဖွံ့ဖြိုးမှု နောက်ကျသည့် ဒေသများအား အဆင့်မြှင့်တင်ကာ မြို့တိုးချဲ့ခြင်းကိုသာ ပြုလုပ်သင့်သည်ဟုလည်း သုံးသပ်ကြသည်။
“အမှန်ဆို မြို့သစ်စီမံကိန်းတွေ လုပ်မယ်ဆိုရင် အရေးကြီးဆုံးက လုပ်ငန်းသဘာဝကို နားလည်ဖို့လိုတယ်။ အဲဒီအပိုင်းကို နားမလည်ဘဲ၊ မကျွမ်းကျင်ဘဲ မတင်ပြသင့်ဘူး။ ဒါကြောင့် အခုစီမံကိန်း လုပ်နေတဲ့သူတွေကဘယ်လောက်ကျွမ်းကျင်သလဲ မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ အခုဆိုလည်း မဟာရန်ကုန်မြို့ပြစီမံကိန်း ၂၀၄၀ မှာ မြို့ချဲ့ဖို့အတွက် ရန်ကုန်အရှေ့ပိုင်းမြို့သစ်က နံပါတ် ၁ အနေနဲ့ပါတယ်။
ဒါကို ကြည့်မြင်တိုင် လွှတ်တော် ကိုယ်စားလှယ်က တင်လို့ဆိုပြီး နံပါတ် ၂ ဦးစားပေးကို နံပါတ်တစ် လုပ်လိုက်တယ်။ ပြောင်းပြန်တွေ ဖြစ်တာပေါ့” ဟု သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်က သုံးသပ်ပြောကြားသည်။
သို့ဖြစ်ရာ ရန်ကုန်မြို့ကို တိုးချဲ့မည်ဆိုလျှင် ဒဂုံမြို့သစ်လေးမြို့နယ် ပါဝင်သော ရန်ကုန်အရှေ့ပိုင်း မြို့သစ်စီမံကိန်းသည် ဦးစွာအကောင်အထည် ဖော်သင့်သည့် စီမံကိန်းဖြစ်ပြီး ရန်ကုန်မြို့လယ်၏ သိပ်သည်းမွန်းကျပ် မှုများကို ဖြေလျှော့ရန် အဖြစ်နိုင်ဆုံးနေရာ ဖြစ်နေသည်။
Ref : Eleven Media Group
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ