By Yangon Times, Shweproperty.com
Updated at 24 August 2013
တောင်ကိုရီးယားနိုင်ငံက တည်ဆောက်ပေးမည့် ရန်ကုန်-ဒလ တံတား စီမံကိန်းကို ယခုအစိုးရ သက်တမ်းအတွင်း တည်ဆောက်တော့မည် မဟုတ်ကြောင်း၊ လက်ရှိ အစိုးရသက်တမ်း ကုန်ဆုံးမည့် ၂၀၁၅ခုနှစ်အတွင်း ယင်းစီမံကိန်းကို ရပ်နားလိုက်ခြင်းသည် စီမံကိန်းကြောင့် ဖြစ်ပေါ်လာသည့် မြေဈေးနှုန်းမြင့်မားမှုများကြောင့် ဖြစ်ကြောင်း၊ နိုင်ငံတော် သမ္မတရုံး၊ ပြည်ထောင်စု ဝန်ကြီးဦးစိုးသိန်းက သြဂုတ် ၂၃ရက်နေ့က ပြုလုပ်သည့် နေပြည်တော် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်ဟု သိရသည်။
“စီမံကိန်းတစ်ခုလုပ်တော့မယ်ဆိုရင် မြန်မာ့မြေဈေးက မြင့်ပြီ။ ဒါကြောင့်မို့ ၂၀၁၅ခုနှစ်အထိ ယခုအစိုးရသက်တမ်းအတွင်း ဒလတံတား စီမံကိန်းကို ရပ်နားထားမယ်”ဟု ဦးစိုးသိန်းက ပြောသည်။ အဆိုပါ တံတား စီမံကိန်းကို ဇွန်လအတွင်းက မြန်မာနိုင်ငံသို့ ရောက်ရှိလာသည့် တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးနှင့် မြန်မာနိုင်ငံ ဘဏ္ဍာရေး ဝန်ကြီးတို့အကြားနေပြည်တော်၌ တွေ့ဆုံစဉ် နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အပါအဝင် ယခုတံတား စီမံကိန်း ပြုလုပ်ပေးရန်အတွက် စီစဉ်ခဲ့ခြင်း ဖြစ်ပြီး တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီး ကိုယ်တိုင် ဒလမြို့နယ်သို့ သွားရောက် လေ့လာပြီး ခြောက်လအတွင်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ် တည်ဆောက်ရန် စီစဉ်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။
ယင်းတောင်ကိုရီးယား-မြန်မာ ချစ်ကြည်ရေး တံတားထိုးမည်ဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့သည့် နောက်ပိုင်း ဒလမြေဈေးသည် တစ်ရှိန်ထိုး မြင့်တက်ခဲ့ပြီး ယင်းတံတားထိုးမည့် စီမံကိန်းသည် ဒလမြို့နယ် ဒေသခံတို့၏ အိပ်မက်တစ်ခု ဖြစ်ခဲ့ကြောင်း ယင်းမြို့နယ်အတွင်းမှ အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများက ပြောကြားသည်။
“အခုလို အစိုးရဘက်က တရားဝင် ပြောလိုက်ရင် ဒေသခံတွေတော့ အများကြီး နစ်နာပြီ။ မြေသာရှိပြီး သူတို့က တောင့်မခံနိုင်ဘူး။ ၂၀၁၅အထိဆိုရင် ကြာဦးမှာလေ။ စီမံကိန်းကတော့ ဖြစ်မယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကြောင့် မြေဈေးတွေ ထိုးကျပြီး မြေဝယ်စုသူတွေ အကြိုက်ဖြစ်သွားမယ်”ဟု အိမ်ခြံမြေ လုပ်သက်နှစ် ၂၀ခန့်ရှိသူ မချိုက ပြောသည်။
လက်ရှိတွင် ယင်းတံတား စီမံကိန်းကြောင့် အခြေခံမြေဈေးနှုန်းသည် မြေတစ်ကွက်လျှင် သိန်း ၃၅၀အထိ ဈေးရှိသော်လည်း ဝယ်မည့်သူမရှိပဲ စီမံကိန်းရပ်နားသည့် သတင်းကြောင့် ပေ ၅၀ပတ်လည် မြေကွက်ဈေးနှုန်းများ သိန်း ၁၅၀အောက် ထိုးကျသွားနိုင်ကြောင်း၊ ဒလအိမ်ခြံမြေ အကျိုးဆောင် အသိုင်းအဝိုင်းက ခန့်မှန်းသည်။
ဒလမြို့နယ်၊ အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဝင်းက “ရပ်နားမယ်ဆိုတာ မကြားသေးဘူး။ သြဂုတ်လ ၂၁ရက်ကတောင် ဆာဗေးအဖွဲ့တွေ ကျွန်တော့်ဆီကို လာခဲ့သေးတယ်”ဟု ပြောသည်။ ကျန်စစ်သား ရပ်ကွက်မှ ဦးထွန်းလှကလည်း “ဦးလေးတို့က သမ္ဗာန်စီးရတဲ့ ဒုက္ခက မလွတ်သေးဘူးပေါ့”ဟု သူ၏ အမြင်ကို ပြောပြသည်။
ယခုဆိုင်းငံ့လိုက်သည့် တောင်ကိုရီးယား - မြန်မာ ချစ်ကြည်ရေး ရန်ကုန်မြစ်ဖြတ် ဒလတံတားသည် တံတားစီမံကိန်းအပြင် ဒလမြို့နယ်ဘက်ခြမ်း၌ တောင်ကိုရီးယား စက်မှုဇုန်တစ်ခုလည်း ပါဝင်မည့် အစီအစဉ်ဖြစ်ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး မြန်မာနိုင်ငံ ရောက်ရှိနေစဉ် အချိန်၌ ကိုရီးယားနိုင်ငံ သတင်းစာများတွင် ဖော်ပြခဲ့သည့် စီမံကိန်းတစ်ခုဖြစ်ကြောင်း သိရပါသည်။
Ref : Yangon Times
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ