By ဇေယျာလင်း, Shweproperty.com
Updated at 16 October 2012
ရန်ကုန်မြို့တွင်း ခြောက်မြို့နယ်ဖြစ်သော လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ပုဇွန်တောင်နှင့် ဗိုလ်တထောင်မြို့နယ်များတွင် လူနေ တိုက်ခန်းများ၊ ကွန်ဒိုမီနီယမ်များအား လူနေထိုင်ရန်နှင့် ရုံးခန်းများ ဖွင့်လှစ်ရန်အတွက် ဝယ်ယူ၊ ငှားရမ်းလာ ခြင်းတို့ကြောင့် ဈေးနှုန်းများ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
မြို့လယ် လူစည်ကားရာနေရာများ ဖြစ်သဖြင့် လူနေထိုင်ရန်ထက် ရုံးခန်းများ ဖွင့်လှစ်နိုင်ရန်အတွက် ငှားရမ်းမှုပိုမိုများပြားလာကြောင်း သိရသည်။ တိုက်ခန်းများမှာ အကျယ်အဝန်းပေါ် မူတည်ကာ တစ်လလျှင် ကျပ် ၁၅ဝ,ဝဝဝ မှ ၂၅ဝ,ဝဝဝ ကြားတွင် ငှားရမ်းမှုများပြားပြီး ကွန်ဒိုမီနီယမ်တိုက်ခန်းများမှာ တစ်လလျှင် ငါးသိန်းမှ ၁ဝ သိန်းကြားတွင် ငှားရမ်းခများရှိနေကြောင်း သိရသည်။ လမ်းသွယ်များရှိ မြေညီထပ်တိုက်ခန်းများမှာ အခန်း အခြေအနေနှင့် တည်နေရာပေါ်မူတည်ကာ သိန်း ၇ဝဝ မှ သိန်း ၁,ဝဝဝ ကြားတွင် အရောင်းအဝယ်ဖြစ်ကာ ပထမထပ် နှင့် ဒုတိယထပ်များရှိ အခန်းများမှာ သိန်း ၅ဝဝ နှင့် သိန်း ၃ဝဝ ဝန်းကျင်၌ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။
အထင်ကရ လမ်းမတန်းပေါ်ရှိ မြေညီထပ်အခန်းများမှာ ဈေးပုံမှန်သတ်မှတ်ချက်မရှိဘဲ သိန်း ၃,ဝဝဝ နှင့် သိန်း ၆,ဝဝဝ ကြားတွင် ခေါ်ဈေးရှိကာ ရောင်းချမည့်သူ မရှိ သလောက် ရှားပါးနေပြီး ဝယ်ယူလိုသူများရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။ မြို့တွင်းရှိ လမ်းသွယ်များတွင် သိန်းထောင်ကျော် သော အခန်းများ အရောင်းအဝယ်မဖြစ်ဘဲ သိန်းရာချီတန်သော အခန်းများသာ အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ မြို့တွင်း ခြောက်မြို့နယ်တွင် ကျောက်တံတားမြို့နယ်မှာ လူကြိုက်အများဆုံးဖြစ်ပြီး ကမ်းနားလမ်း၊ ကုန်သည်လမ်း၊ မဟာဗန္ဓုလလမ်း၊ အလယ်ဘလောက် နှင့် အောက်ဘလောက်ကြား လမ်းသွယ်များရှိ ကွန်ဒို တိုက်ခန်းများနှင့် တိုက်ခန်းများမှာ ပိုမို လူကြိုက်များကာ အငှားရော အရောင်းပါသွက်ကြောင်း သိရသည်။
အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းပေါ်ရှိ မြေညီထပ်အခန်းများမှာ တစ်လလျှင် ငှားရမ်းခ ၁ဝ သိန်းနှင့် ၁၅ သိန်းကြားတွင် ရှိပြီး ဆိုင်ခန်းများ၊ ရုံးခန်းများ ဖွင့်လှစ် ရန်အတွက် ငှားရမ်းလိုသူများ များပြားကာ ငှားရမ်းမည့် အခန်းပိုင်ရှင်များ မရှိသလောက် နည်းပါးနေကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
''ရုံးခန်းဖွင့်ချင်လို့ အခန်းရှာရ ခက်လာတယ်။ တချို့နာမည်ကြီးတာဝါတွေမှာဆို ၁ sqft ကို ကျပ် သုံးသိန်း လောက်ရှိတယ်။ ဒီနှစ် တိုက်ခန်းငှားခတွေရော၊ တိုက်ခန်း ရောင်းမယ့်ဈေးတွေပါ တက်တယ်''ဟု ရွှေမင်းသမီး အိမ်ခြံ မြေရောင်းဝယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သြဂုတ်လ ၁၂ ရက်နေ့တွင် စတင် အကျိုးသက် ရောက်ခဲ့သော အခွန်စနစ်သစ်ကြောင့် အိမ်ခြံမြေများ အရောင်းအဝယ် အေးနေရာမှ အောက်တိုဘာလဆန်းမှ စတင်ကာ အငှားရော အရောင်းပါ သိသိသာသာ မြင့်တက် လာကြောင်း သိရသည်။
နိုင်ငံခြားသားများပါ အငှားလိုက်လာပြီး ၎င်းတို့အနေ ဖြင့် အခန်းပြင်ဆင်ပြီး ပရိဘောဂ အပြည့်အစုံပါဝင်သော ကွန်ဒိုတိုက်ခန်းများကို ငှားရမ်းလာကြကြောင်းနှင့် အိမ် ပိုင်ရှင်များက ငှားရမ်းခများကို မြန်မာကျပ်ငွေဖြင့်သာ ပေးချေရန် တောင်းဆိုနေကြကြောင်း သိရသည်။
''junction mawtin အပေါ်ထပ်က ကွန်ဒိုမှာ ပရိ ဘောဂ အစုံအလင်နဲ့ တစ်လကို ၁၆ သိန်းနဲ့ ၁၇ သိန်းကြား ငှားနေရတယ်။ အများဆုံး နိုင်ငံခြားသားတွေက ငှားနေ ကြတာပါ။ ဒီအခန်းတွေက ၁,၈ဝဝ ျဆ် ရှိတော့ ရုံးခန်း ဖွင့်ဖို့ ကျယ်လို့ ငှားကြတာပါ''ဟု ၎င်းက ပြောသည်။
ဗိုလ်တထောင်နှင့် လမ်းမတော်မြို့နယ်များတွင်လည်း အခန်းများမှာ အများအားဖြင့် အခြားမြို့နယ်များ ရှိ အခန်းများထက် ပိုမိုကျယ်ဝန်းခြင်းကြောင့် ငှားရမ်းသူ များ များပြားကြောင်း သိရသည်။
''အခြားမြို့နယ်တွေက ၁၂x၅ဝ ပေတွေ များတာ၊ ဒီမြို့နယ်နှစ်ခုပဲ ၂ဝx၅ဝ ပေတွေ ရှိတာများတော့ အခန်း ပိုကျယ်ပြီး ငှားတဲ့သူများပါတယ်'' ဟု အိမ်ခြံမြေ အကျိုး ဆောင် ဦးထင်ကျော်က ပြောသည်။ ယခုအခါ ကွန်ဒိုမီနီယမ်များ၊ တိုက်ခန်းများအပြင် Pent House အခန်းများပါ ရောင်းဝယ် ငှားရမ်းမှုများ များပြားလာကြောင်း သိရသည်။
ရန်ကုန်မြို့လယ်၌ ရောင်းဝယ် ငှားရမ်းမှု များပြားလာ ပြီး ငှားရမ်းမည့် အခန်းများ နည်းပါးကာ ငှားရမ်းလိုသူများ များနေခြင်းတို့ကြောင့် ဈေးနှုန်းများ ထပ်မံမြင့်တက်လာနိုင် ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ သိရသည်။
Source : the trade times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ