By emg, Shweproperty.com
Updated at 23 September 2012
ရန်ကုန်မြို့ကြီး တစ်ပြေးညီ ဖွံ့ဖြိုးစေရန် ဗဟိုစီးပွားရေးဇုန်များ ဖော်ထုတ်ရန် လိုအပ်နေကြောင်း ထောက်ပြထားပြီး ရန်ကုန်တိုင်းအတွင်း ဒုတိယဗဟိုစီးပွားရေးဇုန် (Secondary Central Business District) ငါးခုကို တည်ဆောက် သွားမည့်စီမံကိန်းများရှိနေသည်ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေး စီမံကိန်း Conceptual Plan တင်ပြချက်မှ သိရသည်။ ရန်ကုန်မြို့တော် လက်ရှိ CBD-Central Business District ၏ လူဦးရေသိပ်သည်းမှုမှာ တစ်စတုရန်းမိုင်လျှင် ကိုးသောင်းကျော်ရှိနေပြီး ရန်ကုန်တွင် အလုပ်လုပ်ကိုင်နေသူဦးရေမှာ နှစ်သန်းခန့် ရှိနေသည်ဟု သိရသည်။ အဆိုပါဦးရေ၏ ၄၀ ရာခိုင်နှုန်း(ရှစ်သိန်း)ခန့်မှာ CBD သို့ နေ့စဉ် သွားရောက်လုပ်ကိုင်နေရသဖြင့် လူဦးရေနှင့် ဆိုင်ခန်းသိပ်သည်းမှု၊ ယာဉ်သွားလာရေး ကျပ်တည်းမှုများ ကြုံတွေ့နေရခြင်းကို လျော့ချရန် ဒုတိယဗဟိုစီးပွားရေးဇုန် များ ပေါ်ပေါက်ရန်လိုအပ်လာသည်ဟု စီမံကိန်းတင်ပြချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံသည် နိုင်ငံရေးနှင့် စီးပွားရေးပြုပြင်ပြောင်းလဲမှုများကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက်လာနေပြီဖြစ်ပြီး စီးပွားရေး လုပ်ငန်းများ လုပ်ဆောင်ရန် ရုံးခန်းလိုအပ်ချက်များ မြင့်မားလာနေသည်ဟု စီးပွားရေးအသိုက်အဝန်းမှ သိရသည်။ ရန်ကုန်မြို့တော်အတွင်း မြေအသုံးချမှုများတွင် ဗဟိုစီးပွားရေးဇုန်များအတွက် အသုံးချမှုမှာ ၁ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိနေသည်။ ဒုတိယဗဟိုစီးပွားရေးဇုန် စီမံကိန်းများကို မင်းဓမ္မလမ်းပေါ်ရှိ ၁၃၅ ဧကခန့် အကျယ်ရှိသည့် မင်းဓမ္မဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၂၀ ခန့်ရှိ ၈ မိုင်လမ်းဆုံ မြိုင်ဟေဝန် ဖွံ့ဖြိုးရေးစီမံကိန်း၊ ဂန္ဓမာလမ်းနှင့် ဝေဇယန္တာလမ်းထောင့်ရှိ အကျယ်အဝန်းဧက ၁၉ ဒသမ ၆ ဧကရှိ ဂန္ဓမာဖွံ့ဖြိုးရေးစီမံကိန်း၊ ၅၀ ဒသမ ၃ ဧကအကျယ်ရှိ ကျောက်ရေတွင်း ဖွံ့ဖြိုးရေး စီမံကိန်း၊ ဧက ၈၀၀ ခန့် အကျယ်ရှိ ခရေဖွံ့ဖြိုးရေးစီမံကိန်းများရှိနေသည်ဟု အဆိုပါတင်ပြချက်အရ သိရသည်။ အဆိုပါ CBD များတွင် ကွန်ဒိုတိုက်ခန်းများ၊ ဟိုတယ်၊ ဈေးဝယ်စင်တာ၊ လျှပ်စစ်စင်တာ၊ ကျောင်း၊ အိမ်ရာများနှင့် ခန်းမပါရှိရန် စီစဉ်ထားကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အခြေခံအဆောက်အဦ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများမှ စိတ်ဝင်စားမှုများလည်း မြင့်မားလျက်ရှိပြီး အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ တရုတ်စသော နိုင်ငံများမှ လာရောက်လေ့လာမှုများ ရှိနေကြောင်းလည်း သိရသည်။ ထို့ပြင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ အကောင်အထည်ဖော်ဆောင်မည့် ''မဟာရန်ကုန် မြို့ပြဖွံ့ဖြိုးရေး မဟာဗျူဟာစီမံကိန်း''အတွက် နိုင်ငံတော်သမ္မတဦးသိန်းစိန်က မြေဧကလေးသောင်း အသုံးပြုခွင့်ပေးအပ်ခဲ့သည်ဟု အ ဆိုပါစီမံကိန်းမှ အကြံပေးပညာရှင် ဒေါက်တာကျော်လတ်က စက်တင်ဘာလ၊ တတိယပတ်အတွင်းက ပြောကြားခဲ့သည်။ Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ