By Myanmar Builders Guide, Shweproperty.com
Updated at 4 February 2019
ရန်ကုန်မြို့မှာ နေထိုင်သူလူဦးရေနဲ့ အဆောက်အအုံတွေ တိုးတက်လာပေမဲ့ မြို့ပြစီမံကိန်း မရှိသေးပါဘူး။ လက်ရှိမှာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်မြို့ကို နေချင်စဖွယ်ဖြစ်ပြီး စီးပွားရေးတိုးတက်တဲ့ ဆိပ်ကမ်းမြို့ကြီးတစ်မြို့ဖြစ်အောင် ကြိုးစားသွားဖို့ ရှိနေပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့ရဲ့Master Plan ကို ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) နဲ့ အစိုးရအဖွဲ့တို့ ပူးပေါင်းကာ (၂၀၄၀)ပြည့်နှစ် အထိ ရေးဆွဲထားပြီး ဖြစ်ပါတယ်။
ရန်ကုန်မြို့ကြီးကို မြို့ပြအမွေအနှစ်တွေနဲ့ စိမ်းလန်းပြီး နေချင်စဖွယ်ဖြစ်တဲ့ စီးပွားရေးမြို့တော်ကြီးဖြစ်အောင် လုပ်မယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရည်ရွယ်ချက် ချထားပါတယ်။
ရန်ကုန်မြို့ဟောင်းကိုကြည့်မယ်ဆိုရင်တော့ ရန်ကုန်မြို့လယ်နေရာတွေကိုသာ လေးထောင့်ကွက်အတိုင်း အကောင်အထည်ဖော်ထားပြီး မြို့ကိုစနစ်တကျ တည်ဆောက်ထားခဲ့တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောပါတယ်။
အာဆီယံဒေသတွင်း နိုင်ငံတွေရဲ့ မြို့ပေါင်း (၂၆) မြို့ထဲကနေ စမတ်စီးတီးအဖြစ် အလားအလာအကောင်းဆုံးအဖြစ် ရှိနေတဲ့မြို့ (၁၀)မြို့ကို CIO Asia.com ရဲ့ အွန်လိုင်းအယ်ဒီတာ Cristina Lagou က သုတေသနပြုလုပ်ပြီး ပြီးခဲ့တဲ့လက ထုတ်ပြန်ဖော်ပြ ခဲ့ပါတယ်။
အဲဒီထဲမှာ ဗီယက်နမ်နိုင်ငံက ဟနွိုင်းနဲ့ ဒါနန်း၊ စင်ကာပူ၊ အင်ဒိုနီးရှားနိုင်ငံက ဂျကာတာနဲ့ မကာဆာ၊ မလေးရှားနိုင်ငံက ကွာလာလမ်ပူ၊ ထိုင်းနိုင်ငံက ဖူးခက်နဲ့ ဘန်ကောက်၊ ဖိလစ်ပိုင်နိုင်ငံက နယူးကလာ့စီးတီးတို့နဲ့အတူ မြန်မာနိုင်ငံက မန္တလေးမြို့တို့ ပါရှိပါတယ်။
တိုင်ပေ ကွန်ပျူတာအသင်းချုပ်ဟာ စမတ်စီးတီးတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ကြုံတွေ့ရတဲ့ ပြဿနာတွေကို နည်းပညာတွေနဲ့ ဖြေရှင်းနိုင်ဖို့ ပူးပေါင်းပါဝင်လျက်ရှိပါတယ်။ အဆိုပါအသင်းချုပ်ဟာ အခြားနိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး ၂၀၁၉ ခုနှစ် စမတ်စီးတီးထိပ်သီးဆွေးနွေးပွဲနှင့် ပြပွဲကို တိုင်ပေမှာ လာမယ့် မတ် (၂၅)ရက်မှ (၂၉)ရက်အထိ ပြုလုပ်မှာဖြစ်ပါတယ်။
စမတ်စီးတီးတစ်ခု အကောင်အထည်ဖော်နိုင်ဖို့အတွက် အစိုးရအနေနဲ့ မူဝါဒ၊ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်းတွေ လိုအပ်သလို၊ လုပ်ငန်းရှင်တွေအနေနဲ့ကလည်း ပြဿနာတွေကို နည်းပညာတွေနဲ့ ပေါင်းစပ်ဖြည့်ဆည်းပေးဖို့ လိုအပ်နေပါတယ်။ ဒါ့ပြင် သာမန်မြို့နေ ပြည်သူတွေအနေနဲ့ကလည်း စမတ်စီးတီးမှာ ဘယ်လိုနေထိုင်ရမယ်ဆို တာကို သိထားရမှာဖြစ်တယ်လို့ တိုင်ပေ ကွန်ပျူတာအသင်းချုပ်က Director General မစ္စတာ Dennis Hu က ပြောပါတယ်။
လူအများအပြားဟာ မြို့ပြပြောင်းလဲမှုရေစီးကြောင်းအရ မြို့တွေဆီ ပြောင်းရွှေ့နေထိုင်လာကြတဲ့အတွက် မြို့တွေဟာ ကြီးသထက် ကြီးလာပါတယ်။ စမတ်စီးတီး စီမံခန့်ခွဲမှုလုပ်ငန်းစဉ်က လူတွေကို ပိုမိုကောင်းမွန် အဆင်ပြေစေမှာဖြစ်ပြီးတော့ စမတ်စီးတီးတွေကိုလည်း ဖော်ဆောင်နိုင်မယ်လို့ ကွန်ပျူတာအသင်းချုပ်က မျှော်မှန်းထားပါတယ်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ (၁၉၉၈)ခုနှစ်က ဒဂုံမြို့သစ် လေးမြို့နယ်ပေါ်လာပြီး အဲဒီမြို့နယ်တွေကအရင်က လယ်ကွက်ဟောင်းတွေမှာ အကွက်ပြန်ဖော်ထားတာဖြစ်လို့ လယ်ကန်သင်းလို၊ တာဘောင်လိုနေရာတွေကို လမ်းထုတ်ထားပြီး နေထိုင်သူတွေက လမ်းအောက်မှာ နေထိုင်ကြရတာကြောင့် မိုးရွာသွန်းတဲ့အခါ အိမ်ထဲမှာ ရေဝပ်တဲ့အခက်အခဲ ရှိခဲ့ပါတယ်။ အဲဒီမြို့သစ်တွေ တည်ထောင်တဲ့နေရာမှာ တခြားလိုအပ်ချက်တွေလည်း အများကြီးရှိခဲ့တာကြောင့် တချို့မြို့နယ်တွေက အခုချိန်ထိ ဖွံ့ဖြိုးသင့်သလောက် မဖွံ့ဖြိုးနိုင်သေးပါဘူး။
ရန်ကုန်မြို့ ဖွံ့ဖြိုးလာတာနဲ့အမျှ တခြားပြည်နယ်နဲ့ တိုင်းဒေသကြီးကလူတွေလည်း ရန်ကုန်ကို ရွှေ့ပြောင်းလာတဲ့အတွက် လူဦးရေ တဖြည်းဖြည်းတိုးလာပြီး ကျူးကျော်ပြဿနာတွေလည်း အများကြီးဖြစ်ခဲ့ပါတယ်။
ရန်ကုန်အနေနဲ့ မြန်မာတစ်နိုင်ငံလုံးမှာ မီဂါစီးတီးဖြစ်လာနိုင်ပြီးတော့ ဖွံ့ဖြိုးတိုးတက်မှု အများဆုံးဖြစ်လာဖို့လည်း တိုင်းဒေသကြီးအစိုးရက မျှော်မှန်းထားပါတယ်။ ရန်ကုန်မြို့မှာ စိန်ခေါ်မှုတစ်ရပ်ကတော့ နေစရာမရှိတဲ့ သူတွေ အများကြီးဖြစ်နေတာပါပဲ။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ရန်ကုန်ဆိပ်ကမ်းကိုလည်း ဒီထက်ပိုပြီးဖွံ့ဖြိုးလာစေရန် ဆောင်ရွက်သွားဖို့ ရှိနေပြီး နိုင်ငံတကာကို ဒီဆိပ်ကမ်းကနေတစ်ဆင့် ကုန်စည်တွေ ပို့ဆောင်ပေးနိုင်ဖို့ ဆောင်ရွက်နေပြီး ရန်ကုန်ဘူတာ Logistic နဲ့ ရပ်တည်လို့ရနိုင်မယ့် အခြေအနေမျိုး ရှိလာနိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က မျှော်မှန်း ထားပါတယ်။
ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်လိုမြို့တွေမှာ မတူညီတဲ့ ဦးတည်ဆောင်ရွက်ရမှာတွေ ရှိနေပြီး ရန်ကုန်မြို့အတွက်ဆိုရင်တော့ စမတ်ဖြစ်တဲ့ သယ်ယူပို့ဆောင်ရေးက အရေးကြီးပါတယ်။ ဘာလို့လဲဆိုတော့ နေ့တိုင်း ယာဉ်ကြောကျပ်တည်းမှုတွေ ရှိနေတာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေခံအဆောက်အအုံဖွံ့ဖြိုးမှုကတော့ အလျင်မမီနိုင်သေးတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်နေပါတယ်။
Ref & Photo Credit : Myanmar Builders Guide
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ