By Eleven Media Group, Shweproperty.com
Updated at 26 April 2016
အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်းအထိ ပေးအပ်မည့် ထီတစ်စောင်လျှင် ကျပ် ၅၀၀ တန် အောင်ဘာလေထီစနစ် လုပ်ဆောင်ရန် အစိုးရအဖွဲ့ကို တင်ပြထားကြောင်း အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ် ၅၀၀ တန်ထီစနစ်တွင် အမြင့်ဆုံးဆုငွေ ကျပ်သိန်း တစ်သောင်း၊ ကျပ်သိန်း ငါးထောင်၊ ကျပ်သိန်း တစ်ထောင်၊ ကျပ်သိန်း ငါးရာတို့အပြင် အနိမ့်ဆုံးဆုငွေ ကျပ် ငါးသောင်းအထိဖြစ်ကြောင်း သိရသည်။
ကျပ် ၅၀၀ တန် ထီစနစ်အား ကျပ် ၂၀၀ တန် ထီစနစ်အတိုင်း လစဉ် ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ လက်ရှိ ကျပ် ၂၀၀ တန်ထီအား တစ်လလျှင် ထီစောင်ရေ သိန်း ၃၆၀ ကျော် အထိ ထုတ်လုပ်ရောင်းချသော်လည်း ကျပ် ၅၀၀ တန် ထီကိုမူ ယင်းပမာဏ၏ ထက်ဝက်ကျော်သာ ထုတ်လုပ်ရောင်းချမည်ဖြစ်ကြောင်း နှင့် ကျပ် ၅၀၀ တန် ထီစနစ် လုပ်ဆောင်ရာတွင် လက်ရှိ ကျပ် ၂၀၀ တန် ထီစနစ်ကိုလည်း ဖျက်သိမ်းမည် မဟုတ်ဘဲ ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း သိရသည်။
“ကျပ် ၅၀၀ တန်ထီက ထပ်ထုတ်မှာပါ။ အဲဒီအတွက် ကျပ် ၂၀၀ တန်ထီကလည်း ဆက်ရှိနေဦးမှာပါပဲ။ ထီထိုးတဲ့သူက ကြိုက်ရာကို ထိုးပေါ့။ ၅၀၀ တန်ထီမှာ အက္ခရာတွေကတော့ ၂၀၀ တန်ထီ အတိုင်းပဲ။ ဒါပေမဲ့ ထီလက်မှတ်ကတော့ စင်ကာပူထီအတိုင်း ဖြစ်သွားမယ်။ ထီဖွင့်တဲ့ ပုံစံကတော့ ၂၀၀ တန် စနစ်အတိုင်းပဲ လစဉ် ၁ ရက်တိုင်း တစ်လတစ်ခါ ဖွင့်မှာ”ဟု အောင်ဘာလေသိန်းဆုဌာနခွဲမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ကျပ် ၅၀၀ တန်ထီကို ပြည်သူများ စိတ်ဝင်စားမည်ဟု ခန့်မှန်းထားပြီး လက်ရှိအစိုးရအဖွဲ့ထံသို့ ယင်းကိစ္စကို တင်ပြထားပြီးဖြစ်ကြောင်းနှင့် ယခုနှစ်အတွင်း စတင်မည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
“အစိုးရအဖွဲ့ကို တင်ထားပြီးသား။ သူတို့က အသေးစိတ်လေ့လာပြီး ပြန်တင်ပြခိုင်းထားတယ်။ ဒါကြောင့် ဒီနှစ်ထဲမှာ စတင်မယ်”ဟု ၎င်းက ပြောကြားသည်။
လက်ရှိ ကျပ် ၂၀၀ တန်ထီ စနစ်တွင် လစဉ်ထီရောင်းရငွေ၏ ရာခိုင်နှုန်း ၆၀ အဖြစ် ခွဲဝေပေးပြီး ကျပ် ရာခိုင်နှုန်း ၄၀ ကို နိုင်ငံတော်အခွန်အဖြစ် သိမ်းဆည်းခြင်းဖြစ်ကြောင်း၊ ကျပ် ၅၀၀ တန်ထီတွင် ယင်းစနစ်အတိုင်းသာ ထီဆုမဲခွဲဝေပေးရန် လောလောဆယ် ဆုံးဖြတ်ထားသော်လည်း အစိုးရအဖွဲ့က ပြင်ဆင်ပါက ယင်းအတိုင်းသာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Ref : Eleven Media Group
Photo Credit : mynnews
Posted By : Wai Phyoe
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ