By Myanmar Times, Shweproperty.com
Updated at 28 September 2015
ရွေးကောက်ပွဲမတိုင်မီ ရန်ကုန်မြို့၌ ဆူပူအကြမ်းဖက်မှုများ၊ မှုခင်းများလျော့ကျရေးအတွက် လုံခြုံရေး အထူးတိုးမြှင့်ထားသည်ဟု ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက ပြောသည်။
စားသောက်ဆိုင်များ၊ ကာရာအိုကေဆိုင်များ၊ နိုက်ကလပ်များကို ည ၁၁ နာရီတွင် ပိတ်သိမ်းရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ဒေသန္တရအမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။
"ဒါက အရင်ကလည်း ထုတ်ပြန်ခဲ့တယ်။ ဒါပေမဲ့ မလိုက်နာတဲ့သူကများတယ်။ အဲဒါကြောင့် အခုလို ထပ်ထုတ်ပြန်ရခြင်းဖြစ်ပါတယ်။ မလိုက်နာတဲ့ သူတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ။ နောက်ပြီး ဒီလိုထုတ်ပြန်တာကလည်း ရန်ကုန်မြို့တော်ရဲ့ လုံခြုံရေးအတွက်ကြောင့်ပါပဲ"ဟု ဦးမြင့်ဆွေက ပြောသည်။
မြို့နယ်အားလုံးတွင်လည်း လှည့်ကင်းအဖွဲ့များက ရှောင်တခင် ဧည့်စာရင်းစစ် ဆေးမှုများ ပြုလုပ်မည်ဖြစ်ကာ ရွေးကောက်ပွဲကာလ မတိုင်မီ ခွင့်ပြုချက်မဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခြင်းများ ပြုလုပ်နိုင်မည့် နေရာများတွင် ရပ်ကင်းအဖွဲ့များကို လုံခြုံရေးအဖြစ် ထားသွားမည့်အပြင် ဒုစရိုက်သမားများ ကျက်စားနိုင်မည့်နေရာများ၌ ဝပ်ကင်းများထားကာ လုံခြုံရေးတိုးမြှင့်ကာ ဆောင်ရွက်သွားမည်ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးက သိရသည်။
ရန်ကုန်တိုင်းဒေသကြီး၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးတင်ဝင်း သည် ကိုကိုးကျွန်းမြို့နယ် မဲဆန္ဒနယ်တွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်အဖြစ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ရွေးကောက်ပွဲဝင်ရန် ရာထူးမှ နုတ်ထွက်သွားပြီဖြစ်သည်။
ထို့ကြောင့် ရန်ကုန်မြို့တော်ဝန်က ၎င်း၏ လုပ်ငန်း တာဝန်များကိုပါ ပူးတွဲဆောင်ရွက်လျက် ရှိသည်။
လာမည့်ရွေးကောက်ပွဲအတွက် လုံခြုံရေးကို အပိုင်းလေးပိုင်းဖြင့် ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့ကခွဲဝေဆောင်ရွက်သွားမည်ဖြစ်ပြီး မဲရုံပေါင်း ၅,၀၀၀ ကျော် ထားရှိရန် စီစဉ်ထားသည့်ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုယ်စားလှယ်လောင်း ၅၀၀ ကျော်က ဝင်ရောက်ကာ ယှဉ်ပြိုင်ကြမည်လည်းဖြစ်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ကြေညာထားသည်။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ