By emg, Shweproperty.com
Updated at 23 February 2015
ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာန၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီတို့က တန်ဖိုးနည်း အိမ်ရာများစွာ ထပ်မံအကောင်အထည်ဖော်ရန် ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။
“အိုးအိမ်တို့၊ စည်ပင်တို့က တန်ဖိုးနည်းအိမ်ရာတွေ ထပ်မံပြီး အကောင်အထည်ဖော်ဖို့ ရှိပါတယ်။ အများကြီးပါ။ သူတို့က အဲဒါတွေကို အကောင်အထည်ဖော်ပြီးရင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို စီမံခန့်ခွဲခွင့် ပေးမယ်။ အဲဒီအခါမှာ အစိုးရအဖွဲ့ရဲ့ အစီအမံနဲ့ မဲနှိုက်ရောင်းချပေးမှာပါ” ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။
ထိုသို့ ထပ်မံတည်ဆောက်၍ ရရှိလာမည့် တန်ဖိုးနည်းအိမ်ရာ အခန်းများကို ပွင့်လင်းမြင်သာစွာ မဲနှိုက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ယင်းအဆိုပါ တာဝန်ရှိသူက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖော်ထုတ်ခဲ့ပြီးသည့် တန်ဖိုးနည်းအိမ်ရာ အခန်းများမှာ ကျပ်သိန်း ၁၀၀ အထက်တွင် ရှိနေခြင်းကြောင့် အခြေခံလူတန်းစား ပြည်သူများ ဝယ်ယူနိုင်သည့် အနေအထား မရှိပေ။
သို့ဖြစ်ရာ ထပ်မံတည်ဆောက်မည့် တန်ဖိုးနည်း အိမ်ရာများတွင်လည်း ယင်းသို့ ဈေးနှုန်း ကျပ်သိန်း ၁၀၀ အထက်သာ ဖြစ်နေမည် ဆိုပါက အခြေခံပြည်သူများ ဝယ်ယူရန် မလွယ်ကူနိုင်ပေ။
မကြာသေးမီက ရောင်းချခဲ့သည့် မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးမှု ဦးစီးဌာနက ဆောက်လုပ်ခဲ့သည့် လှိုင်သာယာမြို့နယ်ရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာ စီမံကိန်းမှာလည်း ရန်ကုန်မြို့တွင်းနှင့် များစွာ အလှမ်းကွာသည့် လှိုင်သာယာ ရွှေလင်ပန်းချောင်း အနီးတွင် ရှိသော်လည်း အခန်းဈေးနှုန်းများမှာ ကျပ်သိန်း ၁၁၀ မှ ၁၂၅ သိန်းကြားတွင် ရှိခဲ့သည်။ တိုက်ခန်းပေါင်း ၅၇၆ ခန်း တည်ဆောက်ပြီး ဖြစ်သော်လည်း ပြည်သူလူထုထံသို့ အခန်းပေါင်း ၂၀၀ ကျော်သာ မဲနှိုက်ရောင်းချပေးထားကြောင်း သိရသည်။
တန်ဖိုးနည်း အိမ်ရာများမှာ အခြေခံပြည်သူများ မဝယ်ယူနိုင်သည့် ဈေးနှုန်းများဖြစ်နေ၍ ဘဏ်များဖြင့် ချိတ်ဆက်၍ နှစ် ၂၀၊ ၃၀ အရစ်ကျ စနစ်ဖြင့် ဝယ်ယူခွင့်ပေးရန် ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အား တိုက်တွန်းကြောင်းအဆို တင်သွင်းခဲ့သော်လည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က သဘောမတူခဲ့ကြောင်း သိရသည်။
ထို့ပြင် တန်ဖိုးနည်းအိမ်ရာများမှာ အမှန်တကယ် အိမ်ရာလိုအပ်သည့်သူများ လက်ထဲသို့ မရောက်ရှိဘဲ အိမ်ရာမလိုအပ်သော ဈေးကစားလိုသူများ လက်ထဲသို့ ရောက်ရှိချုပ်ကိုင်ခြင်းများ မရှိစေရန်အတွက် တန်ဖိုးနည်းအိမ်ရာဆိုင်ရာ ဥပဒေ ရေးဆွဲပြဋ္ဌာန်းရန် လိုအပ်လျက်ရှိကြောင်း ဗဟန်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းက သုံးသပ်ခဲ့ပါသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ