By အောင်သူရ ၊ မိုးညို, Shweproperty.com
Updated at 23 January 2013
စီမံကိန်းဆောင်ရွက်ရန် ငါးနှစ်အတွင်း ဒေါ်လာသန်း ၂၂ဝဝကျော် ကုန်ကျမည်ဖြစ်ပြီး ဂျပန်က ဒေါ်လာသန်း ၅ဝဝ ယခုနှစ်တွင်ချေးမည်
နှစ် ၃ဝ မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းတွင် မြို့နယ်ခြောက်မြို့ နယ်ဧက ၃၇ဝ,ဝဝဝကျော် (၁၅ဝဝဝ စတုရန်းကီလိုမီတာ) တိုးချဲ့ရန် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)မှ အဆိုပြုထားကြောင်းရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြစီမံကိန်းဌာန ဒုတိယဌာနမှူး ဦးတိုးအောင်ကပြောသည်။
သန်လျင်၊ ကျောက်တန်း၊မှော်ဘီ၊ လှည်းကူး၊ ထန်းတပင်နှင့် တွံတေးမြို့နယ်တို့တွင် ဧက၃၇ဝ,ဝဝဝ ကျော်ကို မြို့ပြဧရိယာအဖြစ် ထပ်မံတိုးချဲ့နိုင်ကြောင်း JICA က ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြံပြုထားခြင်းဖြစ်သည်။
ယင်းစီမံကိန်းအား JICA မှရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီသို့ အကြံပြုတင်ပြထားခြင်းဖြစ်ပြီး ပညာရှင်များကယင်းမြေနေရာများ တိုးချဲ့နိုင်ရေးအတွက် ပြန်လည်ဆွေးနွေးဖြည့်စွက်ကာ နိုင်ငံတော်သမ္မတထံသို့်ထပ်မံတင်ပြသွားမည် ဖြစ်ကြောင်း မြို့ပြနှင့်ဗိသုကာဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဒေါက်တာကျော်လတ်ကပြောသည်။
ထို့အပြင် နှစ် ၃ဝ စီမံကိန်းအရ ရန်ကုန်မြို့တော် တိုးချဲ့ရန် အတွက် ၂ဝ၁၂ ခုနှစ် စက်တင်ဘာ ၁၄ ရက်က မြေဧကလေးသောင်းကျော်ကို တိုးချဲ့ရန် နိုင်ငံတော်သမ္မတက ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီသို့ ခွင့် ပြုပေးထားသည်။ JICA က အကြံပြုသောနေရာများနှင့် သမ္မတခွင့်ပြုထားသော နေရာများ မတူညီပေ။
JICA မှ အဆိုပြုထားသည့်မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအတွက် ၂ဝ၁၃ မှ ၂ဝ၁၈ ခုနှစ်အထိ ပထမငါးနှစ်တာကာလအတွင်း အမေရိကန်ဒေါ်လာသန်း ၂၂၄၅ ကုန်ကျမည်ဟု ကနဦး ခန့်မှန်းထားပြီး ဂျပန်နိုင်ငံက ယခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်း ၅ဝဝ ချေးမည်ဟုရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်သည်။ ထို သန်း ၅ဝဝ ချေးပြီးပါကလည်းထပ်မံချေးပေးရန် အစီအစဉ်ရ ကြောင်းလည်း သတင်းရရှိသည်။
ယင်းစီမံကိန်းမြို့နယ်များတွင် တန်ဖိုးနည်းအိမ်ရာစီမံကိန်းများ၊ လမ်း၊ လျှပ်စစ်မီး၊ ရေနှင့်မိလ္လာစနစ်များဖြစ်သည့် အခြေခံအဆောက်အအုံများ အဓိက ပါဝင်တည်ဆောက်နိုင်ရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) မှကျွမ်းကျင်ပညာရှင်များ အပါအဝင် ပြည်တွင်းပညာရှင်တို့မှ စုပေါင်းအကြံပြုရေးဆွဲထားခြင်းဖြစ်သည်။
စီမံကိန်း သတင်းကြောင့်၂ဝ၁၂ ခုနှစ် အစပိုင်းမှစတင်၍ သတင်း ထွက်ပေါ်အပြီး ရန်ကုန်−ဒလ ဘက်ကမ်း၊ သန်လျင် နှင့် ကျောက်တန်းမြို့နယ်အချို့တွင် အိမ်ခြံမြေဈေးနှုန်းများ တစ်ဟုန်ထိုးမြင့်တက်လာခဲ့သည်။
''သတင်း အတိအကျထွက်သွားပြီဆိုတာနဲ့ အဲဒီနေရာမှာဝယ်ထားတဲ့သူတွေ ဈေးစကစားလို့ရပြီ။ အမှန်တကယ် စီးပွားရေးလုပ်မယ့်သူတွေလက်ထဲမှာတော့ မရှိသေးဘူး''ဟု သန်လျင် မြို့နယ်မှှပန်းတိုင်အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းရှင်က ပြောသည်။
ယင်းစီမံကိန်းတွင် အစိုးရဌာနပိုင်မြေများ၊ လယ်မြေများ အများဆုံးပါဝင်လာပြီး မြေလွတ်မြေရိုင်းများ တွင်ပါ အဓိကတိုးချဲ့ရှိကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ မြို့ပြဌာနမှ လက်ထောက်ဌာနမှူးက ခန့်မှန်းပြောကြားသည်။
ယခင်နှစ် ၂၀ ကျော်က အစိုးရကဖော်ထုတ်ခဲ့သည့် မြို့သစ်အများစုမှာ စနစ်မကျဘဲ ဖွံ့ဖြိုးမှုအားနည်းခဲ့ကြောင်း၊ ယခုစီမံကိန်းမှာ ယင်းကဲ့သို့ အမှား အယွင်းများ မဖြစ်စေပေါ်စေဘဲ စနစ်ကျစေရန် အဆင့်တန်းမြင့်လူနေရပ်ကွက်များ အဓိကဖော်ထုတ်ရန် လိုအပ်ကြောင်း ရန်ကုန်မြို့ပြဖွံ့ဖြိုးမှုစီမံကိန်းအကြံပေးပညာရှင် ဒေါက်တာကျော်လတ်က ပြောသည်။
ယခင်ဖော်ထုတ်ခဲ့သော မြို့သစ်မြို့နယ်များကိုပါ စနစ်ကျစေရန်လမ်း၊ လျှပ်စစ်၊ ရေအစရှိသော ပြဿနာများကိုလည်း ပြန်လည်ဖြေရှင်း ပေးသင့်ကြောင်း တောင်ဝင်ဆောက်လုပ်ရေးကုမ္မဏီ အုပ်ချုပ်မှု ဒါရိုက်တာဦးကိုကိုထွေးကပြောသည်။
ထို့အပြင် ထပ်မံဖော်ထုတ်သည့် နယ်မြေသစ်များတွင် အိမ်ရာစီမံကိန်းသစ်များ၊ ဟိုတယ် စီမံကိန်းများကို ခွင့်ပြုချက်ရပါက အဓီကလုပ်ဆောင်လိုကြောင်း နေပြည်တော်ရှိ ဆောက်လုပ်ရေးလုပ်ငန်းအများစု လုပ်ကိုင်ခွင့်အများဆုံးရခဲ့သော ဆောက်လုပ်ရေးလုပ်ငန်းရှင် တစ်ဦး ကပြောသည်။
လက်ရှိ ရန်ကုန်မြို့၏ အကျယ်အဝန်းမှာ စတုရန်းကီလိုမီတာ ၃ဝဝ ကျော်သာ ကျယ်ဝန်းပြီး မြို့တွင်းပိုင်းတင်းကျပ်တည်မူများကို ဖြေလျော့ရန် ယင်းစီမံကိန်းမှအထောက်အကူပေးနိုင်ရန် မျှော်လင့်မိကြောင်း ဆောက်လုပ် ရေးလုပ်ငန်းရှင်များကပြောသည်။
Source : 7days
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ