By The Voice, Shweproperty.com
Updated at 3 September 2017
ရန်ကုန်မြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အထပ်မြင့်နှင့် ခွင့်ပြုမှု ပုံစံကွဲလွဲသော အဆောက်အအုံ ဆောက်လုပ်မှုများကို စည်ပင်သာယာ ဥပဒေအရ ထိရောက်စွာ အရေးယူရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုးက ရန်ကုန်တိုင်းလွှတ်တော်တွင် စက်တင်ဘာလ ၁ ရက်က ပြောကြားသည်။
“ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ နယ်နိမိတ်အတွင်း ခွင့်ပြုမဲ့ အဆောက်အအုံ တည်ဆောက်ကြခြင်း၊ ခွင့်ပြု အထပ်အရေအတွက် ပိုမိုအထပ်မြင့် ဆောက်လုပ်နေခြင်းအား ထိရောက်စွာ တားမြစ်သွားရန် ယခုထက် ပိုမိုများပြား ထိရောက်သော ဒဏ်ငွေများ တိုးမြှင့်ပြဋ္ဌာန်း ကောက်ယူရန် အစီအစဉ်ရှိပါသလား”ဆိုသည့် မရမ်းကုန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးရန်ရှင်း၏ မေးမြန်းချက်ကို ဦးမောင်မောင်စိုးက အထက်ပါအတိုင်း ဖြေကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ခွင့်ပြုချက်မဲ့ ဆောက်လုပ်သော အထပ်မြင့် အဆောက်အအုံများနှင့် ခွင့်ပြုပုံစံကွဲလွဲ ဆောက်လုပ်သော အဆောက်အအုံများကို ရပ်ဆိုင်းရန် သတိပေးပြီးမလိုက်နာဘဲ ဆက်လက်လုပ်ဆောင်ပါက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက တရားလိုပြုလုပ်ကာ ၂၀၁၃ ခုနှစ် စည်ပင်သာယာ ဥပဒေပုဒ်မ ၆၈ နှင့် ပုဒ်မ ၆၉ တို့ဖြင့် တရားစွဲဆိုကြောင်း မြို့တော်ဝန်က ဆိုသည်။
အဆိုပါ ဥပဒေအရ ခွင့်ပြုချက်မဲ့ အထပ်မြင့် ဆောက်လုပ်သူကို ထောင်ဒဏ် တစ်နှစ်ဖြစ်စေ၊ အနည်းဆုံး ဒဏ်ငွေ ကျပ်တစ်သောင်းမှ အများဆုံး ဒဏ်ငွေ ငါးသိန်းအထိဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်လျက်ရှိကြောင်း၊ ယင်းအပြင် ကျူးလွန်သူ (သို့မဟုတ်) လိုက်နာရန် ပျက်ကွက်သူကို ကျူးလွန်သည့်နေ့မှစ၍ တစ်ရက်လျှင် ဒဏ်ငွေ တစ်သောင်းကျပ်မှ ငါးသောင်းကျပ်နှင့် ထောင်ဒဏ် တစ်နှစ်အထိ ဆက်လက် ချမှတ်ရန် ပြဋ္ဌာန်းထားကြောင်း မြို့တော်ဝန် ဦးမောင်မောင်စိုးက လွှတ်တော်တွင် ပြောကြားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက မြေပြင်အချက်အလက်နှင့် မြေပိုင်ဆိုင်မှု မှန်ကန်စွာ လျှောက်ထားသည့် မြေကွက်များကို ၄ ထပ်မှ ၉ ထပ် အောက်အထိ အဆောက်အအုံများကို ဆောက်လုပ်ခွင့်ရက် ၄၅ ရက်ဖြင့် ခွင့်ပြုလျက်ရှိပြီး မြေပိုင်ဆိုင်မှု အတည်မပြုနိုင်သောကြောင့် အရပ်စာချုပ်ဖြင့် လျှောက်ထားသည့် အထပ်မြင့် အဆောက်အအုံများကိုသုံးထပ်အထိသာစီစစ်ခွင့်ပြုလျှက်ရှိသည်။
Ref & Photo Credit : The Voice & Social
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ