By The Kumudra Journal, Shweproperty.com
Updated at 8 November 2016
မကြာခင်ရောင်းချမယ့် တန်ဖိုးနည်းအိမ်ရာဝယ်ချင်သူတွေ လျှောက်ထားခွင့်မှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းချက်တွေ ပြည့်မီသူဖြစ်ဖို့ လိုအပ်တယ်လို့မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက သိရပါတယ်။ "အခုရောင်းသွားမယ့် တန်ဖိုးနည်းအိမ်ရာကို သတ်မှတ်ထားတဲ့ အရည်အချင်းပြည့်မီသူတွေကို ရောင်းချမယ်၊ အဓိက ကတော့ငွေကြေး မတတ်နိုင်သူတွေ၊ အိမ်ပိုင်ဆိုင်ဖို့ ရည်ရွယ်ထားတာ၊ ဆောက်လုပ်ရေးဘဏ်မှာ စုဆောင်းငွေထည့်ထားတဲ့သူတွေကို ဦးစားပေး ရောင်းချ သွားမှာ" လို့မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။ ဝယ်ယူခွင့်လျှောက်ထားတဲ့အခါ လိုအပ်တဲ့စည်းကမ်း ချက်တွေကတော့ လျှောက်ထားသူ ကပြည်ထောင်စုမြန်မာနိုင်ငံသား ဖြစ်ရပါမယ်။ မှတ်ပုံတင်ပူးတွဲတင်ပြရမှာ ဖြစ်ပြီး အသက် (၁၈) နှစ် ပြည့်ထားတဲ့ အိမ်ထောင်ဦးစီးဖြစ်ရပါမယ်။ အစိုးရဝန်ထမ်းက လျှောက်ထားမယ်ဆိုရင် လုပ်သက်ငါးနှစ်ရှိရပါမယ်။ လျှောက်ထားသူ အိမ်ထောင်ဦးစီးက အိမ်မပိုင်ဆိုင်သူ ဖြစ်ရပါမယ်။
လျှောက်ထားတဲ့သူက သက်ဆိုင်ရာပြည်နယ်နှင့် တိုင်းဒေသကြီးအတွင်းရှိ တိုက်ခန်းတစ်ခန်းကိုပဲ လျှောက်ထားခွင့်ရှိပြီး အိမ်ပိုင်ခြင်းမရှိကြောင်း သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးရဲ့ လက်မှတ်နဲ့ထောက်ခံချက်လိုအပ်ပါတယ်။ တန်ဖိုးနည်းအိမ်ရာတွေကို ဝင်ငွေနည်းပြည်သူတွေ၊ နိုုင်ငံ့ဝန်ထမ်း၊ ပင်စင်စားနဲ့ ကုမ္ပဏီဝန်ထမ်းတွေကို ဦးစားပေးရောင်းချသွားမှာ ဖြစ်လို့နိုင်ငံ့ဝန်ထမ်းတွေက ဝန်ထမ်းဖြစ်ကြောင်း၊ သက်ဆိုင်ရာ အကြီးအကဲ ရဲ့ထောက်ခံချက်နဲ့ ဝန်ထမ်းကတ်မိတ္တူ ပူးတွဲတင်ပြရပါမယ်။ ပင်စင်စားတွေကတော့ ပင်စင်စာအုပ်မိတ္တူ၊ သန်းခေါင်စာရင်း မိတ္တူလိုအပ်ပါတယ်။ ကုမ္ပဏီဝန်ထမ်းတွေ ကတော့ သက်ဆိုင်ရာ ကုမ္ပဏီအကြီးအကဲရဲ့ထောက်ခံချက်လိုအပ်ပါတယ်။
တန်ဖိုးနည်း တိုက်ခန်းဝယ်ယူဖို့ အတွက် လျှောက်ထားသူရဲ့ မိသားစုပျမ်းမျှဝင်ငွေ ကျပ် (၃) သိန်း ကနေ (၅) သိန်း အထိဝင်ငွေရှိရမှာဖြစ်ပြီး နည်းလမ်းသုံးမျိုးနဲ့ ဝယ်ယူနိုင်ပါတယ်။ နည်းလမ်းတွေကတော့ တစ်ကြိမ်တည်းနဲ့ငွေအကျေပေးစနစ်၊ တိုက်ခန်းတန်ဖိုးကို လေးလအတွင်း လေးရစ်ပေးသွင်းရတဲ့ စနစ်နဲ့ ဘဏ်ချေးငွေနဲ့ ရှစ်နှစ်အရစ်ကျပေးချေတဲ့စနစ်တို့ဖြစ်ပါတယ်။
ဘဏ်ချေးငွေနဲ့ ဝယ်ယူတဲ့စနစ်ကတော့ ဆောက်လုပ်ရေးနှင့်အိမ်ရာဖွံ့ဖြိုးရေးဘဏ်ကို ဆက်သွယ်ဆောင်ရွက်ရမှာ ဖြစ်ပြီး အခန်းတန်ဖိုးရဲ့ (၃၀)ရာခိုင်နှုန်း Down-payment ကိုမြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန ကပေးသွင်းကာ ကျန်တဲ့ တိုက်ခန်းတန်ဖိုး ကိုပေးချေဖို့ ဘဏ်နှင့် ချိတ်ဆက်ရပါမယ်။
တိုက်ခန်းဝယ်ယူခွင့်ရရှိသူက အမှန်တကယ် နေထိုင်သူဖြစ်ရပါမယ်။ ငါးနှစ်အတွင်း တစ်ဆင့်ငှါးရမ်းခြင်း၊ ရောင်းချခြင်း မပြုလုပ်ရပါဘူး။ စစ်ဆေးတွေ့ရှိရင်အခန်း ကိုပြန်လည်သိမ်းဆည်းပြီး စည်းကမ်းပျက်အမည်စာရင်း (black list) သွင်းခံရမှာ ဖြစ်ပြီး တိုက်ခန်းလျှောက်လွှာ ထပ်ဆင့်တင်ခွင့် အပိတ်ခံရပါမယ်။
အခန်းတွေကို အရစ်ကျလေးရစ်နဲ့ ဝယ်ယူသူတွေကတော့ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှာ လျှောက်ထားရမှာဖြစ်ပြီး ဘဏ်ချေးငွေနဲ့ ဝယ်ယူချင်သူတွေ ကတော့ မြို့ပြနှင်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနနဲ့ဆောက်လုပ်ရေးနှင့် အိမ်ရာဖွ့ံ့ဖြိုးရေးဘဏ် နှစ်ခုစလုံးမှာ စာချုပ်ချုပ်ဆို ဝယ်ယူနိုင်မှာဖြစ်ပါတယ်။
Ref : The Kumudra Journal
Photo Credit : fanplaces
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ