By Eleven Media Group, Shweproperty.com
Updated at 1 February 2016
ရန်ကုန်မြို့၏ မြေနေရာအတော်များများတွင် ပြည့်ကျပ်သိပ်နေသဖြင့် ကျဉ်းမြောင်းသည့် လမ်းများနှင့် မြို့တွင်းဝန်းကျင်တွင် ကွန်ဒိုဆောက်လုပ်ခွင့်များ ထပ်မံချထား မပေးသင့်တော့ကြောင်း မြို့ပြဆိုင်ရာ ကျွမ်းကျင်သူများက ပြောကြားသည်။
"သိပ်ပြီးတော့ကျပ်နေတဲ့ ရန်ကုန်မြို့တွင်းလို နေရာတွေမှာ ကွန်ဒိုဆောက်တာတွေက ထပ်ပြီးတော့ မလုပ်သင့်ဘူးလေ။ သူနဂိုကတည်းက အခြေခံအဆောက်အအုံနဲ့ ယာဉ်ကြောလမ်းတွေ အမှိုက်သိမ်းမှုတွေ ရေပေးဝေရေးတွေ လျှပ်စစ်ပေးဖို့တွေ ဒါကလူဦးရေ ဘယ်လောက်မှာ ဘယ်လောက်ဆိုတာ ခံနိုင်အား ရှိတယ်လေ။ သူ့ခံနိုင်ဝန်နဲ့ သူရှိတယ်။ အဲဒီအထဲမှာ မဆန့်မပြဲတွေ ထပ်ဆောက်ရင် မဖြစ်ဘူး။ ဝန်ပိသွားမယ်။ အခုက ဆောက်နေကြတာပဲ" ဟု မြို့ရွာနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ အငြိမ်းစားဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်ဆွေက ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့တွင် မြေနေရာရှိတိုင်း ကွန်ဒိုဆောက်လုပ်ခွင့် မပြုသင့်ကြောင်း၊ အထူးသဖြင့် ကျဉ်းမြောင်းသည့် လမ်းများတွင် ကွန်ဒိုများ မဆောက်လုပ်သင့်ကြောင်း သိရသည်။
"နောက်တစ်ခုက တချို့လမ်းကျဉ်းကျဉ်းလေးတွေ၊ ရပ်ကွက်တွေထဲမှာ ထွက်မရ ပြုမရနဲ့။ တချို့ဆို လမ်းဆုံတည့်တည့်ကြီးမှာ ဆောက်တာ၊ နာမည်နဲ့ပြောလို့ မကောင်းဘူး။ ထပ်ပြီး ယာဉ်ကြောပိတ်ဆို့မှုဖြစ်မယ့် ဟာမျိုးတွေပေါ့။ နေရာတိုင်း မဆောက်ဖို့။ မြေအကျယ်ရှိတိုင်းလည်း မပေးသင့်ဘူး။ ရန်ကုန်မြို့ရဲ့ နေရာတော်တော်များက ပြည့်ကြပ်သိပ်နေတာပဲ။ ဖြစ်နိုင်ရင် ရန်ကုန်မြို့မှာ ကွန်ဒိုဆောက်လုပ်ခွင့် ထပ်မပေးသင့်တော့ဘူး။ ရန်ကုန်မြို့တွင်း CBD ခေါ်တာပေါ့နော်။ Central Business District မှာ လုံးဝခွင့်ပြုဖို့ မကောင်းတော့ဘူး။ ကြပ်နေတယ်" ဟု ဦးမြင့်ဆွေက ပြောကြားသည်။
"ရန်ကုန်မြို့လယ် Down Town မှာ အင်္ဂလိပ်ခေတ်ကတည်းက လူဦးရေ ဘယ်လောက်နဲ့ လမ်းအကျဉ်း အကျယ်တွေကို မျှထားတာ။ အဲဒီတော့ လမ်းတွေလည်း ထပ်ချဲ့လို့မရဘူး။ အဲဒီလို အခြေအနေမှာ အထပ်မြင့်တွေ ထပ်ဆောက်ရင် လူဦးရေ သိပ်သည်းမှု အဆက အများကြီးမြင့်သွားမယ်။ မော်တော်ကားတွေ အများကြီး ဝင်လာမယ်၊ ပိုင်ရှင်တွေလည်း အများကြီး ဝင်လာမယ်ဆိုရင် မနိုင်တဲ့ဝန် ဖြစ်သွားမယ်" ဟု မြို့ပြဆိုင်ရာ ကျွမ်းကျင်သူ တစ်ဦးက ပြောကြားသည်။
ကွန်ဒိုဆောက်လုပ်နေမှုမှာ လက်ရှိအချိန်တွင် ရန်ကုန်မြို့တွင်သာ အများဆုံး ဆောက်လုပ်နေသော်လည်း မကြာမီကာလများတွင် ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း ဆောက်လုပ်လာတော့မည် ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆောက်လုပ်ရာတွင် နယ်မြေကန့်သတ်ကာ ဆောက်လုပ်မှုများ ပြုလုပ်သင့်ကြောင်း သိရသည်။
"ဆောက်ခွင့်ပေးပြီဆိုတဲ့ နေရာမှာလည်း နေရာတိုင်းတော့ ပေးလို့မရဘူး။ ဥပမာ-ဆိတ်ငြိမ် ရပ်ကွက်တွေထဲမှာ အခုလုပ်နေကြတယ်။ အဲဒါက တော်တော် ဖရိုဖရဲ နိုင်တယ်။ ဥပဒေ ပေါ်လာပြီကွဆိုပြီး ပိုပြီး ဖရိုဖရဲ ဖြစ်လာနိုင်တာကိုတော့ စောင့်ကြည့်ဖို့တော့ လိုပါတယ်" ဟု ဦးမြင့်ဆွေက သုံးသပ်ပြောကြားသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ