By Myanmar Times, Shweproperty.com
Updated at 22 September 2015
ရန်ကုန်မြို့သစ်စီမံကိန်း ဦးစားပေးအဆင့်တစ်မြို့ဖြစ်သော လှည်းကူးမြို့နယ်အတွင်းရှိ ရန်ကုန်အရှေ့မြောက် မြို့သစ်စီမံကိန်းမြေနေရာများတွင် ဝယ်ယူသူမရှိဘဲ ဈေးကွက်အေးနေသော် လည်း ကျူးကျော်ဝင်ရောက်နေထိုင်မှုများ ပိုမိုများပြားလာကြောင်း ဒေသခံအိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။
"မြို့သစ်စီမံကိန်း ဦးစားပေးအဆင့်တစ်ဖြစ်ပေမယ့် ရန်ကုန်အရှေ့မြောက်ပိုင်းမြို့ သစ် စီမံကိန်းမြေတွေ အရောင်းအဝယ်အေး နေပါတယ်။ ဒီစီမံကိန်းက တကယ်လုပ်ဖြစ်၊ မဖြစ်နဲ့ ဘယ်နေရာမှာ စီမံကိန်းလုပ်မယ်ဆိုပြီး သေချာတဲ့ စီမံကိန်းတွေ မသိရသေးပေမယ့် လမ်းမကြီးတွေပေါ်မှာ ကျူးကျော်တဲတွေ အများကြီးတိုးလာပါတယ်"ဟု လှည်းကူး မြို့နယ်ရှိ လူကြီးမင်း အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းပိုင်ရှင် ဦးမျိုးခင်က ပြောသည်။ "လမ်းမကြီးပေါ်က လယ်မြေတွေကလည်း မူလပိုင်ရှင်လယ်သမားလက်ဝယ်မှာ မရှိသလောက် ရှားသွားပါပြီ။ အထင်ကရ လမ်းမကြီးတွေက လယ်မြေတွေအများစုကို ဝယ်ရောင်းတွေက ဝယ်ထားကြပြီးပြီ။ သူတို့ က ဈေးအရမ်းခေါ်နေတော့ အရောင်းအဝယ် မဖြစ်ပါဘူး" ဟု ၎င်းက ပြောသည်။ လှည်းကူးမြို့မြေနေရာတွင် မြို့သစ်စီမံ ကိန်းအပြင် ရန်ကုန်ဟိုတယ်ဇုန်စီမံကိန်း အဖြစ် အကောင်အထည်ဖော်ရန်ရှိခြင်း ကြောင့် အောင်မင်္ဂလာ အဝေးပြေးယာဉ် ရပ်နားသည့်နေရာကို ထိုနေရာသို့ ရွှေ့ပြောင်းမည်ဟုလည်းကောင်း စီမံကိန်းသတင်းများ မကြာခဏထွက်ပေါ်နေ သည့်အတွက် ၂၀၁၃ ခုနှစ်ကတည်းကပင် လမ်းမကြီးများပေါ်တွင် ဝယ်ရောင်းအများစုက ဝယ်ယူထားပြီးဖြစ်ကြောင်း ဒေသခံများက ပြောသည်။
"ဝယ်ရောင်းသမားတွေက ၂၀၁၃ လောက် ကတည်းက လယ်သမားတွေဆီကဝယ်ထား ကြတယ်"ဟု ဒေသခံတစ်ဦးက ပြောသည်။ သစ္စာအိမ်ခြံမြေအကျိုးဆောင်မှ ဒေါ်သူဇာက "ဒီနေရာကမြေကွက်တွေက ဝယ်လိုက်၊ ရောင်းလိုက်နဲ့ အရောင်းအဝယ် ဖြစ်နေတာ မဟုတ်ဘူး။ ဝယ်ရောင်းသမား တွေက ၂၀၁၃ နှစ်ကုန်ပိုင်းလောက်ကတည်းက ဝယ်ထားပြီး ဈေးနှုန်းကို အရမ်းမြှင့်လိုက် တော့ အဲဒီမြေတွေက ဒီလို ဘာစီမံကိန်းမှ အကောင်အထည်မဖော်သေးချိန်မှာ သူတို့ ရောင်းတဲ့ဈေးနှုန်းနဲ့ ဘယ်လိုမှရောင်းလို့ ရမှာ မဟုတ်တော့ဘူး။ အဲဒီမြေနေရာလွတ်တွေမှာ ကျူးကျော်နေတဲ့သူတွေ တစ်နေ့ တခြား များပြားလာပါတယ်။ စက်ရုံရှိတဲ့နေရာ တွေနဲ့ လူနေထူထပ်တဲ့နေရာတွေမှာတော့ ကျူးကျော်မရှိပါဘူး"ဟု ပြောသည်။ "ဒီလိုကျူးကျော်နေတဲ့သူတွေနဲ့ ပတ်သက် ပြီး ဖယ်ပေးမယ်၊ မဖယ်ပေးဘူးဆိုပြီး အရမ်းကို ပြဿနာကြီးကြီးမားမားတော့ မဖြစ်ဖူးသေးပါဘူး။ မြေကွက်လွတ်တွေကိုဝယ်ပြီး လာ မကြည့်တော့တဲ့သူတွေ များပါတယ်။ နောက်ပိုင်ရှင်တွေလာကြည့်ပြီး ဖယ်ခိုင်းရင်တော့ ကျုးကျော်နေတဲ့သူတွေက ဖယ်ပေးရမှာပေါ့။ ဒီကျူးကျော်ပြဿနာကလည်း မြေကွက်လွတ်တွေဝယ်ပြီး ပစ်ထားမယ်ဆိုရင် ဖြစ်နေကျပြဿနာတစ်ခုပါပဲ"ဟု ၎င်းက ပြောသည်။
ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်း အနီးတစ်ဝိုက်ရှိ ကျွန်းကလေးကျေးရွာ၊ ဒရယ်ဘိုကျေးရွာနှင့် လှည်းကူးမြို့နယ်ရှိ အထင်ကရလမ်းမကြီးများဖြစ်သည့် ရန်ကုန် မန္တလေးလမ်းနှင့် လှည်းကူး-ဖောင်ကြီးလမ်းမကြီးများပေါ်ရှိ မြေကွက်များကိုဝယ်ယူရန် လာရောက်ကြည့်ရှုသူများ၊ ဈေးစုံစမ်းသူများ နေ့စဉ်ရက်ဆက်နီးပါး ရှိနေသော်လည်း အမှန်တကယ်ဝယ်ယူသူ အလွန်နည်းပြီး ဈေးနှုန်းလာရောက်စုံစမ်းမှုများသာ များပြားကြောင်း ဒေသခံအိမ်ခြံမြေမြေ အကျိုးဆောင် များက ပြောသည်။ "ဒီနေရာမှာ စီမံကိန်းသတင်းတွေ ခဏ ခဏထွက်နေပေမယ့် တကယ်အရောင်းအဝယ်ဖြစ်တာ မရှိလို့ ဒေသခံအိမ်ခြံမြေမြေ အကျိုးဆောင်တွေတောင် တခြားလုပ်ငန်းတွေကို ပြောင်းရွှေ့လုပ်ကိုင်နေကြပါပြီ"ဟု ဒေသခံအိမ်ခြံမြေမြေအကျိုးဆောင် ကိုဝဏ္ဏထွန်းက ပြောသည်။
မြေဧက ၁၇,၃၇၅ ဧကပေါ်တွင် မြန်မာကျပ်ငွေ ၄၉၁ ဒသမ ၁၃ ဘီလျံ အကုန်ကျခံကာ အကောင်အထည်ဖော်မည့် ရန်ကုန်အရှေ့မြောက်မြို့သစ်စီမံကိန်းမှာ မဟာရန်ကုန်မြို့ပြဖွံ့ ဖြိုးရေး စီမံကိန်းတွင် ပထမဦးစားပေးအဆင့်ဖြစ်သော်လည်း ဒုတိယဦးစားပေးမြို့ထက်ပင် စီမံကိန်း အကောင်အထည်ဖော်မှုနည်းကာ ဝယ်ယူသူများစိတ်ဝင်စားမှုမရှိသော မြို့သစ် တစ်ခုဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီနယ်နိမိတ်အဆုံးဖြစ်သည့် ထောက်ကြန့်မြို့နှင့် ခုနစ်မိုင်ကွာဝေးသည့် လှည်းကူးမြို့နယ်၏ အားသာချက်မှာ သွားလာရေးလွယ်ကူသည့်အပြင် အလုပ်သမားများ ပေါများစွာရရှိနိုင်သည့်အတွက် မြေဈေးနှုန်း ကြီးမားသည့် ရန်ကုန်မြို့ရှိ စက်မှုဇုန်များ မှ လုပ်ငန်းရှင်များသည် လုပ်ငန်းခွဲများ တိုးချဲ့ လုပ်ကိုင်ရန် ဈေးနှုန်းချိုသာသည့် လှည်းကူး မြို့နယ်အတွင်းရှိ လှည်းကူးမြို့ ဒရယ်ဘို ကျေးရွာနှင့် ကျွန်းကလေးစံပြကျေးရွာ များသို့ အထည်ချုပ်စက်ရုံခွဲများ၊ ဖိနပ်စက်ရုံများအပြင် စားသောက်ကုန်ထုတ်လုပ် သည့်လုပ်ငန်းများ ၂၀၁၄ ခုနှစ်နောက်ပိုင်း မှ စတင်ရွှေ့ပြောင်းလာကြသည့်အတွက် ဒေသခံများအတွက် အလုပ်အကိုင်အခွင့် အလမ်းများ တိုးတက်လာကာ လယ်ယာမြေလုပ်ကိုင်သော ဒေသခံ များသည် မြေယာ များရောင်းချပြီး ထိုစက်ရုံများတွင် ဝင်ရောက် လုပ်ကိုင်ခဲ့ကြကြောင်း ၎င်းက ပြောသည်။
"ဒီမြို့နယ်မှာ ရွေးချယ်လုပ်ကိုင်စရာ အလုပ်နှစ်ခုပဲ ရှိတယ်။ ဆိုင်ကယ်ကယ်ရီဆွဲ တဲ့အလုပ်နဲ့ စက်ရုံတွေမှာလုပ်တဲ့ အလုပ်တွေ ပေါ့။ လယ်မြေတွေကလည်း တစ်ဧကကို စပါးတင်း ငါးဆယ်လောက်ထွက်ဖို့တောင် တော်တော်ဂရုစိုက်ရတဲ့ မြေဖြစ်တာကြောင့် လယ်စိုက်ဖို့ အဆင်မပြေလို့ ဈေးကောင်းတာ နဲ့ ရောင်းပြီး တခြားအလုပ်ပြောင်းလုပ်ကြတာ များတယ်။ ဒီစီမံကိန်းသတင်းကတော့ သတင်းစာမှာ တစ်ခါတွေ့ဖူးပေမယ့် သေချာ မသိပါဘူး။ အများစုကတော့ စီမံကိန်းသတင်း တွေကို မသိကြဘူး" ဟု ဆိုင်ကယ်ကယ်ရီဆွဲသူ ဒေသခံ ကိုအေးမြင့်က ပြောသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ