By Myanmar Time, Shweproperty.com
Updated at 4 August 2017
ရန်ကုန်မြို့ဖွံ့ဖြိုးရေး နည်းဗျူဟာအရ ရန်ကုန်မြို့ ဧရိယာအတွင်း အရန်မြို့သစ်စီမံကိန်း ခြောက်ခုကိုရေးဆွဲလျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
ရန်ကုန်မြို့တွင် တိုးတက်လာမည့် လူဦးရေအတွက် ရွှေလင်ပန်းအရန်မြို့၊ ပန်းလှိုင်အရန်မြို့၊ တောင်ပိုင်းအရန်မြို့၊ သီလဝါအရန်မြို့၊ အရှေ့ဒဂုံ အရန်မြို့နှင့် ထောက်ကြံ့အရန်မြို့ စသော အရန်မြို့ ခြောက်မြို့ကို အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ရန်ကုန်မြို့တွင် ၂ဝ၁၄ ခုနှစ်တွင် လူဦးရေ ၅ ဒသမ ၁၆ သန်းရှိခဲ့သော်လည်း လာမည့် ၂ဝ၄ဝ ခုနှစ်တွင် လူဦးရေ ၁ဝ သန်းကျော် ရှိလာမည်ဖြစ်သည့်အတွက် အရန်မြို့သစ်စီမံကိန်းများကို အချိန်မီ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
''လက်ရှိရန်ကုန်မြို့မှာ နှစ်စဉ် လူဦးရေ တိုးပွားနှုန်းက ၁ ဒသမ ၆၉ ရာခိုင်နှုန်းဖြစ်ပြီးတော့ နှစ်စဉ် ရန်ကုန်မြို့ကို ရွှေ့ပြောင်းလာသူတွေလည်း တိုးများလာပါတယ်။ တိုးတက်လာမယ့် လူဦးရေအတွက် အရန်မြို့သစ်စီမံကိန်းတွေ၊ မြို့ပြနယ်နိမိတ် အတွင်း မြို့ပြဖွံ့ဖြိုးမှု အားပေးတဲ့ စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်''ဟု ၎င်းကပြောသည်။
ထို့ပြင် ရန်ကုန်မြို့ပတ်ဝန်းကျင် အရန်မြို့သစ် ခြောက်မြို့ ဖွံ့ဖြိုးရေးစီမံကိန်းအပြင် ရန်ကုန်တောင်ပိုင်း မို့ပြဗဟို ဖွံ့ဖြိုးရေးစီမံကိန်း၊ အခြေခံအဆောက်အအုံများ အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း၊ အခြေခံအဆောက်အအုံ အဆင့်မြှင့်တင်ရေးနှင့် ဖွံ့ဖြိုးရေးစီမံကိန်း၊ အထူးစီးပွားရေးဇုန်နှင့် စက်မှုဥယျာဉ်မြို့ ဖွံ့ဖြိုးရေးစီမံကိန်းများ ဆောင်ရွက် လျက်ရှိကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက သဂုတ် ၁ ရက်တွင် ထုတ်ပြန်ထားသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ တစ်နှစ်တာ လုပ်ငန်းဆောင်ရွက်မှု မှတ်တမ်း အစီရင်ခံစာအရ ရန်ကုန်တိုင်းဒေသကြီး မြို့ပြဖွံ့ဖြိုး စေရန်အတွက် ဦးစားပေးစီမံကိန်းများအဖြစ် မို့ပြဖွံ့ဖြိုးရေးစီမံကိန်း ၁၁ ခု၊ ပို့ဆောင်ရေးစီမံကိန်း ၁၅ ခု၊ ရေပေးဝေရေးနှင့် ရေဆိုးသန့်စင်ရေးစီမံကိန်း လေးခု၊ လူမှုရေးအထောက်အကူပြုစီမံကိန်း လေးခုကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဦးစားပေး ဆောင်ရွက်မည့် မြို့ပြဖွံ့ဖြိုးရေး စီမံကိန်းများတွင် အရှေ့ဒဂုံမြို့သစ်စီမံကိန်း၊ တွံတေးမြို့သစ်စီမံကိန်း၊ သန်လျင်မြို့သစ်စီမံကိန်း၊ ထန်းတစ်ပင်မြို့သစ် စီမံကိန်း၊ မှော်ဘီမြို့သစ်စီမံကိန်း၊ လှည်းကူးမြို့သစ်စီမံကိန်းများနှင့် အခြားအခြေခံအဆောက်အအုံဖွံ့ဖြိုးရေး စီမံကိန်းများ ပါဝင်သည်။
အဆိုပါ အရန်မြို့သစ်နှင့် မြို့ပြဧရိယာဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ စီမံကိန်းများကို ရန်ကုန်မြို့အပြင် အခြားပြည်နယ်နှင့် တိုင်းအသီးသီးတွင်လည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
Ref & Photo Credit : Myanmar Time
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ