By Myanmar Times, Shweproperty.com
Updated at 6 October 2016
ရန်ကုန်မြို့တစ်ဖက်ကမ်းရှိ ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့နယ်များက မြေကွက် များကို ဝယ်ယူရန် စိတ်ဝင်စားသူများပြား လာပြီး မြေကွက်များ အရောင်းအဝယ်ဖြစ်နေကြောင်း မြို့ခံ အိမ်ခြံမြေအကျိုးဆောင် များက ပြောသည်။
လာမည့်နှစ်တွင် စတင်အကောင်အထည်ဖော်ဆောက်လုပ်မည့် ရန်ကုန်-ဒလမြစ်ကူး တံတားသစ်စီမံကိန်းနှင့် မြို့သစ်စီမံကိန်းများကြောင့် ရန်ကုန်မြို့ တစ်ဖက်ကမ်းရှိ အဆိုပါမြို့နယ် များက မြေကွက်များကို ဝယ်ယူရန် စိတ်ဝင်စားသူများပြားလာခြင်း ဖြစ်သည်ဟု ဒလမြို့ခံ အိမ်ခြံမြေ အကျိုးဆောင် ဦးအာင်သူက ပြောသည်။
"ရန်ကုန်မြို့တစ်ဖက်ကမ်းက မြေကွက်တွေကို ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူလိုသူတွေ များလာတာကို တွေ့ရပါတယ်။ အဆောက်အအုံပိုင်းမှာ ရင်းနှီးမြှုပ်နှံဖို့ တိုက်ခန်းတွေ ဝယ်ယူထားရမှာထက် မြေကွက်တွေ ဝယ်ယူ ထားရမှာကို ရင်းနှီးမြှုပ်နှံသူတွေက ပိုနှစ်သက် ကြတယ်။ အိမ်ခြံမြေဈေးကွက် အေးနေပေမဲ့ မြို့စွန်က မြေကွက်တွေကို ရင်းနှီးမြှုပ်နှံဖို့ ဝယ်ယူထားလို သူတွေ ရှိနေဆဲပါပဲ"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့စွန်များတွင် မြို့သစ်စီမံကိန်း များ အကောင်အထည်ဖော် ဆောင်ရွက်နေ ခြင်းကြောင့်လည်း အဆိုပါမြို့နယ်များမှ မြေကွက်များကို ဝယ်ယူလိုသူ ပိုမိုများပြား လာခြင်းဖြစ်ကြောင်း ဦးအောင်သူက ပြောသည်။
ဒလမြို့အနီးပတ်ဝန်းကျင်တွင် တည်ရှိ သော ကော့မှူး၊ ကွမ်းခြံကုန်း၊ ဆိပ်ကြီးခနောင် တိုနှင့် တွံတေးမြို့နယ်များကို ပိုမိုဖွံ့ဖြိုးတိုး တက်စေရန် မြို့သစ်စီမံကိန်းနှင့် လူထုဗဟိုပြု စီမံကိန်း စသောစီမံကိန်းများ အသီးသီး ဖော်ဆောင်နေသောကြောင့် အဆိုပါမြို့နယ် များရှိ မြေကွက် များကို ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြောင်း ၎င်းက ပြောသည်။
"ဒလနဲ့ဆက်စပ်တဲ့ မြို့နယ်တွေဖြစ်တဲ့ ကော့မှူးနဲ့ ကွမ်းခြံကုန်းမြို့နယ်တွေကို လူထုဗဟိုပြုစီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဆိပ်ကြီးခနောင်တိုနဲ့ တွံတေးမြို့နယ်တွေမှာ အနောက်တောင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော် ဆောင်ရွက်နေတာတွေကြောင့် မဖွံ့ဖြိုးသေး တဲ့ အဲဒီမြို့သစ်တွေက မြေကွက်တွေကို ဝယ်ယူလာကြတာ ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။
မြေကွက်အရောင်းအဝယ်များဖြစ်နေ သော်လည်း ယခုအချိန်ထိ မြေကွက်ဈေးနှုန်းများ အပြောင်းအလဲမဖြစ်သေးဘဲ ယခင်ဈေး နှုန်းများဖြင့်သာ အရောင်းအဝယ်ဖြစ် နေကြောင်း ဦးအောင်သူက ပြောသည်။
ကော့မှူးမြို့နယ် မြို့ခံ အိမ်ခြံမြေအကျိုး ဆောင် ကိုကျော်နိုင်ကလည်း "ကော့မှူးမြို့ နယ်မှာ မြေကွက်တွေ အရောင်းအဝယ်ဖြစ် နေတယ်လို့ ပြောလို့ရပေမဲ့ ဈေးနှုန်းကတော့ သိသိ သာသာ အပြောင်းအလဲမရှိသေးပါဘူး။ လမ်းမတန်းတွေက မြေကွက်တွေကတော့ တစ်ဧကကို သိန်းထောင်ချီ တန်နေပေမဲ့ ရပ်ကွက်တွင်းက မြေကွက်တွေကတော့ စတုရန်းပေ ၂,၄၀၀ ကို သိန်းဆယ်ဂဏန်းလေးပဲ ရှိပါသေးတယ်" ဟု ပြောသည်။
အဆိုပါမြို့နယ်များတွင် လမ်းသစ်များ ဖောက်လုပ်လာခြင်းကြောင့်လည်း ထိုမြို့ နယ်များရှိ မြေကွက်များကို ရင်းနှီးမြှုပ်နှံသူ များ ရှိလာခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
"ကော့မှူး၊ ကွမ်းခြံကုန်းနဲ့ တွံတေးမြို့နယ်တွေမှာ အစိုးရရဲ့အထောက်အပံ့နဲ့ လမ်းတွေ ဖောက်လုပ်နေတာရှိပါတယ်။ တချို့လမ်းသစ်တွေ ဖောက်လုပ် ခဲ့တဲ့အတွက်လည်း လမ်းပန်းဆက်သွယ်ရေးအဆင်ပြေပြီး ရွာ တွေမှာ ရင်းနှီးမြှုပ်နှံဖို့ မြေကွက်ဝယ်လိုသူတွေ ရှိလာတာပါ။ အရင်က ကော့မှူးကနေ ရန်ကုန် ကိုလာဖို့ တစ်ရက်တောင် အချိန်ယူခဲ့ရပေမဲ့ အခုနောက်ပိုင်းမှာ လမ်းတွေဖောက်လုပ် နိုင်ခဲ့လို့ ရန်ကုန်မြို့ လယ်ကောင်ကိုသွားဖို့ အချိန်နှစ်နာရီလောက်ပဲ ကြာပါတော့တယ်။ တကယ်လို့သာ ရန်ကုန်ဒလ တံတားသာ တည်ဆောက်ပြီးသွားရင် အချိန်နာရီ ဝက်လောက်နဲ့ ကော့မှူးကနေ ရန်ကုန်ကို သွားနိုင်တော့ မှာပါ"ဟု ၎င်းက ပြောသည်။
အလုပ်အကိုင်အခွင့်အလမ်းများ မရှိ သလောက် ရှားပါးနေသော ဒလ၊ ကွမ်းခြံကုန်း၊ တွံတေးနှင့် ကော့မှူးမြို့နယ်များကို ရင်းနှီးမြှုပ် နှံသူများ လာရောက်ကာ စီးပွားရေးလုပ်ငန်းများ ပြုလုပ်စေချင်ကြောင်း ကိုကျော်နိုင်က ပြောသည်။
"ဒလမြို့နယ်မှာ နေထိုင်တဲ့သူအများစုက ရန်ကုန်မြို့နယ်မှာ အလုပ်လုပ်ကိုင်တဲ့သူ များပေမဲ့ ကော့မှူးမြို့နယ်မှာ နေထိုင်တဲ့သူ တွေဆို ဒလကနေ တစ်ဆင့် ရန်ကုန်ကို အလုပ် သွားဖို့ မလွယ်တော့ဘူး။ လမ်းခရီးမဝေးပေမဲ့ အများသုံး ဘတ်စ်ကားလိုင်း ရှားပါးပြီး ဆိုင်ကယ် ကယ်ရီကို ပိုသုံးတော့ ခရီးစရိတ် ဈေးကြီးလို့ နေ့တိုင်း အလုပ်တက်၊ အလုပ် ဆင်းလုပ်ဖို့ မဖြစ်နိုင်တော့ဘူး။ ကော့မှူးမြို့မှာ အလုပ်အကိုင် အခွင့်အလမ်းက ရှားပါး ပြီး ပညာတတ် နည်းတော့ ကော့မှူးမြို့ကသူတွေက ရန်ကုန်လာရင် အောက်ခြေသိမ်း အလုပ်ကြမ်းပဲ လုပ်ရတာများတယ်။ ကော့မှူး မြို့မှာသာ အထည်ချုပ်စက်ရုံတို့၊ တခြားစက်ရုံ တွေသာ လာရောက် ရင်းနှီးမြှုပ်နှံရင် မြို့ခံ တွေ အလုပ်အကိုင်အခွင့်အလမ်းတွေ ရနိုင်တာပေါ့"ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့လူဦးရေ၏ ၇၀ ရာခိုင်နှုန်း ကျော်မှာ မြို့ပြများတွင်သာ နေထိုင်ကြပြီး မြို့စွန်မြို့နယ် များတွင် နေထိုင်သူ အလွန် နည်းပါးသောကြောင့် ရန်ကုန်မြို့စွန် ဒေသများ ဖွံ့ဖြိုးတိုးတက် လာစေရန် မြို့သစ်စီမံကိန်းများဖြင့် အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း မြို့ပြမြေယာနှင့် မြေစီမံခန့်ခွဲမှုဌာန ဒုဌာနမှူးဦးတိုးအောင်က ပြောသည်။
"Population density အရ မြို့ထဲဧရိယာမှာ တစ်ဧကကို လူ ၁,၀၀၀ ကျော် နေနေပေမဲ့ မြို့ပြင်ဒေသတွေမှာတော့ တစ်ဧကမှာ နေထိုင်သူ ၁၀ ဦးအောက် လျော့နည်းနေပါတယ်။ အဲဒီလိုနေထိုင်သူဦးရေ မညီမျှတာတွေ လျော့သွားအောင် မြို့သစ်တွေကို ရန်ကုန် မြို့ ပတ် ပတ်လည်မှာ အကောင်အထည်ဖော် သွားမှာဖြစ်ပါတယ်။ မြို့ပြတွေပဲ ဖွံ့ဖြိုးတိုး တက်ပြီး အလုပ်အကိုင်အတွက် မြို့ပြကို နေ့စဉ်သွားနေရမယ်ဆိုရင်လည်း ယာဉ်ကြော ပိတ်ဆို့တာတွေ ဖြစ်လာနိုင်ပါတယ်။ မြို့စွန် တွေပါ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ပြီး အလုပ်အကိုင် အခွင့်အလမ်းတွေပါရှိနေမှ အဲဒီအခက်အခဲ တွေအားလုံးကို ဖြေရှင်းနိုင်မှာပါ"ဟု ၎င်းက ပြောသည်။
လမ်းမတော်မြို့နယ်၊ ဘုန်းကြီးလမ်းနှင့် ဒလမြို့နယ် ကမာကဆစ်ရပ်ကွက်မှ ဗိုလ်မင်းရောင် လမ်းများကို ဆက်သွယ်မည့် မြန်မာ ကိုရီးယားချစ်ကြည်ရေး ဒလရန်ကုန် တံတား ကို ကိုရီးယားသမ္မတနိုင်ငံ စီးပွားဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ရန်ပုံငွေချေးငွေနှင့် မြန်မာ အစိုးရထည့်ဝင်ငွေများဖြင့် ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်တွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
ရန်ကုန်-ဒလတံတားစီမံကိန်းသည် ရန်ကုန်မြို့လယ် စီးပွားရေးဗဟိုကို ရန်ကုန် မြစ်တောင်ဘက် ဒလမြို့သို့ တိုးချဲ့ရန်နှင့် ကော့မှူး၊ တွံတေးနှင့် ကွမ်းခြံကုန်းမြို့နယ်များ တွင် လူမှုစီးပွားဖွံ့ဖြိုးရေး အတွက် အထောက်အကူ ဖြစ်စေသလို အနာဂတ်ရန်ကုန်မြစ်၀ ပင်လယ်ဆိပ်ကမ်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကျိုးရှိစေနိုင်မည်ဖြစ်သည်။
Ref & Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ