By The Voice, Shweproperty.com
Updated at 6 December 2011
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်လာမည့် ရန်ကုန်မြို့တော်ဖွံ့ဖြိုးရေးအတွက် ရေးဆွဲလျက်ရှိသော Yangon City Development Plan တွင် ဝန်ထမ်းများအိမ်ပိုင်ဆိုင်ရေးအတွက် ဝန်ထမ်းအိမ်ရာများဖော်ထုတ် ၍ အရစ်ကျရောင်းချပေးမည့် အစီအစဉ်ပါဝင်ကြောင်း မြန်မာ့ရင်နှီးမြှုံပ်နှံမှုကောင်မရှင်ဥက္ကဌ ဦးစိုးသိန်းကပြောကြားသည်။
“ရန်ကင်းအိမ်ရာတွေလို ဝန်ထမ်းအိမ်ရာတွေဖော်ထုတ်ပြီး အရစ်ချရောင်းချပေးရန် ဝန်ထမ်းတွေအသက် ၆၀ ပြည့်လို့ ပင်စင်ယူတာနဲ့ အိမ်ပိုင်နဲ့နေသွားမယ်” ဟု စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကဆိုသည်။
Yangon City Development Plan ကို ရန်ကုန်မြို့တော်ဝန် နှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရတို့က ဦစီးလုပ်ဆောင်နေပြီး ငါးနှစ်တာကလအတွင်း စင်ကာပူကဲ့သို့ ဖွံ့ဖြိုး တိုးတက်ရန်ရည်မှန်းချက်လုပ်ဆောင်နေကြောင်း ၊ နိုင်ငံတော်သမ္မတကြီးကလည်း စင်ကာပူ ကဲ့သို့သော ပုံသဏ္ဍန်ရှိသည့် မြို့တော်ဖြစ်လာစေရေး လုပ်ဆောင်ရမည်ဟု လမ်းညွန်ထားကြောင်း ၎င်းကရှင်းပြသည်။
ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေးစီမံကိန်း (Yangon City Development Plan) ကို လာမည့် နှစ် ၃၀ အထိ ရည်မှန်းကာ ရန်ကုန်မြို့တော်တိုးတက်လာသော လူဦးရေနှင့် လျော်ညီစေရန်၊ မြို့ပြဆိုင်ရာ အင်္ဂါရပ်များပီပြင်တိုးတက်လာစေရန် ရည်ရွယ်ပြီး ရန်ကုန်မြို့တော်ဝန် ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရ အပါအဝင် မြန်မာနိုင်ငံရှိ အစိုးရဌာနများ ၊ ပြည်တွင်း NGO များ ပူးပေါင်းကရေးဆွဲနေခြင်းဖြစ်သည်။
ယင်းစီမံကိန်း၌ မြို့ပြဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါဝင်သော မြို့ပြအိမ်ရာများတိုးချဲ့ခြင်း၊ စည်ပင်သာယာရေးကဏ္ဍ ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ၊ ပို့ဆောင်ရေးကဏ္ဍ ၊ လျှပ်စစ်ဓါတ်အားကဏ္ဍ ၊ ဆိပ်ကမ်းလုပ်ငန်းများ ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ကဏ္ဍများ စသည့်တိုးတက်လာသော နည်းပညာ ၊ လူဦးရေများဖြင့် အချိုးချ တွက်ချကာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါစီမံကိန်း ရေးဆွဲရာတွင် ပါဝင်သော မြန်မာနိုင်ငံဗိသုကာပညာရှင်အသင်းမှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
ရန်ကုန်မြို့တော်ကို အလောင်းမင်းတရားကြီးမင်းလက်ထက်က စတင်တည်ထောင်ခဲ့ပြီး ဒုတိယကမ္ဘာစစ်ပြီးခါစတွင်အရှေ့တောင်အာရှနှင့် အာရှတွင်လှပ သန့်ရှင်းသောမြို့တစ်မြို့ အဖြစ်ထင်ရှားခဲ့သည်။
စင်ကာပူနိုင်ငံကို တည်ထောင်ခဲ့သူ လီကွမ်ယူးက ရန်ကုန်မြို့တော်ကိုအတုယူပြီး စင်ကာပူမြို့ပြနိုင်ငံကို တည်ထောင်ခဲ့သည်ဟု ၎င်း၏အတ္ထုပ္ပတ္တိ စာအုပ်တွင်ဖော်ပြပါရှိပြီး စင်ကာပူက မြန်မာနိုင်ငံသို့ လာရောက်လေ့လာခဲ့ဖူးသည်။
လက်ရှိရန်ကုန်မြို့တော်တွင်မြန်မာနိုင်ငံ၏ လူဦးရေ ၁၀ ရာခိုင်နှုန်း ခန့်ဖြစ်သော လူဦးရေ ခြောက်သန်းခန့်နေထိုင်လျက်ရှိသည်။
source : The Voice
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ