By Myanmar Times, Shweproperty.com
Updated at 10 December 2017
အဆောက်အအုံတွေဆောက်တဲ့အခါ ဗိသုကာပညာပါဖို့ ဘာကြောင့်အရေးပါပါသလဲ။
ဗိသုကာပါတဲ့ အဆောက်အအုံဆိုတာ အဆောက်အအုံတစ်ခုကို မဆောက်ခင်မှာ အဘက်ဘက်က စဉ်းစားပုံစံထုတ်ပြီးမှ ဆောက်တာဖြစ်ပြီး ရိုးရိုးအဆောက်အအုံကတော့ ကန်ထရိုက်ပဲဖြစ်ဖြစ်၊ အိမ်ပိုင်ရှင်ပဲဖြစ်ဖြစ် ဘယ်သူပဲဖြစ်ဖြစ် ဆောက်လို့ရတယ်။
ဗိသုကာပုံထုတ်ထားတဲ့ အဆောက်အအုံတစ်ခုကိုရေးဆွဲတဲ့အခါ နံပါတ်တစ် လုံခြုံစိတ်ချမှုကို အဓိကဦးစားပေးစဉ်းစားတယ်။ အန္တရာယ်ဆိုတာ တစ်ယောက်ယောက်က လာပြီးအန္တရာယ်ပေးမှ မဟုတ်ဘူး။ အန္တရာယ်မဖြစ်နိုင်ဘူးလို့ ယုံကြည်စိတ်ချရမှသာ လုံခြုံစိတ်ချမှု အပြည့်အဝရှိတယ်လို့ ဆိုနိုင်မယ်။ နံပါတ်နှစ်အချက်ကတော့ အသုံးပြုသူတွေ လွယ်ကူချောမွေ့စေဖို့အတွက် စဉ်းစားပြီးတော့ နံပါတ်သုံးအချက်ကတော့ အသုံးပြုတဲ့သူတွေ စိတ်အနှောင့်အယှက်မဖြစ်ဘဲ ပိုပြီးသက်သောင့်သက်သာ ဖြစ်စေဖို့ စဉ်းစားပါတယ်။ နောက်ဆုံးအနေနဲ့ အမြင်တင့်တယ်လှပမှု စတာတွေကို အသေးစိတ်စဉ်းစား တွက်ချက်ရပါတယ်။
ဗိသုကာပညာဆိုတာဟာ လူတွေအတွက် ပညာရပ်တစ်ခုအနေနဲ့ အရေးကြီးတယ်။ အများနဲ့ဆိုင်တဲ့ အဆောက်အအုံတွေမှာ လိုင်စင်ရထားတဲ့ ဗိသုကာပညာရှင်တွေရဲ့ အသိအမှတ်ပြု ဗိသုကာပညာတွေပါဝင်ဖို့ လိုအပ်တယ်။ ဘာကြောင့် လိုင်စင်ရဗိသုကာတွေရဲ့ အသိအမှတ်ပြုမှုတွေလိုလဲဆိုတော့ အများနဲ့သက်ဆိုင်တဲ့ အရေးကြီးတဲ့အရာတွေဖြစ်တဲ့အတွက် လိုအပ်တာဖြစ်ပါတယ်။
ဒီအလုပ်ဟာ ဆရာဝန်တွေ၊ ရှေ့နေတွေလိုပဲ အများပြည်သူနဲ့ သက်ဆိုင်တဲ့ အရေးကြီးတဲ့ လုပ်ငန်းတွေကို လုပ်နေရတာဖြစ်တဲ့အတွက် သက်ဆိုင်ရာက အသိအမှတ်ပြုတဲ့လိုင်စင်တွေ လိုအပ်ပါတယ်။ လူတွေရဲ့ သွားလာနေထိုင်မှု လုံခြုံအဆင်ပြေစေဖို့အတွက် ဗိသုကာပညာဟာ အရေးကြီးပါတယ်။
ကျွန်တော်တို့ ဗိသုကာပညာရဲ့ အဓိကရည်ရွယ်ချက်ကတော့ လူတွေအတွက် အသေးစိတ်စဉ်းစားပေးတာပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ တည်ဆောက်တဲ့အခါ ဆယ်စုနှစ် နှစ်စုကြာလောက် ဗိသုကာပညာတွေကို ထည့်သွင်းစဉ်းစားမှု အလွန်အားနည်းခဲ့ကြတဲ့အတွက် အခု ဘယ်လိုအကျိုးဆက်တွေ ခံစားနေရလဲ။
ဆယ်စုနှစ် နှစ်စုကြာလောက် City Plan တွေ၊ Town Plan တွေ စနစ်တကျမရှိဘဲ ဗိသုကာပညာတွေကို အရေးပါတဲ့ ပညာရပ်တစ်ခုအဖြစ် ထည့်သွင်း မစဉ်းစားခဲ့ကြတော့ မြန်မာနိုင်ငံမှာ ပုဂံတို့၊ မန္တလေးတို့လို တခြားမြို့တွေမှာလည်း ကြည့်လိုက်တာနဲ့ ရင်သပ်ရှုမောရလောက်တဲ့ ဗိသုကာပညာတွေ အများကြီးရှိပါတယ်။ ဒီဘက်ခေတ်မှာ ပေါ်လွင်ခြင်း မရှိခဲ့ဘူး။
ဘာကြောင့်လဲဆိုတော့ နိုင်ငံရေးမတည်ငြိမ်တဲ့အခါ စီးပွားရေးကလည်း မတည်ငြိမ်ဘူး။ အဲဒီအခါ လူတွေက စီးပွားရေးမပြေလည်တော့၊ လူမှုရေးပြဿနာတွေများတော့ ဒီအနုပညာတွေကို ခံစားနိုင်စွမ်း သူတို့မှာမရှိတော့ဘူး။ အနုပညာ ခံစားနိုင်စွမ်းတွေ အလိုလိုကျလာတယ်။
ရန်ကုန်မြို့မှာ အခုထိတွေ့နေရတဲ့ အဓိကပြဿနာက အဆောက်အအုံတွေက အရမ်းကျပ်တော့ မြို့ကြီးကအရမ်းမွန်းကျပ်နေတယ်။ အထပ်အမြင့်ကြီးတွေရှိနေပေမဲ့ အရေးပေါ်လှေကားကအစ ရေ၊ မီးပြဿနာအဆုံး လူတွေက စိတ်ပူနေရတယ်။ အဆောက်အအုံရဲ့ အပြင်ပန်းကို ကြည့်လိုက်ကတည်းက လုံခြုံစိတ်ချမှုမရှိရင် အဲဒီလူတွေ ဘယ်လိုနေကြမလဲ။ သူတို့ကို ဘယ်လိုလုပ်ပြီး လုံခြုံမှုပေးနိုင်မလဲ။ အခုလူတွေက အဲဒီအခက်အခဲကို ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။
နှစ် ၂ဝ ကျော်ကာလရဲ့ ရိုက်ခတ်မှုဒဏ်ကြောင့် ဒီခေတ်က လူတွေ လူနေမှုအခက်အခဲ ကျပ်တည်းနေတာကို ရင်ဆိုင်နေရတယ်။ အဓိကကတော့ လူတွေက ပိုက်ဆံအမြင် တစ်ခုတည်းကိုပဲကြည့်ပြီး လုပ်ခဲ့တဲ့အတွက်ကြောင့် ဒီလိုအခက်အခဲတွေ ဖြစ်နေကြတာဖြစ်ပါတယ်။
အရင်အင်္ဂလိပ်လက်ထက်က City Plan ကို သေချာဆွဲပြီး တည်ဆောက်ထားခဲ့ပေမဲ့ သူတို့ထားခဲ့တဲ့ အများပြည်သူနဲ့သက်ဆိုင်တဲ့နေရာတွေကို မြေတွေဖို့ပြီး ဗိသုကာပညာမပါတဲ့ အထပ်မြင့်အဆောက်အအုံတွေဆောက်လိုက်တော့ လူမှုရေး၊ ကျန်းမာရေး စတာတွေလည်း ခက်ခဲသွားရတာပေါ့။
အဲဒီအဆောက်အအုံတွေဆောက်လို့ ပိုက်ဆံရပေမဲ့ အဆောက်အအုံနဲ့လိုက်ဖက်တဲ့ ရေ၊ မီးစနစ်တွေက တကယ်တမ်းမလိုက်နိုင်ဘူး။ ဒီတော့ လူတွေက နေရပိုကျပ်တည်းလာကြတာပေါ့။
ဗိသုကာပညာတွေကို အလေးမထားဘဲ ဆက်ပြီးဆောက်လုပ်နေထိုင်သွားကြမယ်ဆိုရင် ဘာတွေဖြစ်လာနိုင်မလဲ။
အဆောက်အအုံတစ်ခု ဆောက်လိုက်တာနဲ့ ပြီးသွားတာမဟုတ်ဘူး။ ရေစနစ်ဆိုရင် မြေအောက်ရေက ဘယ်လောက် အရေအတွက်ကို ဘယ်ပမာဏအထိ သုံးလို့ရမလဲ။ မိလလာစနစ်တွေကို ဘယ်လိုစနစ်တကျ လုပ်ဆောင်မလဲဆိုတာတွေက အရမ်းအရေးကြီးပါတယ်။ ဒါတွေကို အလေးမထားဘဲ အရင်အတိုင်းပဲ ပိုက်ဆံရရင်ပြီးရော ဆက်လုပ်နေမယ်ဆိုရင်တော့ အခုခေတ်လူတွေခံစားနေရတာတွေထက် နောက်လည်း ပိုပြီးတော့ ခံစားရဦးမှာပါပဲ။
မြေအောက်ရေတွေကို တူးချင်သလိုတူး၊ သုံးချင်သလိုသုံးနေကြတော့ ကြာလာရင် ဘယ်လိုဖြစ်လာမလဲ၊ ဘယ်အချိန်မှာ မြေတွေပြိုမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူး။
ဒါပေမဲ့ အရင်စနစ်တွေကို အခုချိန်ထိ မပြင်နိုင်သေးဘူး။ ဒီတော့ ရှေ့ဆက်ပြီးတော့လည်း ခံနေရဦးမှာပဲ။ ဒါတွေကို မြန်မြန်ပြင်နိုင်မှာ နောက်ဆက်တွဲဆိုးကျိုးတွေကို ခံစားရသက်သာမယ်။
အဆောက်အအုံတွေကို ဆောက်တဲ့အခါမှာ ဒီဇိုင်းသက်သက်ပဲ မဟုတ်ဘူး။ မြို့နေလူဦးရေထက်ပိုများတဲ့အဆောက်အအုံတွေ၊ တကယ်နေမယ့်သူတွေ မတတ်နိုင်တဲ့ အဆောက်အအုံတွေကို မဆောက်လုပ်သင့်ဘူး။ အဆောက်အအုံတွေ ဆောက်လုပ်တယ်ဆိုတာ တကယ်နေတဲ့သူတွေအတွက်ပဲ ဖြစ်ရမယ်။ သိန်းထောင်ချီ နေတဲ့အဆောက်အအုံတွေဟာ တကယ် နေထိုင်စရာလိုအပ်နေတဲ့သူတွေ ဝယ်နိုင်တဲ့အနေအထား မဟုတ်ဘူး။ ဒါတွေဟာလည်း လူတွေအတွက် ခက်ခဲကျပ်တည်းမှုတွေကို ဖြစ်စေတယ်။
ဗိသုကာပညာဟာ အရေးကြီးတယ်ဆိုတဲ့အကြောင်း လူတွေ ကျယ်ကျယ်ပြန့်ပြန့်သိလာဖို့ ဘာကြောင့်လိုအပ်လဲ။
ခုခေတ်မှာ ရန်ကုန်မှာပဲဆိုပါစို့။ ကိုယ့်အိမ်ကိုယ်ဆောက်နိုင်တဲ့အရေအတွက်က တော်တော်နည်းသွားပြီ။အများစုက ကန်ထရိုက်တွေပဲ ဆောက်နေကြတာများတယ်။ ဒါကြောင့် သူတို့တွေက ဗိသုကာရဲ့ အရေးပါတယ်ဆိုတဲ့ အသိတွေ များများရှိနေဖို့ လိုအပ်တယ်။ ပြည်သူတွေလည်း သိဖို့လိုအပ်တယ်။ ဒါမှသာ ငွေရတိုင်း လွယ်လွယ်ရောင်းတာဝယ်တာတွေ မလုပ်ကြတော့မှာ ဖြစ်တယ်။
စီမံကိန်းအကြီးကြီးတွေ၊ ပြည်သူနဲ့ဆိုင်တဲ့ အဆောက်အအုံတွေကို ပိုက်ဆံရှိတဲ့သူတွေနဲ့ အစိုးရက ဆောက်တာများတယ်။ သူတို့တွေက အခုနောက်ပိုင်းတော့ ဗိသုကာစနစ်ရဲ့အရေးပါမှုတွေကို သိလာပြီး အရေးပေးလုပ်လာကြတယ်။ အရင်တုန်းက ကန်ထရိုက်တွေ ခေတ်စားနေတုန်းက အပြိုင်အဆိုင်ဆောက်ကြပေမဲ့ ဗိသုကာအပိုင်းကို ထည့်မတွက်ခဲ့ကြဘူး။
အများနဲ့ဆိုင်တဲ့ အဆောက်အအုံတွေက ဗိသုကာပညာရှင်တွေနဲ့ ဆောက်ကိုဆောက်ရမယ်။ ထင်သလို ဆောက်လို့မရဘူး။ မြန်မာနိုင်ငံရဲ့ ကန်ထရိုက်လောကမှာ လွဲနေတဲ့အရာတစ်ခုရှိတယ်။ ဒီဇိုင်းကို အရင်မဆွဲဘဲ ကုန်ကျငွေကို အရင်တွက်ပြီး တင်လိုက်တယ်။ ပိုက်ဆံကျလာမှ အဲဒီငွေနဲ့ မရရအောင် ဆောက်ကြတယ်။ ဒီတော့ အဆောက်အအုံရဲ့ အရည်အသွေးဟာ မပြည့်မီတော့ဘူး။ အမှန်တကယ်က ဒီဇိုင်းကိုအရင်ဆွဲပြီးမှ သုံးမယ့်ပစ္စည်းနဲ့ အရည်အသွေးကို အဓိကစဉ်းစားတွက်ချက်ပြီး ကုန်ကျစရိတ်ကို တင်သင့်တယ်။ ဒါမှ အဆောက်အအုံတွေက အရည်အသွေးပြည့်မီပြီး လုံခြုံစိတ်ချမှုရှိမှာဖြစ်ပါတယ်။
ဗိသုကာကို အလေးထားတဲ့ အသိုင်းအဝိုင်းဖြစ်ဖို့အတွက် ဘာတွေလိုအပ်လဲ၊ ဗိသုကာပညာကို အလေးထားလာရင် ဘာအကျိုးကျေးဇူးတွေ ရလာမလဲ။
အဓိကကတော့ အဆောက်အအုံတွေ ဆောက်လုပ်တဲ့အခါ၊ မြို့ပြစီမံကိန်းတွေကို ဖော်ဆောင်တဲ့အခါမှာ လူတွေကို အကာအကွယ်ပေးဖို့အတွက် ဥပဒေတွေ ထုတ်ပြန်ထားတာရှိပါတယ်။ ဒါတွေကို လေးလေးစားစား လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဥပဒေတွေဟာ လူအများကို ခက်ခဲစေဖို့ ထုတ်ထားတာမဟုတ်ပါဘူး။ ရေရှည်မှာ လူအများအတွက် အဆင်ပြေလွယ်ကူစေဖို့ ရည်ရွယ်ပြီးရေးဆွဲထားတာပဲဖြစ်ပါတယ်။
အစားအသောက်တွေ၊ ဆေးဝါးတွေနဲ့ ပတ်သက်ပြီးဆရာဝန်တွေက စည်းကမ်းသတ်မှတ်ချက်တွေ ထုတ်သလိုပဲ ကျွန်တော်တို့မှာလည်း စည်းကမ်းသတ်မှတ်ချက်တွေရှိပါတယ်။ ဒီစည်းကမ်းချက်တွေကို လုပ်ဆောင်ရတာဟာ အနည်းငယ် ခက်ခဲကောင်းခက်ခဲနေပေမဲ့ ဒါဟာ လူအများအတွက် အကျိုးရှိစေဖို့၊ ကာကွယ်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် လေးစားလိုက်နာဖို့ လိုပါတယ်။
ဗိသုကာကို အလေးထားတဲ့ အသိုင်းအဝိုင်းဖြစ်လာဖို့ဆိုရင် လွယ်လွယ်ပြောရရင် နားလည်မှုရှိဖို့ လိုအပ်တယ် လို့ပဲ ပြောချင်ပါတယ်။ ပြီးတော့ အလုပ်လုပ်တဲ့အခါ လူအများအပေါ် စေတနာမှာ ပညာဉာဏ်ပေါင်းစပ်ပြီး လုပ်ဆောင်ကြဖို့ လိုပါတယ်။
နိုင်ငံရဲ့ကဏ္ဍပေါင်းစုံက ချွတ်ခြုံကျတဲ့ အခြေအနေတစ်ခုကို အတူတူဖြတ်သန်းလာရတော့ ကျွန်တော်တို့ ဗိသုကာပညာရပ်ဟာလည်း အားနည်းနေတာပေါ့။ အရည်အသွေးတွေလည်း ကျခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်မှာ ပြန်မြှင့်တင်ဖို့ ကြိုးစားကြရမယ်။ တိုင်းပြည်မှာ စီးပွားရေးမကောင်းတော့ နိုင်ငံခြားသွားပြီး အလုပ်လုပ်ကြတဲ့ ဗိသုကာပညာရှင်တွေ အများကြီးရှိတယ်။ အခုနိုင်ငံတိုးတက်လာတော့ သူတို့တွေ ပြန်လာကြတယ်။ သူတို့ဆီက အတတ်ပညာတွေနဲ့လည်း ဒီထက်ပိုပြီးတိုးတက်အောင် လုပ်ကြရမယ်။ ဒါကတော့ အဆိုးထဲက အကောင်းတစ်ခုပေါ့။ ပြီးတော့ ကျွန်တော်တို့နဲ့ ပူးပေါင်းလုပ်ဆောင်ချင်တဲ့ နိုင်ငံခြားက ပညာရှင်တွေလည်း အများကြီးရှိနေပြီဆိုတော့ ဒီအခွင့်အရေးကို အသုံးချပြီး တိုးတက်အောင် လုပ်ဆောင်ရမယ်။ တိုးတက်လာမယ်လို့လည်း မျှော်လင့်ရတာပေါ့။
Ref & Photo Credit : The Myanmar Times
Posted By : Ra Wai Htun (shweproperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ