By 7daydaily, Shweproperty.com
Updated at 21 October 2015
လာမည့်နှစ် ၂၀ အတွင်း လူဦးရေ ၁၀သန်းကို ထမ်းဆောင်ရဖွယ်ရှိသည့် စီးပွားရေးမြို့တော်သည် Mega City တစ်ခုအဖြစ် ရောက်ရှိမည်ဖြစ်သည်။ ထို့ကြောင့် ရန်ကုန်ဧရိယာကို မည်ကဲ့သို့ ချဲ့ထွင်ရမည်ကို ကျွမ်းကျင်သူများက အမျိုးမျိုးတွက်ချက်နေကြ သည်။ အလျင်အမြန် ဆုံးကုစားနိုင် ရန် အစိုးရအပါအဝင် မြို့ပြပညာရှင်ကျွမ်းကျင်သူများက နည်းလမ်းအမျိုးမျိုး ရှာဖွေနေကြပြီ ဖြစ်သည်။
နှစ်စဉ်မိုးကာလရေကြီးရေ လျှံမှုများဖြစ်ပေါ်၍ ယာဉ်ကြော ကျပ်တည်းမှုများနှင့် နေထိုင်မှု စရိတ်ကြီးမြင့်လာသည့် စီးပွား ရေးမြို့တော် ရန်ကုန်သည် ရွှေ့ ပြောင်း အခြေချနိုင်နေထိုင်သူ များပြားလာခြင်းကြောင့် မြို့ဧရိယာကို မဖြစ်မနေချဲ့ထွင်ရမည်ဖြစ်ကြောင်း မြို့ပြစီမံကိန်းပညာရှင်များက ထောက်ပြသည်။
လက်ရှိ ၇၉၄ စတုရန်း ကီလိုမီတာ၊ မိုင်အားဖြင့် ၃၀၆ မိုင်ကျော်ကျယ်ဝန်းသည့် ရန်ကုန်သည် ကို လိုနီခေတ်က လူဦးရေ သုံးသောင်းအတွက်သာ ရည်ရွယ်၍ ဆူးလေ စေတီကို ဗဟိုပြုမြို့ပြစီမံကိန်းတစ်ခုအဖြစ် ရေးဆွဲထားခြင်းဖြစ် သည်။
ရွှေ့ပြောင်းအခြေချသူများ ပြားလာခြင်းကြောင့် လွတ်လပ် ရေးရပြီးကာလတွင် မြို့ဧရိယာကို အစိုးရလက်ထက်အဆက်ဆက် မြို့သစ်များဖော်၍ တိုးချဲ့လာခဲ့ ရာ ယနေ့အထိ အဆိုပါမြို့သစ် များ၌ အခြေခံအဆောက်အအုံ ကောင်းများ မပြည့်စုံသေးကြောင်း မြို့ပြစီမံကိန်းရေးရာ ဆောင်းပါးများ ရေးသားနေသူမြင့်မိုရ်ဆွေက သုံးသပ်သည်။
‘‘ထပ်တိုးချဲ့မယ့် မြို့သစ်တွေက စီမံခန့်ခွဲမှု မကောင်းရင် အခု လက်ရှိရွှေပြည်သာတို့၊ လှိုင်သာယာတို့လို အခြေအနေမျိုးတွေ ဖြစ်ကုန်လိမ့်မယ်။ မြို့ကိုမြို့တွေ မဝိုင်းဘဲ မြို့ကို ရွာတွေ ဝိုင်းသလို ဖြစ်သွားလိမ့်မယ်’’ဟု လက်ရှိ ဆောက်လုပ်ရေးဝန်ကြီး ဌာနတွင် အကြံပေးအဖြစ် လုပ်ကိုင်နေသူ မြင့်မိုရ်ဆွေက စိုးရိမ် တကြီး ထောက်ပြသည်။
ရန်ကုန်မြို့ရှိ ဆောက်လုပ် ရေးလုပ်ငန်းရှင်ကြီး အချို့ကမူ ရန်ကုန်ကို ဘေးသို့ တိုးချဲ့ခြင်း ထက် မြို့တွင်းပိုင်း၌ တိုးချဲ့၍ရ သည့် အခြေအနေများ ရှိနေသေး ပြီး အလျင်စလိုမတိုးချဲ့သင့် ကြောင်း အကြံပြုသည်။
‘‘မြို့သစ်ထပ်ချဲ့ရင် တစ်နေ ရာနဲ့ တစ်နေရာအလှမ်းဝေးနေ လိမ့်မယ်။ အပေါ်ကို ဒေါင်လိုက် တက်လို့ရတဲ့ အနေအထားတွေ အများကြီးရှိသေးတယ်။ လူနေ Apartment တွေ ဆောက်လို့ရ တာတွေလည်းရှိတယ်။ အလော တကြီးတော့ မလိုသေးဘူး’’ဟု အောင်သစ္စာမင်း ဆောက်လုပ်ရေး ကုမ္ပဏီမှ မန်နေဂျင်းဒါရိုက် တာ ဦးထူးမြတ်လင်းက ပြော သည်။
နေပြည်တော်သို့ ပြောင်းရွှေ့သွားသော ဝန်ကြီးဌာနများက အ သုံးမပြုဘဲ ပလပ်ထားသည့် လုပ် ငန်းသုံးမြေများ၊ ဂိုဒေါင်များ၊ စက် ရုံများ၊ စစ်တပ်ဧရိယာပိုင်မြေ အချို့မှာ မြို့တွင်းပိုင်း၌များစွာ ကျန်နေသေးကြောင်း ၎င်းကဆို သည်။
မြို့ပြစီမံကိန်းပညာရှင်အ များစုက စနစ်တကျဘေးသို့ ဖြန့် ထွက်ပြီး တိုးချဲ့ခြင်းသာ ပိုမို ကောင်းမွန်သည်ဟု ပြောဆိုကြ ကာ စီးပွားရေးလုပ်ငန်းရှင်အချို့ နှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင် အများစုကမူရှိပြီးသား မြို့ကိုသာ အပေါ်သို့ ဒေါင်လိုက်တိုးချဲ့သင့် သည်ဟု ယူဆနေကြသည်။
‘‘ရန်ကုန်က မဖြစ်မနေတိုး ချဲ့ ဖို့လိုတာ။ မှန်ကန်တဲ့ Plan တွေဖြစ်လာနိုင်ဖို့ အခုတည်းက အစီ အစဉ်တွေ လုပ်နေတယ်။ ဘယ်နေရာကိုတော့ အဆောက်အအုံ ဆောက်တာကို ကန့်သတ်မယ်။ ဘယ်နေရာကိုတော့ အစိမ်းရောင် နယ်မြေ သတ်မှတ်မယ်ဆိုပြီး လုပ်နေတာတွေလည်းရှိတယ်။ Zoning Plan လည်း မကြာခင် ထွက်လာတော့မယ်’’ဟု မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှုဦးစီးဌာနမှ အင်ဂျင်နီယာမှူးကြီး ဒေါ်လှိုင်မော်ဦးက ပြောသည်။
တစ်ဆက်တည်းမှာပင် ရန် ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီကလည်း ဂျပန်အပြည် ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက် ရေးအေဂျင်စီနှင့် ပူးပေါင်းရေးဆွဲ ခဲ့သည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေးမဟာဗျူဟာစီမံကိန်းမှာလည်း ပြီးခဲ့သော တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ပြီးဖြစ်သည်။ အဆိုပါစီမံကိန်းကို အကောင်အထည်ဖော်ရန် ကုမ္ပဏီများရွေးချယ်သည့် နောက်ဆုံးအဆင့်သို့ ရောက်ရှိနေပြီဖြစ် သည်။
ယင်းစီမံကိန်းတွင် ရန်ကုန်ကို တိုးချဲ့ရန် ဦးစားပေးအဆင့် ခုနစ်ဆင့်အထိ သတ်မှတ်ထား သည်။ ယင်းအထဲတွင် ရန်ကုန်အရှေ့မြောက်ပိုင်း မြို့သစ်စီမံ ကိန်း၊ ရန်ကုန်တောင်ပိုင်းမြို့သစ် စီမံကိန်းဟု အပိုင်းနှစ်ပိုင်း ခွဲခြားကာ စီမံကိန်းများထဲတွင် ထန်းတပင်၊ တွံတေး၊ ဒလ၊ မှော်ဘီ၊ လှည်းကူး၊ သန်လျင်အစရှိသည့်မြို့များပါဝင်လာပြီး ဧရိယာကို အသီးသီးချဲ့ထွင်ကြမည်ဖြစ်သည်။
အဆိုပါမြို့သစ်များအားလုံး ရှိ စုစုပေါင်း မြေဧက တစ်သိန်း ကျော်ကို ချဲ့ထွင်ရန် မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေးမဟာဗျူဟာစီမံ ကိန်း ၂၀၄၀ တွင် ဖော်ပြထား သည်။
‘‘အားလုံးကောင်းဖို့ လုပ်ရ တာပဲ။ အခုမြို့သစ်စီမံကိန်းအ တွက် တင်ဒါခေါ်ထားတဲ့ ကုမ္ပဏီ တွေကိုတောင် အချိန်ယူပြီး သေ ချာစစ်ဆေးရမှာတော်တော်လေး ကြာဦးမယ်။ ရန်ကုန်က တိုးချဲ့ဖို့ တကယ်လိုနေပြီလေ’’ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သစ် တောနှင့် စွမ်းအင်ဝန်ကြီး မြို့သစ် စီမံကိန်းတင်ဒါစိစစ်ရွေးချယ်ရေး အဖွဲ့ဝင် ဦးကျော်စိုးကပြောသည်။
ရန်ကုန်သည် အနာဂတ်တွင် မီဂါစီးတီးမြို့တော်ကြီးတစ်ခုအ ဖြစ် ရောက်ရှိတော့မည်ဖြစ်သော ကြောင့် လူဦးရေတိုးပွားနှုန်းပေါ် မူတည်၍ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုး မှု စီမံကိန်းကိုသုံးနှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့ခြင်းဖြစ်ကြောင်းရန်ကုန်မြို့ တော်စည်ပင်သာယာ ရေးကော်မတီ၊ မြို့ပြနှင့် မြေယာ စီမံခန့်ခွဲမှုဌာနမှ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။
သို့သော်မဟာဗျူဟာများ အ ရ ဆက်တိုက်အကောင်အထည် ဖော်မည်ဆိုပါက အစိုးရတွင် ဘဏ္ဍာရေးအခက်အခဲအချို့ရှိနိုင် ကြောင်း ဦးတိုးအောင်က ဆို သည်။
‘‘မြို့သစ်တွေ ချဲ့တဲ့အခါ မြေအသုံးချမှုနဲ့ ပတ်သက်ပြီး ၁၉၉၀ ထဲက လန ၃၉ ရပြီးသားမြေတွေ အများကြီး မြို့စွန်မှာရှိတယ်။ စီမံ ကိန်းတစ်ခုချင်းစီမှာ ပရောဂျက် တွေ များလွန်းလို့ တကယ်လုပ်နိုင် ဖို့ပဲ လိုမယ်။ လိုအပ်ရင် နိုင်ငံ တကာ အကူအညီတွေလည်း အ များကြီးယူသင့်ရင် ယူရမှာပေါ့’’ ဟု ဦးတိုးအောင်က ဆိုသည်။
မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းသည် ကာလလတ်၊ ကာ လရှည်စီမံကိန်းများဟူ၍ ခွဲခြား သတ်မှတ်ထားကာ ၂၀၄၀ ပြည့်နှစ်အထိ ရေရှည်ဆွဲထားသည့် စီမံကိန်းဖြစ်ခြင်းကြောင့် တက်လာသော အစိုးရအဆင့်ဆင့်က ဆက်လက် အကောင်အထည်ဖော်သွားရမည့် စီမံကိန်းကြီးတစ်ခုဖြစ် သည်။
မြို့တွင်းပိုင်းသည် ဆူးလေ ဗဟိုပြုချဉ်းကပ်မှုစနစ်ဖြင့် ပြုလုပ် ထားသောကြောင့် မြို့နေလူဦးရေ အများစုက ယင်းနေရာတွင် စုပြုံ တိုးဝှေ့နေကြခြင်းကို အဓိက ဖြေ ရှင်းရမည်ဖြစ်ပြီး ယခုရေးဆွဲထား သည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှု စီမံကိန်းမှာ ဘေးသို့ ဖြန့်ထုတ် သည့်စနစ် ဖြစ်သောကြောင့် ကောင်းမွန်ပြီး အခြေခံအဆောက် အအုံကောင်းများ ဖြည့်ဆည်းပေး ရန်လိုအပ်သည်ဟု မြို့ပြစီမံကိန်း ပညာရှင် ဒေါက်တာကျော်လတ် ကပြောသည်။
‘‘အဓိကကတော့ တစ်နေရာ ထဲမှာ စုပြုံမနေဘဲ အားလုံးကို ဖြန့်ထုတ်တဲ့စနစ် လုပ်ကိုလုပ်ရမှာ’’ဟု ၎င်းကဆိုသည်။
သို့သော် ရန်ကုန်မြို့မှ လူအ များစုသည် လူနေမှုအဆင့်လွန်စွာ နိမ့်ပါးမှုတွင် နေထိုင်နေရပြီး စနစ်ကျသည့် အခြေခံအဆောက် အအုံများ အဆင့်မြှင့်တင်ရန် နောက်ပင်ကျနေပြီဖြစ်ကြောင်း ဒေါက်တာ ကျော်လတ်က ပြော သည်။
မြို့ဧရိယာတိုးချဲ့ရာတွင် အဆင့် သုံးဆင့်ရှိပြီး ပထမအဆင့် အနေဖြင့် လက်ရှိလုံးချင်းအိမ် များ၊ အထပ်မြင့်များတိုးချဲ့ခြင်း ဖြင့် အခန်းအရေအတွက်ယူနစ် များပြားလာနိုင်ခြင်း၊ ဒုတိယအ ဆင့်အနေဖြင့် မြို့ကိုထပ်ချဲ့ခြင်း၊ တတိယအဆင့်အနေဖြင့် ရေခြား မြေခြားရှိရာ ဒေသအသစ်သို့ တံတားအသစ်၊ လမ်းအသစ်များ ဖောက်လုပ်၍ မြို့ကိုထပ်မံချဲ့ခြင်း များ ပြုလုပ်သင့်ကြောင်း မြန်မာနိုင်ငံ ဗိသုကာပညာရှင်များအသင်းနာယက ဦးအောင်မြင့်က ရှင်းပြသည်။
လက်ရှိတွင် ရွေးကောက်ပွဲ နီးကပ်လာပြီဖြစ်သောကြောင့် မြို့ပြစီမံကိန်းအဖြစ် ဖော်ထုတ်ရန် လျာထားသည့် ဒေသရှိ ဒေသခံများက နောင်အစိုးရလက်ထက်တွင် အဆိုပါစီမံကိန်းများ ပြန်လည်ဆိုင်းငံ့သွားမည်ကို စိုးရိမ်နေကြသည်ဟု ကြည့်မြင်တိုင် တစ်ဖက်ကမ်းကျေးရွာမှ ရပ်ကွက်ထောက်ကူပြုအဖွဲ့ဝင် ဦးတင်မြင့်က ပြောသည်။
‘‘ကျွန်တော်တို့ ဒေသစီမံကိန်းကို နောင်အစိုးရလက် ထက်မှာ ဆက်မလုပ်တော့ဘဲ အ စီအစဉ် တစ်ခုခုပြောင်းသွားမှာ ကို စိုးရိမ်နေကြတဲ့ ရွာသားတွေ အများကြီးပဲ’’ဟု ၎င်းက ဆိုသည်။
ဆေးရုံ၊ စာသင်ကျောင်းနှင့် အခြေခံအဆောက်အအုံကောင်း များ မပြည့်စုံခြင်း၊ နွေကာလတွင် ရေရှားပါးသည့် ဒဏ်ကို နှစ်စဉ်ခံ နေရသော ရန်ကုန်တစ်ဖက်ကမ်း ဒေသခံများကမူ မြို့သစ်စီမံကိန်း များ အလျင်အမြန်ပေါ်ပေါက်လာ ရန် လိုလားလျက်ရှိသည်။
‘‘ရန်ကုန်ကို ဒီဘက်ကမ်းက နေ မီးရောင်စုံတွေ မြင်နေရ တယ်။ ကျွန်တော်တို့ ဒီဘက်မှာတော့ ရန်ကုန်နဲ့နီးပြီး လျှပ်စစ်မီးမရသေးတဲ့ ရွာတွေ အများကြီးပဲ’’ ဟု ကြည့်မြင်တိုင်တစ် ဖက်ကမ်း တမာတကောရွာမှ လယ်ယာမြေ ဧက ၂၀ ခန့်ပိုင်ဆိုင်သူ ဦးချန်ဟုတ်က ဒေသဖွံ့ဖြိုးမှု နိမ့်ကျပုံကို ပြောပြသည်။
လက်ရှိရန်ကုန်မြို့၏ အခြေ အနေသည့် လွန်ခဲ့သည့် နှစ်ပေါင်း၅၀ က စင်ကာပူနှင့် ဆင်တူပြီး အခြေခံအဆောက်အအုံကောင်းများစွာ လိုအပ်နေကာ မြို့သစ်စီမံကိန်းများ တိုးချဲ့ခြင်းထက် မြို့တွင်းပိုင်းရှိ အခြေခံအဆောက်အ အုံများကိုသာ ဦးစားပေးအနေဖြင့် အဆင့်မြှင့်တင်သင့်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနအား အကြံပေးနေသည့် စင်ကာပူနိုင်ငံ Surbma ကုမ္ပဏီမှ အမှုဆောင် အရာရှိက ပြောသည်။
‘‘ရန်ကုန်က ရှေ့မှာ စီမံခန့်ခွဲ မှု မှားခဲ့တဲ့ ကမ္ဘာ့မြို့ကြီးတွေကို သင်ခန်းစာယူလို့ရတယ်။ အမှား နည်းအောင် ရှောင်လို့ရသေး တယ်။ တကယ်လုပ်မယ်ဆိုရင် ပေါ့’’ဟု ၎င်းက ဆိုသည်။
Ref : 7daydaily
Photo Credit : 7daydaily
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ