By 7daydaily, Shweproperty.com
Updated at 16 October 2015
ရန်ကုန်-ဒလ တံတား စီမံကိန်းအတွင်း ကျရောက်ဖွယ် ရှိသည့် မြေနေရာများအတွက် သက်ဆိုင်ရာက မကြာမီ လျော် ကြေးများ ပေးအပ်ရန် စီစဉ်နေ ကြောင်း ဒလမြို့နယ် ဒေသခံများ ထံမှ သတင်းရရှိသည်။ ‘‘မြေတွေ လာတိုင်းတဲ့ နေ့ကတည်းက လျော်ကြေးက ပေ ၄၀×၆၀ တစ်ကွက်ကို ကာလပေါက်ဈေးအတိုင်း ပေးမယ်လို့ ပြောတယ်။ တချို့မြေတွေကို တော့ စီမံကိန်းကာလအတွင်းမှာ ငှားမယ်။ ပြီးရင် ပြန်အပ်မယ်လို့ ပြောတယ်’’ဟု ဒလမြို့နယ် တံတားစီမံကိန်းမှ မြေဖယ်ရှားခြင်းခံရမည့် စာရင်းတွင် ပါဝင်သူ ဦး ကျော်ကြီးက ပြောသည်။
ကိုရီးယား-မြန်မာချစ်ကြည် ရေးတံတားအဖြစ် တည်ဆောက် မည့် ရန်ကုန်-ဒလမြစ်ကူးတံတား စီမံကိန်း မကြာမီစတင်တော့မည် ဖြစ်၍ စီမံကိန်းဧရိယာအတွင်း ကျရောက်နေသည့် မြေကွက်များကို စာရင်းကောက်ယူထားပြီး လျော်ကြေးအားလုံးရရှိရန် စီစဉ်နေ ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာန ညွှန်ကြားရေးမှူးတစ်ဦးက ပြောသည်။
‘‘လျော်ကြေးကိုတော့ အ ဆင့်ဆင့်ညှိနှိုင်းနေတုန်းပဲ။ အမြန် ဆုံးတော့ လျော်သွားမှာပါ’’ဟု ၎င်းက ပြောသည်။
စီမံကိန်းတွင် ဖယ်ရှားခံရ မည့် ဒေသခံများ၏ အဆိုအရ မြေတစ်ကွက်လျှင် ကျပ်သိန်း တစ်ထောင်ကျော် ရရှိနိုင်ကြောင်း သက်ဆိုင်ရာက လာရောက်ပြောကြားသွားသည် ဆိုသော်လည်း ဆောက်လုပ်ရေးဝန်ကြီးဌာနက အဆိုပါ လျော်ကြေးကိစ္စကို တိကျစွာ ဖြေကြားပေးခြင်းမရှိပေ။
တံတားစီမံကိန်းအတွင်း ပါ ဝင်သည့် စာသင်ကျောင်းနှင့် သာ သနိက အဆောက်အအုံများကို နေရာပြောင်းရွှေ့ တည်ဆောက် မည်ဖြစ်ပြီး စည်ပင်သာယာ နယ်နိမိတ်အတွင်းရှိ ဈေးဆိုင်ခန်းများကို ရွှေ့ပြောင်းစရိတ်နှင့် ထောက်ပံံကြေးများ ပေးအပ်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
‘‘ဗိုလ်မင်းရောင်လမ်းဘက် က တချို့အိမ်တွေဆို ဒလမြေဈေး တွေ တက်ကတည်းက ရောင်းထားကြတဲ့ အိမ်တွေ ဝယ်ထားတဲ့သူက ဈေးကစားဖို့ဝယ်ထားတာ။ လျော်ကြေးတော့ မလိုချင်ဘူး။အခုအဲဒီနေရာတွေ ထုတ်ရောင်းနေပေမယ့် ဘယ်သူမှမဝယ်ကြတော့ဘူး။ စီမံကိန်းနဲ့မလွတ်လို့’’ဟု ဒလမြို့နယ်မှ အိမ်ခြံမြေအကျိုးဆောင် ကိုဇေယျာက ပြောသည်။
အမေရိကန်ဒေါ်လာ ၁၆၈ သန်းကျော် ကုန်ကျမည့် အဆိုပါ တံတားစီမံကိန်းကို ရန်ကုန် ဘုန်းကြီးလမ်းဘက်ခြမ်းမှ ဒလမြို့နယ် ဗိုလ်မင်းရောင်လမ်းသို့ သွယ်တန်းဖောက်လုပ်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ငါးနှစ်ကျော်ကြာမြင့်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနက ခန့်မှန်းထားသည်။
Ref : 7daydaily
Photo Credit : Myanmar Focus Group
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ