By Ra Wai, Shweproperty.com
Updated at 10 May 2020
ဂရန်၏ အဓိပ္ပာယ်
မြို့မြေအဖြစ် အမိန့်ကြော်ငြာစာ ထုတ်ပြန်ပြီးသော မြို့များတွင် လူနေထိုင်ရန်နှင့် စက်မှုလက်မှုလုပ်ငန်းများ လုပ်ကိုင်ရန် အငှားသက်တမ်းအနှစ် ( ၃၀ )ခွင့်ပြုပြီး အနှစ် ( ၃၀ ) ဂရန်ကုန်ဆုံးတိုင်း နောက်ထပ်အနှစ် ( ၃၀ ) စီနှင့် စုစုပေါင်း အနှစ် ( ၉၀ ) အထိ လဲလှယ်ခွင့်ရှိသည့် မြေငှားစာချုပ်ကို ဂရန်ဟုခေါ်သည်။
ဂရန်အမည်ပေါက်သူတို့၏ အခွင့်အရေး
ပိုင်ဆိုင်ခွင့်တစ်စုံတစ်ရာ မရှိဘဲ မြေကိုလက်ရှိဖြစ်သူသည် ထိုမြေတွင် လက်ရှိထားပိုင်ခွင့် ( possessary title ) ရှိပြီး ထိုလက်ရှိထားပိုင်ခွင့်သည် အမွေဆက်ခံပိုင်ခွင့်ရှိသည့် မြေဂရန်ရရှိသူသည် လက်ရှိထားပိုင်ခွင့် ( possessary title ) ထက်သာလွန်သော ( better title ) ပိုင်ဆိုင်ခွင့်ရှိသဖြင့် ဂရန်မြေကို အမွေဆက်ခံခွင့်နှင့် လွှဲပြောင်းခွင့်ရှိသည်။ ( ဦးဖုန်းပါ-၂ နှင့် ဒေါ်စကီနာပါ-၂၈၊ ၁၉၉၆ ခုနှစ်၊ တရားမအထူးအယူခံမှု အမှတ်-၂၅၊ စုံညီ၊ ၁၅-၁၂-၉၈ )
ပစ္စည်းလွှဲပြောင်းခြင်းဥပဒေတွင် အကျုံးဝင်
မြေငှားဂရန်ရယူခြင်းသည် ပစ္စည်းလွှဲပြောင်းခြင်းဥပဒေတွင် အကျုံးဝင်သည့် အလျောက် အမွေဆက်ခံခွင့်၊ လွှဲပြောင်းခွင့်အပြည့်အဝ ရရှိသည်။ ( ဒေါ်အေးမာခင် နှင့် ဒေါ်နွယ်နီတင် ပါ-၃၊ ၁၉၉၈ ခုနှစ် ၊ တရားမ ပထမ အယူခံမှု အမှတ်-၂၆၂၊၁၉-၈-၁၉၉၉ )
အခမဲ့နေထိုင်သူ ဂရန်ရရှိသွားလျှင် မြေငှားအခွင့်အရေးအရ နေထိုင်သူများအဖြစ် ပြောင်းလဲ
အခမဲ့နေထိုင်ခွင့်ပြုသူ အယူခံတရားလိုသည် မိမိနေထိုင်ခွင့်ပေးထားသော အယူခံတရားပြိုင်များအား ခွင့်ပြု ချက်ကို ရုပ်သိမ်း၍ နှင်ထုတ်ခွင့်ရှိသည်ဆိုသည်မှာ မှန်သည်။ သို့ရာတွင် ဤအမှု တရားမစွဲဆိုမီကပင် အယူခံ တရားပြိုင် ( ၁ ) ၏ ဇနီး ဒေါ်ခင်တင့်အမည်ဖြင့် ဂရန်ချပေးထားလိုက်သည်နှင့် တစ်ပြိုင်နက် အချင်းဖြစ်မြေ၏ စီမံခန့်ခွဲပိုင်ခွင့်မှာ ပြောင်းလဲသွားပေသည်။ ထိုအချိန် ထိုကာလမှစ၍ အယူခံတရားလိုတို့၏ ခွင့်ပြုချက်အရ နေထိုင်ကြသော အယူခံတရားပြိုင်တို့သည် အစိုးရထံမှ မြေငှားအခွင့်အရေးအရ နေထိုင်ကြသူများအဖြစ် ပြောင်းလဲသွားသည်ဟု ဆိုရပေမည်။ ( ဦးကျော်မြင့် ပါ-၂ နှင့် ဦးလှငွေပါ- ၂၊ ၁၉၉၅၊ မတစ၊ စာ-၁ )
ဂရန်မြေကို အမွေဆက်ခံပိုင်ခွင့်နှင့် လွှဲပြောင်းခွင့်ရှိသော်လည်း နှစ်တိုလိုင်စင်ရသူ၌ ယင်းအခွင့်အရေးမရှိ
အစိုးရဂရန်မြေကို အမွေဆက်ခံခွင့်နှင့် လွှဲပြောင်းခွင့်ရှိသည်။ သို့ရာတွင် အစိုးရမြေကို နှစ်တိုအသုံးပြုခွင့် လိုင်စင်ကိုမူ အမွေဆက်ခံခွင့်လည်း မရှိ။ လွှဲပြောင်းခွင့်လည်း မရှိ။ ( ဒေါ်သိန်းမေ နှင့် မိုဟာမက်အီစွပ် ပါ-၂၊ ၁၉၆၃၊ မတစ ၊ တရားရုံးချုပ်၊ စာ -၃၃၇ )
လင်မယားကွာရှင်းစဉ်က မခွဲဝေရသေးသည့် နှစ်ဦးပိုင် လက်ထက်ပွားပစ္စည်း၊ ကွာရှင်းပြီးနောက် တစ်ဦးတည်း အမည်ဖြင့် ဂရန်အမည်ပေါက်ရုံမျှပင် တစ်ဦးတည်း ပိုင်ပစ္စည်းအဖြစ် ပြောင်းလဲမသွား
လင်မယားနှစ်ဦးကွာရှင်းစဉ်က မခွဲဝေရသေးသည့် နှစ်ဦးပိုင်လက်ထက်ပွားပစ္စည်းအဖြစ် တည်ရှိနေကြောင်း အငြင်းပွား၍ မရနိုင်ပေ။ ထိုပစ္စည်းတွင် လင်မယားကွာရှင်းပြီးနောက် တစ်ဦးဦးအမည်ဖြင့် ဂရန်အမည်ပေါက် လာသည်ဆိုရုံမျှဖြင့် မူလလက်ထက်ပွားပစ္စည်း၏ အနေအထားမှ ဂရန်အမည်ပေါက်သူ တစ်ဦးတည်းပိုင်ပစ္စည်း ဖြစ်မလာနိုင်။ မခွဲဝေရသေးသော လက်ထက်ပွားနှစ်ဦးက ဂရန်မြေအဖြစ်သာ တည်းရှိနေပေသည်။ ( ဦးသိန်းနိုင် ( ခ) ဦးဘိုနီ နှင့် ဒေါ်အေးအေး၊ ၁၉၉၂၊ မတစ၊ စာ-၁၅၉ )
မြေငှားဂရန်ကို ရောင်းချသည့်တိုင် တရားဝင်၍ ထိခိုက်ခြင်းမရှိ
ဂရန်ထုတ်ပေးသူအရာရှိ၏ သဘောတူညီမှု မရှိဘဲ ငှားရမ်းခြင်းပါ စည်းကမ်းချက်များကို ဖောက်ဖျက်ပြီး အငှား ချထားသောမြေကို ရောင်းချခဲသော်လည်း ထိုကဲ့သို့ ရောင်းချခြင်း၏ တရားဝင်မှုကို ထိခိုက်ခြင်း မရှိနိုင်ချေ။( မောင်ကြင်မောင် ပါ -၂နှင့် မဝိုင်းကြည်၊ ၁၉၆၃၊ မတစ၊စာ -၉၁၂ )
မြေငှားဂရန်မြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်း၊ တစ်ခုခုကို ပြုလုပ်ခြင်းသည် ပဋိညာဉ် ဥပဒေပုဒ်မ-၂၃ နှင့်မဆန့်ကျင်
ဂရန်ထုတ်ပေးသူအရာရှိ၏ သဘောတူညီချက် မရရှိဘဲ မြေငှားဂရန်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး မြေကိုရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းတစ်ခုခုကို ပြုလုပ်ခဲ့လျှင် ဂရန်ထုတ် ပေးသူ အရာရှိက ပြစ်ဒဏ်တစ်ရပ်ရပ် ချမှတ်နိုင်သည့်အပြင် မြေငှားဂရန်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်သည်။ သို့ရာတွင် ထိုကဲ့သို့ ရောင်းချခြင်း၊ ပေါင်နှံခြင်း ၊ တစ်ဆင့်ငှားရမ်းခြင်း၊ လွှဲပြောင်းခြင်းစသည်တို့သည် ပဋိညာဉ် အက်ဥပဒေပုဒ်မ-၂၃ အရ ဥပဒေနှင့် ဆန့်ကျင်သော ပဋိညာဉ်မဟုတ်ပေ။ သို့ဖြစ်၍ အယူခံတရားလိုက အချင်း ဖြစ်မြေကို ရောင်းချခြင်းသည် သက်သေခံအမှတ် ( ခ ) မြေငှားဂရန်ပါ စည်းကမ်းချက်ကို ဖောက်ဖျက်ရာရောက် သော်လည်း ပဋိညာဉ်အက်ဥပဒေပုဒ်မ-၂၃ အရ ပျက်ပြယ်ခြင်းမရှိ။ ( ဦးမြလှိုင် နှင့် ဒေါ်လှလှရီ၊ ၂၀၀၀၊ မတစ၊ စာ-၃၂၄ )
နှစ်ဦးပူးတွဲအမည်ပေါက် ဂရန်မြေတွင် မြေကွက်တစ်ခြမ်း ဂရန်အမည်ပေါက်သူက ပိုင်ဆိုင်ကြောင်း မြွက်ဟကြေ ညာသည့် ဒီကရီချမှတ်ပေးရန် တရားစွဲဆိုခွင့်မရှိ
ဂရန်ထုတ်ပေးနိုင်ခွင့်ရှိသည့် သက်ဆိုင်ရာ အာဏာပိုင်/ဌာနကို ဂရန်ခွဲစိတ်ပေးရန် လျှောက်ထားနိုင်သည့် အခွင့်အရေးရှိနေသော အခြေအနေတွင် တရားရုံးကတရားလိုအား၎င်းတောင်းသည့်အတိုင်း အချင်းဖြစ်မြေ ကွက် ၏ တစ်ခြမ်းကို ပိုင်ဆိုင်ကြောင်း မြွတ်ဟကြေညာပေးရန် သင့်မြတ်မည် မဟုတ်ချေ။ ( ဦးလှမြင့် နှင့် ဒေါ်ဂျူဘီ၊ ၂၀၀၅၊မတစ၊ စာ- ၈၈ )
ဂရန်ထုတ်ပေးခြင်းသည် အုပ်ချုပ်ရေးအာဏာအရ ဆောင်ရွက်ပေးခြင်းဖြစ်
အစိုးရပိုင်မြေနှင့် စပ်လျဉ်း၍ မည်သူ့အား ဂရန်လွှဲပြောင်းပေးသင့်ကြောင်း ဆုံးဖြတ်ခြင်းမှာ တရားစီရင်ရေး အာဏာအရ ဆောင်ရွက်ခြင်းမဟုတ်။ အုပ်ချုပ်ရေး အာဏာအရ ဆောင်ရွက်ခြင်း ဖြစ်သည်။ ( အစစ်ခန် နှင့် ဘဏ္ဍာတော်မင်းကြီး၊ ၁၉၆၄၊မတစ၊ ရုံးချုပ်၊စာ-၇၃၅ )
ဂရန်ထုတ်ပေးခြင်းသည် အုပ်ချုပ်ရေးကိစ္စဖြစ်
မြေဂရန်ထုတ်ပေးခြင်းသည် အဓိကအားဖြင့် အုပ်ချုပ်ရေးကိစ္စဖြစ်ကြောင်း တရားစီရင်ရေး သို့မဟုတ် တရား စီရင်ရေးသဘောတွင်ပါသည့် အကျူံးဝင်သည်ဟု မဆိုနိုင်ကြောင်း အုပ်ချုပ်မှု လုပ်ထုံးလုပ်နည်းများအရ ဆောင် ရွက်ရသည့်ကိစ္စဖြစ်၍ မကျေနပ်က အုပ်ချုပ်မှုအာဏာပိုင် အဆင့်ဆင့်သို့ အယူခံခြင်း၊ ပြင်ဆင်မှု လျှောက်ထား ခြင်း ပြုလုပ်ရမည်ဖြစ်သည်။( ဒေါ်ရွှေညွန် ပါ-၃ နှင့် ဘဏ္ဍာရေးနှင့် အခွန်ဌာန၊ ရန်ကုန်မြို့၊ ၁၉၆၉၊ မတစ၊ စာ- ၉၆)
ဂရန်ထုတ်ပေးသည့်ကိစ္စကို တရားမရုံးက ဝင်ရောက်စွက်ဖွက်ခွင့်မရှိ
အငှားဂရန်ထုတ်ပေးသည့်ကိစ္စသည် အခွန်တော်အရာရှိများက ဆုံးဖြတ်ရမည့်ကိစ္စဖြစ်၍ အောက်မြန်မာပြည် မြို့ နှင့်ကျေးရွာမြေများ အက်ဥပဒေပုဒ်မ-၄၁( က ) ပါ ပြဋ္ဌာန်းချက်များအရ တရားမရုံးများက ဝင်ရောက်စွက် ဖက်ခွင့်မရှိ။ ( စမီနာဘီဘီ ( ခ ) မသေးသေး နှင့် ကိုထွန်းရင် ပါ-၂၊ ၁၉၆၃၊ မတစ၊ စာ-၉၅၃ )
အထက်မြန်မာပြည်မြေနှင့် အခွန်စည်းမျဉ်းဥပဒေပြဋ္ဌာန်း
အထက်မြန်မာပြည် မြေနှင့်အခွန်စည်းမျဉ်းများ ဥပဒေပုဒ်မ-၂၆ အရ ပြုလုပ်ထားသည့် စည်းမျဉ်း-၅၁ ( အေ ) အရ ဂရန်ချပေးထားခြင်းသည် သက်ဆိုင်ရာကော်လိတ္တော်အရာရှိ၏ လုပ်ပိုင်ခွင့်ဖြစ်သည်။
အောက်မြန်မာပြည်မြို့နှင့် ကျေးရွာမြေချထားရေးဥပဒေပြဋ္ဌာန်း
41- Civil court shall have Jurisdiction to determine –
(a) Any matter which under that act is to be determined by the Revenue officer.
(ဦးပိုအေး B.A ( law ) , LL.B - တရားလွှတ်တော်ရှေ့နေ ၊ ပြောင်းလဲလာသော ဥပဒေမူသဘောတရားများ၊ စာ ၂၂ မှ ၂၆ ) ။
Ref & Photo credit: DVB Law Lab
Posted By: Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ