By Eleven Media Group, Shweproperty.com
Updated at 16 March 2016
ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ စီမံခန့်ခွဲသော ဧရာဝဏ် - ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းမှ ကျပ်သိန်း ၆၀၀ နှင့် ၁၂၀၀ တန် တိုက်ခန်းများ ဝယ်ယူနိုင်မည့် လျှောက်လွှာများကို မတ် ၁၆ ရက်တွင် စတင်ရောင်းချမည်ဖြစ်ပြီး မည်သူမဆို လွတ်လပ်စွာ ဝယ်ယူနိုင်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ မတ် ၁၅ ရက်က သတင်းထုတ်ပြန်သည်။
လျှောက်လွှာတစ်စောင်ကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချမည်ဖြစ်ပြီး ဧရာဝဏ်-ရတနာ အထပ်မြင့်အိမ်ရာ စီမံကိန်း ညွှန်ကြားရေးမှူးရုံး၊ ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်း လမ်းပေါ်ရှိ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနရုံး၊ နေပြည်တော် ဆောက်လုပ်ရေး ဝန်ကြီးဌာန ရုံးအမှတ် ၄၀ တို့တွင် ဝယ်ယူနိုင်ကြောင်း သိရသည်။
ယခု ပထမအကြိမ် ရောင်းချမှုတွင် အထပ်မြင့်အိမ်ရာ စီမံကိန်း အဆောက်အအုံ နှစ်လုံး (အမှတ် ၂၈၊ ၃၀) ပါဝင်ပြီး ငွေပေးသွင်းမှု ပုံစံနှစ်မျိုးဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ လက်ငင်း ဝယ်ယူပါက သက်သာခွင့် ငါးရာခိုင်နှုန်း ရရှိမည်ဖြစ်ပြီး ကျပ်သိန်း ၆၀၀ တန်ကို ကျပ်သိန်း ၅၇၀၊ ကျပ် ၁၂၀၀ တန်ကို ကျပ်သိန်း ၁၁၄၀ ဖြင့် ဝယ်ယူနိုင်မည်ဖြစ်သည်။
အရစ်ကျစနစ်ဖြင့်လည်း တိုက်ခန်းများကို ဝယ်ယူနိုင်ပြီး ကနဦးဝယ်ယူချိန်တွင် ရာခိုင်နှုန်း ၅၀ ငွေပေးသွင်းရန် သတ်မှတ်ထားသည်။ အဆိုပါ ကနဦး ရာခိုင်နှုန်း ၅၀ ကို ကျပ်သိန်း ၆၀၀ တန်ဆိုပါက တစ်လလျှင် ကျပ် ၂၅ သိန်းနှင့် ၁၂ လ၊ ကျပ်သိန်း ၁၂၀၀ တန် ဆိုပါက တစ်လလျှင် ကျပ် ၂၅ သိန်းနှင့် ၂၄ လ ပေးသွင်းရမည် ဖြစ်သည်။ ကျန်ရှိသည့်ငွေ ရာခိုင်နှုန်း ၅၀ အတွက် ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးမှုဘဏ် (CHDB) ထံမှ ရှစ်နှစ်အရစ်ကျချေးငွေ ရယူနိုင်ပြီး ကျပ်သိန်း ၆၀၀ တန်ဆိုပါက ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းဖြစ်သည့် ကျပ်သုံးသိန်းနှင့် တစ်လလျှင် ကျပ် ၄ ဒသမ ၈၈ သိန်းနှင့် ၉၆ လ ပေးသွင်းနိုင်မည်ဖြစ်သည်။ ကျပ်သိန်း ၁၂၀၀ တန်ဆိုပါက ဘဏ်ဝန်ဆောင်ခ တစ်ရာခိုင်နှုန်းဖြစ်သည့် ကျပ်ခြောက်သိန်းနှင့် တစ်လလျှင် ကျပ် ၉ ဒသမ ၇၅ သိန်းနှင့် ၉၆ လ ပေးသွင်းနိုင်သည်ဟု သတ်မှတ်ထားသည်။
အဆိုပါ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းသည် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်တောင်ပိုင်းတွင် တည်ရှိပြီး တိုက်ခန်းများကို တစ်စတုရန်းပေ ကျပ်တစ်သိန်းနှုန်းဖြင့် တွက်ချက်ရောင်းချခြင်းဖြစ်ပြီး အထပ် အနိမ့်အမြင့်အလိုက် ဈေးနှုန်းခွဲခြားထားခြင်း မရှိဘဲ လျှောက်ထားသူက နှစ်သက်ရာ ရွေးချယ်နိုင်ကြောင်း သိရသည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းသည် ရန်ကုန်မြို့လယ်နှင့် ကိုးမိုင်ခန့် အကွာတွင် တည်ရှိပြီး ပဲခူးမြစ်ကမ်းနံဘေး အနီးတွင် တည်ဆောက်ထားခြင်းဖြစ်သည်။ အဆောက်အအုံများကို Semi-Pecast စနစ်ဖြင့် တည်ဆောက်ခြင်းဖြစ်ပြီး ဓာတ်လှေကား၊ ကားပါကင်၊ ပန်းခြံ၊ ကျောင်း၊ ကစားကွင်း၊ စီးပွားရေး အဆောက်အအုံ၊ ဘတ်စ်ကားဂိတ်များ ပါဝင်မည်ဖြစ်သည်။
ဧရာဝဏ်-ရတနာ တန်ဖိုးသင့်အိမ်ရာ စီမံကိန်းကို အပိုင်းသုံးပိုင်းခွဲပြီး တည်ဆောက်နေခြင်းဖြစ်ပြီး စီမံကိန်း ပထမအဆင့်တွင် အဆောက်အအုံ ၁၈ လုံး၊ ဒုတိယအဆင့်တွင် အဆောက်အအုံ ၁၆ လုံးနှင့် တတိယအဆင့် တွင် အဆောက်အအုံ ၁၅ လုံးပါဝင်မည်ဖြစ်သည်။ ယင်းစီမံကိန်းကို ဆောက်လုပ်ရေး ဝန်ကြီးဌာနနှင့် ပုဂ္ဂလိက ဆောက်လုပ်ရေးကုမ္ပဏီ ၃၁ ခုတို့ ပူးပေါင်းအကောင်အထည် ဖော်နေခြင်းဖြစ်ပြီး စီမံကိန်းအတွင်း စုစုပေါင်း အဆောက်အအုံ ၄၉ လုံးပါဝင်ပြီး တိုက်ခန်းပေါင်း ၁၇၄၈၀ ခန်းအထိ ပါဝင်မည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ