By Wai Phyoe, Shweproperty.com
Updated at 27 September 2015
တကယ်လို့ အဲဒီရန်ကုန်မြို့သစ် စီမံကိန်း ဆိုတာကြီးကို မဖြစ်မနေ တည်ဆောက်တော့မယ် ဆိုရင်လည်း အရင်ကတည်းက မြို့သစ်တည်ခဲ့တဲ့ ရန်ကုန်ထဲက မြို့သစ်တွေ ဖြစ်ခဲ့တဲ့ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ အရှေ့ဒဂုံ၊ ဒဂုံဆိပ်ကမ်း၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ၊ ရွှေပြည်သာ စတာတွေရဲ့ လက်ရှိ ကြုံတွေ့နေရတဲ့ ပြသနာတွေကို သင်ခန်းစာယူစေချင်ပါတယ်။
အရင်က ရန်ကုန်မှာ မြို့သစ်တည်တယ်ဆိုတာက ထွေထွေထူးထူး ဘာ Plan မှမရှိခဲ့ပါဘူး။ လယ်ကွင်းတွေကို အကွက်ရိုက်တယ်၊ နံပါတ်လေးတွေ မြေကွက်ကိုယ်စီမှာ တပ်ပြီးတာနဲ့ မြို့သစ်တည်တာ ပြီးပြီ ဆိုပြီး လုပ်ခဲ့ကြတာပါ။ တကယ် နည်းလမ်းကျတဲ့ ခေတ်မှီပြီး စည်းကမ်းပြည့်ဝတဲ့ မြို့သစ်တည်နည်းလို့ပဲ ပြောရမလား မြန်မာ့နည်း မြန်မာ့ဟန်နဲ့ တည်ခဲ့တဲ့ မြို့သစ်တည်နည်းလို့ပဲ ခေါ်ရမလား မစဉ်းစားတတ်ပါဘူး။
မြို့သစ်တွေမှ တွေကြုံနေကျ အခက်အခဲတွေကတော့ လှျှပ်စစ်မီးမရှိ၊ သုံးစရာ သောက်စရာ ရေမရှိ၊ တံတားမရှိ၊ ဖုန်းလိုင်းမရှိ၊ သွားစရာ လမ်းမရှိတာပါပဲ။ မြေကွက်ဝယ်တဲ့သူက ကိုယ့်မြေကွက် ကိုယ်မြေဖို့၊ ကိုယ့်လမ်းကိုယ်ခင်း၊ အဝီစိတွင်း ကိုယ်တိုင်တူးပြီး၊ ကိုယ့်မီးစက်နဲ့ မီးထွန်း စတာတွေလုပ်ခဲ့ကြရပါတယ်။ လမ်းတွေကို ဖောက်ချင်သလို ဖောက်ထားတဲ့အတွက် ၊ လမ်းပေါ်မှာ ကားတွေပြည့်လာတော့မှ အပင်တွေခုတ်၊ လမ်းမီးတိုင်တွေ ဖုန်းတိုင်တွေ နေရာရွှေ့ စတာတွေ ပြန်လုပ်ပြီးတော့ မှ လမ်းတွေကို တကြိမ် ပြန်ချဲ့ကြပြန်ပါတယ်။ အဲ့တာတွေအတွက် ကုန်ကျစရိတ်ဆိုတာ ပြည်သူတွေက ဆောင်ထားရတဲ့ အခွန်အခတွေနဲ့ပဲ ကျခံတာပါ။ ပြည်သူ့ဘဏ္ဍာတွေကို ဖြုန်းတီးနေတာလို့ပဲ မြင်ပါတယ်။ အဓိကကတော့ Plan မရှိခြင်းရဲ့ ဆိုးကျိုးတွေပါ။
အရင်မြို့သစ်စီမံကိန်း တွေမှာကြုံခဲ့ရတာတွေကတော့ မြောင်းတွေကို ဖောက်ချင်သလို ဖောက်ထားမယ်၊ ရပ်ကွက် အကွက်ချပုံတွေကို ချချင်သလို ချထားမယ်။ မြို့သစ်တည်ပြီးလို့ (၂) နှစ်လောက်ကြာရင် အစိုးရ လျှပ်စစ်မီး ရမယ်၊ (၃) နှစ်လောက်အကြာမှာ တံတားပြီးမယ်၊ မိုးရွာရင် ရေမြုပ်မယ်၊ နေပူရင်ဖုန်ထူမယ် စတာတွေပါပဲ။
အခုထပ်ပြီးတည်ဆောက်တော့မယ့် ရန်ကုန်မြို့သစ်စီမံကိန်း ဆိုတာ တည်ဆောက်ဖြစ်မယ် ဆိုရင်ရော အဲ့တာမျိုးတွေပဲ ဖြစ်လာဦးမှာလား။ ဆိုရှယ်လစ်ခေတ်တုန်းက ကြွေးကြော်ခဲ့ကြသလိုမျိုး ကိုယ့်အားကိုယ်ကိုး မြို့သစ်တို့၊ ကိုယ်ထူကိုယ်ထ မြို့သစ်ဆိုတာမျိုးတွေ လုပ်ကြဦးမှာလား။ ကိုယ်တူးကိုယ်ရ အဝီစိတွင်းတွေ၊ ကိုယ်လမ်းကိုယ်ခင်း လမ်းမကြီးတွေ၊ ကိုယ့်မီးစက်ကိုယ်မောင်း လျှပ်စစ်ဓါတ်အားပေး စနစ်တွေ အားလုံး မကြုံတွေ့စေ ချင်တော့ပါ။
Written By : Wai Phyoe
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ