By EMG, Shweproperty.com
Updated at 11 July 2013
မြန်မာနိုင်ငံ၏ စီးပွားရေး အချက်အချာ ရန်ကုန်မြို့၏ ရုံးခန်းငှားရမ်းခနှုန်းသည် ကမ္ဘာ့စီးပွားရေး အချက်အချာ မြို့များဖြစ်သော နယူးယောက်၊ တိုကျို၊ ရှန်ဟိုင်းမြို့များထက် ပိုမိုများပြားနေပြီး နိုင်ငံခြား ကုမ္ပဏီများ ရုံးခန်းနေရာ အပြိုင်အအဆိုင် ရှာဖွေနေရကြောင်း နိုင်ငံတကာလုပ်ငန်း အသိုင်းအဝိုင်းထံမှ သိရသည်။
''ဟိုတယ်တစ်ခုမှာ ရုံးခန်းငှားပြီးဖွင့်တာ ၁၀ နှစ်ကျော်ရှိပြီ။ ရုံးခန်းငှားခက တဖြည်းဖြည်း တက်လာတယ်။ အခုနှစ်နှစ်အတွင်း ရုံးခန်းငှားခက အမြင့်ဆုံးကို ရောက်လာတယ်။ ဖြစ်သင့်တဲ့ ပမာဏထက် ကျော်လာတော့ ရုံးချုပ်က ရုံးခန်းနေရာကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်'' ဟု ဂျပန်အခြေစိုက် ကုမ္ပဏီတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများ အရ နိုင်ငံခြား ကုမ္ပဏီ အများအပြား အပြိုင်အဆိုင် ဝင်ရောက်လျက် ရှိသော်လည်း ရုံးခန်းနေရာ ရှားပါးမှုနှင့်အတူ ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို ခံစားနေရကြောင်း သိရသည်။
ရန်ကုန်မြို့ ရုံးခန်းဈေးကွက် အတွင်း Central Point Towers ကဲ့သို့ အဆောက်အအုံများ တိုးတက် လာသော်လည်း လက်ရှိအချိန်အထိ Sedona ဟိုတယ်၊ Traders ဟိုတယ်၊ Sakura Tower နှင့် လပြည့်ဝန်း ပလာဇာကဲ့သို့ အဆောက်အအုံများကသာ အဓိက ရုံးခန်းငှားရမ်းသူများ ဖြစ်နေဆဲ ဖြစ်သည်။
အဆိုပါ ဟိုတယ်များနှင့် အဆောက်အအုံများတွင် ရုံးခန်းခ တိုးမြှင့်ကောက်ခံမှုများကြောင့် နိုင်ငံခြား ကုမ္ပဏီအချို့ ရုံးခန်းနေရာ ရွှေ့ပြောင်းမှုများ ဖြစ်ပေါ်လျက်ရှိပြီး လစ်လပ်ရုံးခန်း နေရာများတွင် အသစ်ဝင်ရောက်လာသည့် နိုင်ငံတကာ ကုမ္ပဏီများ အပြိုင်အဆိုင် ဆက်လက် ငှားရမ်းလျက် ရှိကြောင်း သိရသည်။
လက်ရှိ ရန်ကုန်မြို့မှ နိုင်ငံတကာ အဆင့်မီ ရုံးခန်းနေရာ ငှားရမ်းခများမှာ တစ်လလျှင် ကျပ်သိန်း ၂၅၀ မှ သိန်း ၄၀၀ အထိ ရှိနေပြီး တစ်စတုရန်း မီတာလျှင် အမေရိကန်ဒေါ်လာ ၇၀ မှ ၁၀၀ နီးပါးခန့် အထိရှိကြောင်း သိရသည်။
''ဒီနှုန်းထားက စင်ကာပူနဲ့ ဘန်ကောက် ရုံးခန်းနေရာတွေထက် ပိုမြင့်တဲ့အပြင် ကမ္ဘာ့ စီးပွားရေး မြို့ကြီးတွေဖြစ်တဲ့ နယူးယောက်၊ တိုကျို၊ ရှန်ဟိုင်းမြို့ နေရာတချို့ထက် ဈေးနှုန်းကြီးမြင့်ပါတယ်'' ဟု နိုင်ငံတကာ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ဟိုတယ်နှင့် ရုံးအဆောက်အအုံများ ငှားရမ်းခနှုန်း မြင့်မားလာသည့် အတွက် နိုင်ငံခြား ကုမ္ပဏီ အချို့သည် ရန်ကုန်မြို့ရှိ အရည်အသွေးမီ ကွန်ဒိုအချို့သို့ ပြောင်းရွှေ့ငှားရမ်း လာခြင်းကြောင့် ကွန်ဒိုတိုက်ခန်း ငှားရမ်းခများလည်း မြင့်တက်လာကြောင်း သိရသည်။
နှစ်နှစ်အတွင်း ဖွံ့ဖြိုးလာသည့် ရန်ကုန်မြို့၏ ရုံးခန်းအငှား ဈေးကွက်သည် အဆင့်မီ အထပ်မြင့် အဆောက်အအုံ ရှားပါးမှုကြောင့် လာမည့်နှစ် အနည်းငယ်အထိ ဈေးနှုန်းများ ဆက်လက် မြင့်တက်နိုင်ကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ