By Myanmar Times, Shweproperty.com
Updated at 2 July 2015
ရန်ကုန်မြို့တွင် အဆောက်အအုံဟောင်းများ ကို ပြန်လည်ပြုပြင်ကာ အသုံးပြုခြင်းများကို ယခင်ကထက် ပိုမိုကျယ်ပြန့်စွာ လုပ်ဆောင် လာကြသော်လည်း အပြီးသတ်လုပ်ဆောင်သည့် လုပ်ငန်းအရေအတွက်ဖြင့် နှိုင်းယှဉ် ကြည့်ပါက များစွာနည်းနေသေးကြောင်း ပြည်တွင်းဈေးကွက်ရှိ ဗိသုကာပညာရှင်များ က ပြောသည်။ "နိုင်ငံခြားမှာဆိုရင် အဆောက်အအုံအဟောင်းတွေကိုဖြိုချပြီး ပြန်ဆောက်တာမျိုးမလုပ်ဘဲ အဲဒီအဆောက်အအုံဟောင်းတွေ ကို ပြန်လည်ပြုပြင်ပြီး တာရှည်အသုံးပြုကြတယ်။ ဒါပေမဲ့ ရန်ကုန်မှာတော့ အဆောက်အအုံဟောင်းတွေကို ပြန်လည်အသုံးပြုတာ နည်းနေသေး တယ်"ဟု ဗိသုကာပညာရှင်တစ်ဦးဖြစ်သူ မမြမဉ္ဇူက ပြောသည်။ ရှေးခေတ် အဆောက်အအုံများသည် မြို့၏ အလှအပတစ်ခုဖြစ်ပြီး ယင်းကဲ့သို့ အလှအပများ စွာရှိနေသော မြို့တော်ရန်ကုန် တွင် ထိုအလှအပများကို ပေါ်လွင်အောင် ရှေးခေတ် အဆောက် အအုံဟောင်းများကို ပြန်လည်ပြင်ဆင်ပြီး အသုံးပြုသင့်ကြောင်း ဗိသုကာပညာရှင်များက ပြောသည်။ "၂၀၁၁ ခုနှစ်မှာ ကျွန်မ အမေရိကားကနေ ရန်ကုန်ကို ပြန်ရောက်တော့ ရန်ကုန်မှာ အဆောက်အအုံအသစ်တွေ အများကြီး ဆောက်လာကြတာကို သတိပြုမိတယ်။ ဒါပေမဲ့ အဆောက်အအုံဟောင်းတွေကို ဘယ်သူမှ ပြန်လည်ပြင်ဆင်ပြီး မသုံးကြတာကိုလည်း ဝမ်းနည်းစွာ သတိပြုမိတယ်။ ခိုင်ခံ့တဲ့ အဆောက်အအုံဟောင်းတွေကို ပြန်လည်အလှဆင်ပြီး အသုံးပြုတာမျိုးက ရန်ကုန်မြို့ မှာ သိပ်ရှားပါးနေသေးတယ်"ဟု အမေရိကန်နိုင်ငံ၏ ကမ္ဘာကျော် Kelly Wearstler တွင် အိမ်တွင်းအလှဆင်ပညာရှင်အဖြစ် အလုပ်လုပ်ခဲ့သူ မမြမဉ္ဇူကပြောသည်။ မမြမဉ္ဇူသည် ၁၉၀၀ ပြည့်နှစ်ဝန်းကျင်က တည်ဆောက်ခဲ့သော အချက်အချာကျသော ပန်းဆိုးတန်းလမ်းနဲ့ ကုန်သည်လမ်းထောင့် တွင်တည်ရှိသော အဆောက်အအုံကို ပြန်လည်ပြင်ဆင်ပြီး မြန်မာအစားအစာများရရှိ နိုင်သော စားသောက်ဆိုင်ငယ်အဖြစ် ရန်ကုန် တီးဟောက်ကို ဖွင့်လှစ်နိုင်ရန် အတွင်းပိုင်း ပြင်ဆင်မှုများကို ပြုလုပ်ခဲ့သူလည်းဖြစ်သည်။ "ဒီစီမံကိန်းကို စမလုပ်ခင် ပထမဆုံး စဉ်းစားမိတာက ခေတ်မီတဲ့ မြန်မာစတိုင်က ဘယ်လိုပုံမျိုးလဲဆိုတာပဲ။ ဒါကြောင့် ရန်ကုန် တီးဟောက်ကို ခေတ်မီပြီး ရှေးမကျတဲ့ မြန်မာ့ ပုံစံ အဆောက်အအုံတစ်ခုဖြစ်ဖို့ ပြည်တွင်း ပြည်ပ အလှဆင်ပစ္စည်းတွေကို ရောနှော အသုံးပြုထားပါတယ်"ဟု ၎င်းကပြောသည်။ အဆောက်အအုံဟောင်းများကို ပြန်လည် မွမ်းမံပြင်ဆင်ခြင်းများကို အများဆုံးပြုလုပ် လေ့ရှိပြီး ၂၀၁၅ ခုနှစ် မြန်မာ့အိမ်ခြံမြေဆုပေးပွဲအတွက် အဆောက်အအုံဟောင်း များကို အကောင်းဆုံး ပြန်လည်ပြင်ဆင်သူဆု အကြိုရွေးချယ်ခြင်းတွင် ဆုငါးဆုထဲမှ ဆု နှစ်ဆု ရွေးချယ်ခံရသော Green Vision Group ကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ကိုဇာနည်က "Green Vision က အဆောက်အအုံကို အသစ်တည်ဆောက်တာထက် မွမ်းမံပြုပြင် ခြင်းအတတ်ပညာကို ပိုထောက်ခံ အားပေးပါတယ်။ ဒီလိုမွမ်းမံပြင်ဆင်ခြင်းက အဆောက် အအုံများ တည်ဆောက်ခြင်းကြောင့် ဖြစ်ပေါ် လာနိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက် စီးမှုတွေကို လျော့ကျစေမှာဖြစ်ပြီး မြန်မာ့ အိမ်ခြံမြေ ရေရှည်တည်တံ့ဖွံ့ဖြိုးစေဖို့လည်း အထောက်အကူပြုမှာ ဖြစ်ပါတယ်"ဟု ပြောသည်။ Green Vision Group ကုမ္ပဏီသည် မြေနီကုန်း ပြည်သူ့ရင်ပြင်အနီးရှိ ရှစ်ထပ်တိုက် အဆောက်အအုံအဟောင်းကို Park side One ရုံးခန်း အဆောက်အအုံအဖြစ် အပူရှိန်နှင့် ဆူညံသံများကို သဘာဝအတိုင်း လျှော့ချစေနိုင်ရန် မှန်နှစ်ထပ်အသုံးပြုကာ နိုင်ငံတကာ အဆင့်မြင့်နည်းပညာများနှင့် ပြည်တွင်းဖြစ် အလှဆင် ပစ္စည်းများကို ပေါင်းစပ်အသုံးပြုကာ ခေတ်မီမြန်မာ့ပုံစံဖြစ် အောင် ပြန်လည် ဖန်တီးထားကြောင်း ကိုဇာနည်က ပြောသည်။ "ရန်ကုန်မှာ ရုံးခန်းလိုအပ်ချက်တွေ များစွာရှိနေချိန်မှာ မြေနီကုန်း ပြည်သူ့ရင်ပြင်နားက ရှစ်ထပ်တိုက်အဆောက်အအုံကို နိုင်ငံ တကာအဆင့်မီ အဆင့်မြင့်နည်းပညာတွေကို အသုံးပြုပြီး ရုံးခန်းတွေအဖြစ် ပြင်ဆင်မွမ်းမံ ခဲ့ပါတယ်။ အဆင့်မြင့်အရည်အသွေးရှိတဲ့ ပစ္စည်းတွေနဲ့ ဝန်ဆောင်မှုတွေကိုအသုံးပြုပြီး ဆိုင်ခန်းနဲ့ တိုက်ခန်းတွေပါဝင်တဲ့ ဒီအဆောက် အအုံကို ၂၀၁၄ ခုနှစ်မှာ ရုံးခန်းအဖြစ် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။ အဆောက်အအုံအသစ်များ တည်ဆောက်ပါက ကုန်ကျစရိတ်များပြီး ပတ်ဝန်းကျင် ထိခိုက်ပျက်စီးနိုင်ခြင်းများလည်း ရှိနိုင် သည့်အတွက် အဆောက်အအုံအသစ် တည်ဆောက်ခြင်း အစားထိုး အဆောက်အအုံဟောင်းများကို ခေတ်မီနည်းပညာများဖြင့် ပြန်လည်ပြင်ဆင်ကာ အသုံးပြုခြင်းများကို ယခုထက် ကျယ်ပြန့်စွာပြုလုပ်သင့်ကြောင်း ကျွမ်းကျင်သူများက ပြောသည်။ ရန်ကုန်မြို့တွင် အသုံးမပြုဘဲ ပိတ်ထား သော ကိုလိုနီခေတ်အဆောက်အအုံ အများအပြားရှိနေပြီး ထိုအဆောက်အအုံများကို ပြန်လည်ပြင်ဆင်ကာ အသုံးပြုသင့်ကြောင်း ဗိသုကာ ပညာရှင် တစ်ဦးဖြစ်သူ ဒေါ်စန္ဒာမေက ပြောသည်။ "ရန်ကုန်မှာ ပိတ်ထားတဲ့ ရှေးခေတ်အဆောက်အအုံဟောင်းတွေကို ပြန်လည် ပြင်ဆင်ပြီး ကျောင်းတွေ၊ ဆေးရုံတွေ စတဲ့ အခြေခံ အဆောက်အအုံတွေအတွက် သုံးတာပဲ ဖြစ်စေ၊ အဆောက်အအုံ ပြင်ဆင်စရိတ် ကြီးမားတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေကို ငှားရမ်းပြီး ဒီအဆောက်အအုံကို ရှေးမူမပျက် ပြန်ပြင်စေတာပဲဖြစ်စေ ပြုလုပ်သင့်ပါတယ်။ အဆောက်အအုံ အသစ် တည်ဆောက်တာထက် အဟောင်းကို ပြန်ပြင် ဆင်သုံးတာက ပိုပြီး ငွေကုန်ကြေးကျသက် သာစေမှာဖြစ်တဲ့အတွက် ဒီအဆောက်အအုံ ဟောင်းတွေကို ခေတ်မီပုံစံပြင်ဆင်ပြီး အကျိုးရှိရှိ အသုံးပြုစေချင်ပါတယ်" ဟု ၎င်းကပြောသည်။ Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ