By Myanmar Builders Guide, Shweproperty.com
Updated at 25 March 2019
အိမ်၊ခြံ၊ မြေဈေးကျသော်လည်း ရန်ကုန်တိုင်းရှိ စက်မှုဇုန် မြေကွက်ဈေး သိသာစွာကျဆင်းမှုမရှိကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က ပြောသည်။
စက်ရုံလုပ်ငန်းများ အဓိက လိုအပ်သော လျှပ်စစ်မီးနှင့် အခြားလိုအပ်သော ဝန်ဆောင်မှုများကို စက်မှုဇုန်များတွင်သာ ရရှိနိုင်ခြင်း အခွင့်အရေးက ငှားရမ်းခနှင့် မြေကွက်ဈေးကို သိသာစွာ ပြောင်းလဲခြင်းမရှိဟု ၎င်းတို့ကဆို သည်။ စက်မှုဇုန်မြေများ ရောင်းဝယ်ရာတွင် ပြင်ပအိမ်မြေဈေးကဲ့သို့ ဈေးလျှော့ရောင်းရသည့် အခြေအနေ မဟုတ်ဘဲ ညှိနှိုင်းဈေးဖြင့် အရောင်းအဝယ်ပြုလုပ်နေသည်ဟု ရွှေလင်ဗန်းစက်မှုဇုန်စီမံခန့်ခွဲမှုကော်မတီအတွင်းရေးမှူး ဦးနေလင်းဇင်က ပြောသည်။‘‘စက်မှုဇုန်တွေက အကန့် အသတ်ဖြစ်နေတာကိုး’’ဟု ဦးနေလင်းဇင်က ၎င်း၏အမြင်ကို ပြောသည်။
ရန်ကုန်တိုင်းတွင် အကောင်အထည်ဖော်ပြီးသော စက်မှုဇုန် ၂၉ ဇုန်ရှိပြီး စက်မှုဇုန်များ၌ လုပ်ငန်းမလုပ်သည့် မြေကွက်များရှိသော်လည်း ဈေးနှုန်းကိုစောင့်ရောင်းချသူများရှိခြင်းကြောင့် စက်မှုဇုန်မြေဈေးကျဆင်းရေး အခက်အခဲဖြစ်နေသည်ဟု လှိုင်သာယာစက်မှုဇုန်မှ ထုတ်ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောသည်။
ရန်ကုန်မြို့ပြင် မြို့နယ်များတွင် စက်မှုဇုန်သစ်များ အကောင်အထည်ဖော်မည့် ဝန်ကြီးချုပ်၏ အစီအစဉ်ကလည်း ယနေ့အထိ မစတင်သေးခြင်းကြောင့် စက်မှုဇုန်မြေဈေးကျဆင်းရေးနှေးကွေးစေသည်ဟု အထက်ပါပုဂ္ဂိုလ်က ပြောသည်။
လျှပ်စစ်မီး လွယ်ကူစွာမရနိုင်ခြင်းနှင့် ကုန်တင်ယာဉ်ကြီးများ ဝင်ထွက်သွားလာခွင့် ကန့်သတ်ချက်ရှိသော ရန်ကုန်မြို့အတွက် လက်ရှိစက်မှုဇုန်ဟောင်းများတွင် မြေဝယ်ယူရင်းနှီးမြှုပ်နှံထားသူများ၊ ဈေးနှုန်းထိန်းထားရန် အခွင့်အလမ်း ဖြစ်နေသည်။ ထို့ ကြောင့် ဝန်ကြီးချုပ်၏ စက်မှုဇုန် အသစ်စီမံကိန်းများကို ပြည်တွင်း ထုတ်ကုန်လုပ်ငန်းရှင် အချို့က မျှော်လင့်နေသည်။
တိုင်းအစိုးရ အနေဖြင့် အကောင်အထည်ဖော်မည့် စက်မှု ဇုန်အသစ် ၁၁ ခုအတွက် လက်ရှိအချိန်တွင် လှည်းကူးနှင့် ထန်းတပင်၌ စက်မှုဇုန် နှစ်ခုကိုစတင်ရန် ကြိုးပမ်းနေသည်။ စက်မှုဇုန်အသစ်များ ထပ်မံအကောင်အထည်ဖော်နိုင်ပါက လက်ရှိစက် မှုဇုန်ဟောင်းများ၏ မြေဈေးကျ ဆင်းနိုင်သော်လည်း အချိန်တစ်ခု စောင့်ဆိုင်းရဦးမည်ဟု အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောသည်။
လက်ရှိတွင် ရန်ကုန်တိုင်းအတွင်း စက်မှုဇုန်မြေဈေးသည် နေရာဒေသအလိုက် တစ်ဧက ကျပ်သိန်း ၃,၀၀၀ မှ ၅,၀၀၀ ကြားဈေးရှိသည်။ မြေဖို့ခြင်း၊ ခြံခတ်ခြင်းများ ပြုလုပ်ထားသည့် နှစ်ဧကဝန်းကျင် မြေကွက်များသည် ကျပ်သိန်းတစ်သောင်းကျော်ရှိကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့က ပြောသည်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ