By Eleven Media Group, Shweproperty.com
Updated at 21 October 2015
ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်မြေများ အရောင်းအဝယ် လုံး၀ မရှိတော့ကြောင်း ယင်းဧရိယာအတွင်း နေထိုင်လျက်ရှိသည့် ဒေသခံအချို့ထံမှ သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါခေါ်ယူခဲ့စဉ် အချိန်က စီမံကိန်း ဧရိယာများအတွင်း မြေအရောင်းအဝယ် အနည်းငယ် ရှိခဲ့သော်လည်း တင်ဒါဖွင့် စိစစ်သည့် စက်တင်ဘာ ၂၂ ရက်နောက်ပိုင်း အရောင်းအဝယ်များ လုံး၀ မရှိတော့ခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။
အဆိုပါ နေရာများတွင် နေထိုင်သည့် လယ်သမားများအနေဖြင့် လက်ရှိစီးပွားရေး ကျပ်တည်းနေသော်လည်း ၎င်းတို့၏ မြေများကို ထုတ်မရောင်းသေးဘဲ လက်ကိုင်ထားကြောင်းနှင့် ဝယ်ယူမည့်သူများ အနေဖြင့်လည်း လက်ရှိနိုင်ငံရေး အခြေအနေကို စောင့်ဆိုင်းနေခြင်းဖြစ်ကြောင်း သိရသည်။
“စီမံကိန်း ဧရိယာထဲမှာ မြေအရောင်းအဝယ် လုံးဝကို မရှိပါဘူး။ လက်ရှိက လယ်သမားတွေ အနေနဲ့ ကျပ်တည်းနေတယ်။ ဒါပေမယ့် လယ်တွေကို ထုတ်မရောင်းပါဘူး။ စီမံကိန်းကို မျှော်ကိုးပြီး စောင့်နေတာပါ။ ဒါကြောင့် မြေအရောင်းအဝယ် လုံးဝကို မရှိပါဘူး” ဟု ရန်ကုန်မြို့သစ် စီမံကိန်းဧရိယာအတွင်း ပါဝင်သည့် ကြည့်မြင်တိုင် တစ်ဖက်ကမ်း ဝါးရုံဆိပ် ကျေးရွာမှ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်စိန်က ပြောကြားသည်။
ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် နေရာများတွင် မြေတစ်ဧကလျှင် ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ အကြား ပေါက်ဈေးရှိနေကြောင်း၊ သို့သော် အရောင်းအဝယ် မရှိကြောင်း ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့်ဒေသများမှ ဒေသခံများ စုဖွဲ့ထားသည့် ရန်ကုန်အနောက်တောင်ဒေသဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောကြားသည်။
ထို့ပြင် ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း မပါဝင်သော စီမံကိန်း ဧရိယာ အနီးတစ်ဝိုက်ရှိ လယ်မြေများအား ကုမ္ပဏီအချို့က အပေါင်ခံနေပြီး တစ်ဧကလျှင် ၁၀ သိန်းနှုန်းဖြင့် အပေါင်ခံနေကြောင်းလည်း စုံစမ်းသိရှိရသည်။
“လှိုင်သာယာ-တွံတေး ကားလမ်းနားက ခတ္တိယဘက်မှာ မြေတွေကို ကုမ္ပဏီအချို့က အပေါင်ခံနေတယ်လို့ ကြားတယ်။ တစ်ဧကကို ၁၀ သိန်းနှုန်းနဲ့။ အဲဒီလို အပေါင်ခံတဲ့ နေရာမှာ လယ်မြေပိုင်ဆိုင်မှု ပုံစံ ၇ နဲ့ အရောင်းအဝယ်စာချုပ် ချုပ်ပေးရတယ် ပြောတယ်။ အတိုးကလည်း ၁၀၀ ကို ၃ ကျပ်နှုန်း၊ ၇ ကျပ်နှုန်း စသည်ဖြင့် ပြောနေကြတယ်။ အခု အပေါင်ခံတဲ့ နေရာတွေက ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာထဲမှာ မပါဘူး” ဟု ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့်သက်ဆိုင်သော ကုမ္ပဏီမှ ဒါရိုက်တာ ဦးခင်မောင်သန့်က ဆိုသည်။
“အချို့မြေကွက်တွေကို အပေါင်ခံနေတယ်လို့ ကြားတယ်။ ဒါပေမယ့် ဘယ်သူ အပေါင်ခံတယ် ဆိုတာတော့ အတိအကျ မသိပါဘူး” ဟု ရန်ကုန်မြို့သစ် စီမံကိန်း ဧရိယာအတွင်း ပါဝင်သည့် လှိုင်သာယာ-တွံတေး ကားလမ်းအနီး နေထိုင်သူ ဒေသခံတစ်ဦးက ဆိုသည်။
ရန်ကုန်မြို့သစ် စီမံကိန်းကို လက်ရှိ ရန်ကုန်မြို့၏ အနောက်ဘက်၊ ပန်းလှိုင်မြစ်နှင့် တွံတေးတူးမြောင်းအကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ-တွံတေး ကားလမ်းအကြား မြေနေရာများကို လျာထားပြီး ကြည့်မြင်တိုင် တစ်ဖက်ကမ်း၊ တွံတေးမြို့နယ်ရှိ မြေနေရာများ ပါဝင်ကြောင်း သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းအတွက် တင်ဒါတင်သွင်းထားသည့် ကုမ္ပဏီ ၃ ခုရှိပြီး ရန်ကုန်အနောက်တောင်ဒေသ ဖွံ့ဖြိုးရေး အများနှင့် သက်ဆိုင်သော ကုမ္ပဏီ၊ Business Capital City Development Ltd နှင့် ရွှေသံလွင် ကုမ္ပဏီ၏ ကုမ္ပဏီခွဲဖြစ်သည့် ရွှေပုပ္ပါး အပြည်ပြည်ဆိုင်ရာ ဆောက်လုပ်ရေး ကုမ္ပဏီလီမိတက်တို့ ဖြစ်ကြောင်း၊ လက်ရှိ တင်ဒါများကို စိစစ်နေကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။
ရန်ကုန်မြို့သစ် စီမံကိန်းသည် ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်က တရားဝင် ရပ်ဆိုင်းခဲ့ပြီးသော စီမံကိန်းဖြစ်ပြီး ကြည့်မြင်တိုင် မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်က အမြန် အကောင်အထည်ဖော်ပေးရန် တင်ပြခဲ့၍ ယခုတစ်ဖန် ပြန်လည် အကောင်အထည် ဖော်နေမှုအပေါ် ဝေဖန်မှုများစွာ ရှိနေသည်။
Ref : Eleven Media Group
Photo Credit : Eleven Media Group
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ