By emg, Shweproperty.com
Updated at 16 June 2013
ရန်ကုန်မြို့အတွင်း၌ အိမ်များ ငှားရမ်းနေထိုင်သူများ အနေဖြင့် အိမ်ငှားရမ်းခများမှာ လက်ရှိပေါက်ဈေးထက် အဆမတန် မြင့်တက်နေခြင်းကြောင့် ငှားရမ်းနေထိုင်သူများ အနေဖြင့် အခက်တွေ့လျက်ရှိကြောင်း လုံးချင်းအိမ်များနှင့် တိုက်ခန်းငှားရမ်း နေထိုင်သူများထံမှ သိရသည်။
ဗဟန်းမြို့နယ် ကျိုက္ကဆံရပ်ကွက်တွင် အိမ်ငှားရမ်းနေထိုင်သည့် မိသားစုက ''ကျွန်မတို့ လင်မယား နှစ်ယောက်တည်းနေတာ။ ငှားတုန်းက တစ်လ ကိုးသောင်းပေးရတယ်။ အခန်းကလည်း အကောင်းကြီးတော့ မဟုတ်ဘူး။ နှစ်လပဲ ရှိသေးတယ်။ အိမ်လခတက်သွားပြီ တစ်လကို တစ်သိန်းနှစ်သောင်း ဖြစ်သွားပြီတဲ့။ ကျွန်မတို့ လင်မယား နှစ်ယောက်ပေါင်းရင် တစ်လလေးသိန်း လောက်တော့ရတယ်။ ဘယ်လိုမှ မတက်နိုင်တော့ဘူး'' ဟု ဆိုသည်။
လှည်းတန်းတွင် နေထိုင်သည့် အိမ်ငှား တစ်ဦးကလည်း ''ပွဲစားအချို့ စီးပွားရှာတယ် ဆိုပေမယ့် အတိုင်းအတာ တစ်ခုတော့ ရှိသင့်တယ်။ အခုဆိုရင် သူတို့ ပွဲခလိုချင်တိုင်း ဈေးတွေကို လျှောက်ပြောနေတယ်။ နေတဲ့သူတွေ အနေနဲ့ကလည်း ရွှေ့ပြောင်းရမှာ အလုပ်ရှုပ်မှာဆိုးလို့ ဆက်နေကြတာလည်း ရှိတယ်။ မနေနိုင်လို့ ပြောင်းကြတဲ့ သူတွေလည်း ရှိတယ်။ အိမ်ငှားတဲ့ ဈေးက တစ်လတစ်လ ပိုများလာတယ်'' ဟု ဆိုသည်။
ရန်ကုန်မြို့တွင် ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ စတင်ကာ အိမ်ခြံမြေ ဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်လာကာ အိမ်ငှားရမ်း နေထိုင်ရန်အတွက် များစွာ ခက်ခဲလျက်ရှိသည်။
အိမ်ငှားရမ်းသူများ အနေဖြင့် နေရာကောင်းလျှင် ဈေးနှုန်းများ ပိုပေးရပြီး အများဆုံး ငှားရမ်းသည့် နေရာများမှာ တာမွေ၊ လှည်းတန်း၊ ကျောက်မြောင်း၊ ရန်ကင်းနှင့် သင်္ဃန်းကျွန်းမြို့နယ်များတွင် အိမ်ငှားရမ်းမှုများ အများဆုံး ပြုလုပ်လာကြပြီး အနည်းဆုံး ခြောက်လ စာချုပ်ရကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးရှိ ယုဇနဥယျာဉ်မြို့တော်တွင် ယမန်နှစ် အိမ်ငှားရမ်းခမှာ ကျပ် ၂၅၀၀၀ မှ ၄၀၀၀၀ အကြားရှိရာမှ ယခုအခါတွင် ၅၀၀၀၀ မှ ၆၀၀၀၀ အထိ လည်းကောင်း၊ သာကေတမြို့နယ်တွင် ယမန်နှစ်ကကျပ် ၃၀၀၀၀ မှ ၄၀၀၀၀ အထိရှိရာမှ ယခုအခါ ကျပ် ၅၀၀၀၀ မှ ၇၀၀၀၀ အထိလည်းကောင်း၊ တာမွေ၊ ကျောက်မြောင်း၊ လှည်းတန်း၊ ရန်ကင်း၊သင်္ဃန်းကျွန်း မြို့နယ်တို့တွင် ယမန်နှစ်က ကျပ် ၈၀၀၀၀ မှ ၁၀၀၀၀၀ အထိ ရှိရာမှ ယခုအခါ ၁၀၀၀၀၀ မှ ၁၅၀၀၀၀ အထိ လည်းကောင်း ငှားရမ်းခများ မြင့်တက်ခဲ့သည်။
ယင်းကဲ့သို့ အိမ်ငှားရမ်းခများ အဆမတန် မြင့်တက်မှုများ ရှိလာခြင်းကြောင့် နယ်များမှ လာရောက် အခြေချ လုပ်ကိုင်သူများမှာ အကျပ်အတည်းနှင့် ပိုမိုရင်ဆိုင် လာရကြောင်း သိရသည်။
Ref : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ