By MOI Webportal Myanmar, Shweproperty.com
Updated at 2 February 2016
ကိုရီးယား-မြန်မာ နှစ်နိုင်ငံချစ်ကြည်ရေးတံတား (ရန်ကုန်-ဒလ)နှင့် မလွတ်ကင်းသည့်အိမ်ရာများအတွက် ယခုလအတွင်း လျော်ကြေးငွေပေးအပ် ပွဲအခမ်းအနား ကျင်းပပြုလုပ်မည်ဟု ဒလမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲဝင်းက ကျန်စစ်သားရပ်ကွက် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ၌ ပြောသည်။
''ဆောက်လုပ်ခွင့်တင်ဒါအောင်တာကတော့ ကိုရီးယားနိုင်ငံကပါ။ ခုတော့ ရှင်းလင်းဆောင်ကို ကမာကဆစ်မှာ ဆောက်နေပါပြီ။ မလွတ်ကင်းလို့ ဖျက်ပစ် ရမယ့်အိမ် ၆၈လုံးကလည်း အဝေးရောက်နေသူကလွဲလို့ သဘောတူကြောင်း လက်မှတ်ထိုးပြီးပြီ''ဟု ၎င်းကပြောသည်။ ဗိုလ်ရန်ပြေရပ်ကွက်နေ ဒေသခံတစ်ဦးဖြစ်သူ ဦးသောင်းရီက ''ကျွန်တော်တို့နိုင်ငံမှာ မြစ်ကူးတံတားတွေအများကြီးဆောက်ခဲ့ပေမယ့် ရန်ကုန်-ဒလ မြစ်ကူးတံတားမပါပါဘူး။
ပဟေဠိဆန်တဲ့ပုစ္ဆာတစ်ပုဒ်လို ခုတော့အဖြေပေါ်သွားပါပြီ။ မကြာခင်မှာ ခံ့ညားလှပတဲ့ ရန်ကုန်-ဒလမြစ်ကူးတံတားကြီး တည်ဆောက်တော့မယ်လို့ ကြားပါတယ်''ဟု ပြောသည်။ ကျန်စစ်သားရပ်ကွက်နေ ဦးဝင်းမောင်(ကျောင်းဆရာ-ငြိမ်း)ကလည်း ''ဟိုးလွန်ခဲ့တဲ့ နှစ်များကတည်းက ရန်ကုန်-ဒလမြစ်ကူးတံတား ရွှေရောင်အိပ်မက်ကို ခုတော့ထုဆစ်ခွင့်ရပါပြီ။ ကျွန်တော့်အသက်က (၇ဝ)ဆိုတော့ တံတားကြီး ပြီးတဲ့အထိတော့ မြင်တွေ့ချင်ပါတယ်ဗျာ''ဟု ပြောသည်။
အဆိုပါတံတားတည်ဆောက်ရာတွင် မြေနေရာပြန်လည်ချထားရေးနှင့် လျော်ကြေးငွေပေးအပ်ရေးကော်မတီဝင် ဦးတင်လှိုင်က ''ဒီနှစ်ဘတ်ဂျက်က ရတဲ့ငွေကို အကုန်လုံးသုံးရမှာပါ။ တကယ်တမ်းလျော်ကြေးပေးရမယ့်ငွေက သုံးဘီလီယံကျော်ရှိတယ်။ ဘတ်ဂျက်က တစ်ဘီလီယံသာ ကျန်တဲ့အတွက် အဲဒါကို မလွတ်ကင်းတဲ့အိမ်ရာတွေအတွက် လျော်ကြေးကို အခမ်းအနားနဲ့ ပေးမှာဖြစ်ပါတယ်။ နောက်ပြီး ကျောင်းပိတ်တဲ့ရာသီမှာ မလွတ်ကင်းတဲ့ အထက(၂)ဒလ ကျောင်းဆောင်ကိုဖျက်ပြီး ပြန်ဆောက်ပေးရမယ်။ ကမာကဆစ် အနောက် ဘုန်းတော်ကြီးကျောင်းကိုလည်းဖျက်ပြီး ပြန်ဆောက်ပေးရမယ်။ လမ်းဘေးက ဘုရားကြီးကိုလည်း နေရာရွှေ့ပေးရမယ်။ မလွတ်ကင်းတဲ့ လမ်းဘေးဈေးသည်တွေကိုတော့ လျော်ကြေးငွေ ခဏဆိုင်းထားရမယ့်သဘောပါ။ ဘတ်ဂျက်နဲ့ ရှိတဲ့ငွေကို ပေးရတာပါ။ ဒါကြောင့် ဆိုင်းငံ့ရတဲ့သဘောပါ။ နောက်ဘတ်ဂျက်ကျရင်တော့ အားလုံးအဆင်ပြေမှာပါ''ဟု ပြောသည်။
ပင်မတံတား ၁၉၃၆ ပေ၊ ချဉ်းကပ်တံတား(ရန်ကုန်) ၂ဝ၂၆ ပေ၊ ချဉ်းကပ်တံတား (ဒလ) ၂၁၈၂ ပေ၊ ဆင်ခြေလျှောတံတားအရှည် ၁ဝ၁၅ မီတာ၊ ဆင်ခြေလျှောတံတား(ရန်ကုန်) ၁၇၂၂ပေ၊ ဆင်ခြေလျှောတံတား(ဒလ) ၁၆ဝ၈ ပေ၊ ပင်မတံတားအကျယ် (လေးလမ်းသွား) ၈၇ ပေ၊ ချဉ်းကပ်တံတား အကျယ်(ဒလ) ၆၈ ပေ၊ ရေလမ်းကင်းလွတ်အမြင့် ပေ ၁၆ဝ၊ ရေလမ်းအကျယ် ၅၂၅ ပေ ဖြစ်သည်ဟု တံတားဦးစီးမှ သိရသည်။
စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မြင့်ဦးက ''လမ်းဘေးမှာ ထီးလေးမိုး၊ အခင်းလေးခင်းပြီး၊ မုန့်ဟင်းခါးရောင်းတာ။ အဲဒါတံတားနဲ့မလွတ်လို့ ဖယ်ပေးရမယ်။ သူ့အတွက်လည်း ကြီးကြီးမားမားဆုံးရှုံးမှုမရှိဘူး။ ဒါပေမယ့် ကျွန်တော်တို့က နစ်နာကြေးပေးမယ်။ ဈေးဆိုင်ခန်းအခိုင်အမာဆောက်ထားတဲ့ဆိုင်ရော မခိုင်မာတဲ့လမ်းဘေးဈေးသည်တွေအတွက်ပါ လျော်ကြေးငွေကျပ် သိန်း ၆ဝဝ လောက်ရှိတယ်။ ဒီနှစ်အတွက် ဘတ်ဂျက်မမီပေမယ့် နောက်နှစ်မှာ လျော်ကြေးပေးမှာပါ''ဟု ပြောသည်။
ကိုရီးယားသမ္မတနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက် ရေးရန်ပုံငွေ EDCF Loan ချေးငွေဖြင့် ဆောက်ရွက်မည့်လုပ်ငန်းနှင့် ခန့်မှန်းကုန်ကျငွေ အမေရိကန်ဒေါ်လာ ၁၃၇ ဒသမ ၈၃၃သန်းဖြစ်ပြီး တံတားဆောက်လုပ်မည့်စီမံကိန်းကာလမှာ ငါးနှစ်ဖြစ်သည်။ ယင်းအတွက် အတိုးနှုန်းမှာ သုည ဒသမ ဝ၁ရာခိုင်နှုန်း၊ ဆိုင်းငံ့ကာလမှာ ၁၅နှစ်ဖြစ်ပြီး ပြန်ဆပ်ကာလမှာ ၂၅ နှစ် စုစုပေါင်း နှစ် ၄ဝ ဖြစ်သည်။ ချေးငွေ ပေးဆပ်မှုမှာ တစ်နှစ်လျှင်နှစ်ကြိမ်၊ ပျက်ကွက်မှုစရိတ် တစ်နှစ်လျှင် နှစ်ရာခိုင်နှုန်း၊ ဝန်ဆောင်မှုစရိတ်မှာ သုည ဒသမ ၁ ရာခိုင်နှုန်းဖြစ်သည်ဟု ဦးတင်လှိုင်က ပြောသည်။
အဆိုပါတံတားကြီးကို အဝေးပြေးလမ်းမကြီး အမှတ် (၁)နှင့် ချိတ်ဆက် အသုံးပြုမည်ဟု တံတားဦးစီးထံမှ သိရသည်။ ဧရာဝတီတိုင်းဒေသကြီး၏ ဒုတိယမြောက် ဝင်ပေါက်ထွက်ပေါက်ဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
Ref : MOI Webportal Myanmar
Photo Credit : myanmarcs
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ