By Messenger, Shweproperty.com
Updated at 12 November 2015
နိုင်ငံတစ်နိုင်ငံတွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရန်အတွက် မရှိမဖြစ် လိုအပ်သော ကဏ္ဍတစ်ခုမှာ စတော့အိတ်ချိန်းပင်ဖြစ်သည်။ ကမ္ဘာ ပေါ်ရှိ စီးပွားရေးဖွံ့ဖြိုး တိုးတက်သော နိုင်ငံမှန်သမျှ စတော့အိတ်ချိန်း ဈေးကွက်အောင်မြင် မှုနှင့် အတူယှဉ်တွဲတည် ရှိနေသည်ကို မြင်တွေ့ရမည်ဖြစ်သည်။
ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၈ နိုင်ငံများ အနက် စတော့အိတ်ချိန်းမရှိသော နိုင်ငံ ကိုးနိုင်ငံထဲတွင် ခြောက်နိုင်ငံမှာ ကျွန်းနိုင်ငံ များသာ ဖြစ်ပြီး ကျန်သုံးနိုင်ငံမှာ အစဉ်အလာကြီးမားသည့်နိုင်ငံ သုံးခု ပါဝင်နေသည်။ အစဉ်အလာကြီးမားပြီး စတော့အိတ်ချိန်း မရှိသည်မှာ မြန်မာ၊ မြောက်ကိုရီးယားနှင့် ဘရူနိုင်းတို့ပင်ဖြစ်သည်။ ယင်းနိုင်ငံများ စာရင်းထဲမှ မြန်မာနိုင်ငံသည် မကြာမီ ပယ်ဖျက်နိုင်တော့မည်ဖြစ်ပေ သည်။ စတော့အိတ်ချိန်းရှိလာမည်ဖြစ်သောကြောင့် ဒီမိုကရေစီဖော်ဆောင်ရေးနှင့် ဈေးကွက်စီးပွားရေး ဖော်ဆောင်ရေးများမှာ အင်္ဂါရပ်တစ်ခု ပြည့်စုံသွားပြီဖြစ်ပြီး ဒီမိုကရေစီ၏ ပြယုဂ်၊ ဈေးကွက်စီးပွားရေးစနစ်၏ အင်္ဂါရပ်ထဲတွင် စတော့အိတ်ချိန်း သည် အထင်ကရ ပါဝင်လာမည်ဖြစ်သည်။
ရန်ကုန်စတော့ အိတ်ချိန်းပေါ်ပေါက်လာခြင်း က မြန်မာနိုင်ငံသားများအတွက် ရင်းနှီးမြှုပ်နှံ မှု အင်အားတစ်ခုရလာမည်မှာ မလွဲဧကန်ပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံတော်၏ စီးပွားရေး တိုးတက်မှုကိုလည်း များစွာ အထောက်အကူ ဖြစ်လာ မည်ဖြစ်သည်။ ရန်ကုန်စတော့ အိတ်ချိန်းဈေးကွက်ကြီး ပေါ်ပေါက်လာရန်အတွက် လွန်ခဲ့သော နှစ်နှစ်ခွဲကာလက ပြင်ဆင်မှုများ စတင်ပြုလုပ်ခဲ့ရာ ငွေချေးသက်သေခံ လက်မှတ်လဲ လှယ်ရောင်းဝယ်ရေး ဥပဒေကို ရေးဆွဲပြီးပြီဖြစ်ပြီး နည်းဥပဒေကိုလည်း လွှတ်တော်တွင် ဆွေးနွေးရန် တင်ပြမှုမှာ အောက်တိုဘာ ၂၇ ရက်က ရက်ပေါင်း ၉၀ ပြည့်မြောက်ခဲ့ရာ အတည်ပြုနိုင်ပြီဖြစ်၍ တရားဝင် ထုတ်ပြန်နိုင်တော့မည်။
အဆိုပါဈေးကွက် ကြီး အကောင်အထည်ဖော်ရန် မြန်မာ နိုင်ငံအစိုးရက ၅၁ ရာခိုင်နှုန်း၊ ဂျပန်အစိုးရ နှင့် ဒိုင်ဝါကုမ္ပဏီ တို့က ၄၉ ရာခိုင်နှုန်းဖြင့် ပူးပေါင်း လုပ်ကိုင်သွားမည်ဖြစ်သည်။ ယင်းအတွက် ဒိုင်ဝါကုမ္ပဏီက မြန်မာကျပ် ငွေ ၃၁ ဘီလျံထည့်ဝင်ထားပြီးဖြစ်သည်။ ပြင်ဆင်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့ရာ လက်ရှိတွင် ၉၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ပြီး လာမည့် ဒီဇင်ဘာလတွင် ဖွင့်လှစ်ကာ ၂၀၁၆ နှစ်ဆန်းပိုင်းတွင် အီလက်ထရွန်းနစ်စနစ်များဖြင့် စတော့အိတ်ချိန်း ဈေးကွက်ကြီး စတင်လည်ပတ်၍ ရှယ်ယာအရောင်း၊ အဝယ်လုပ်သူများနှင့် အသက်ဝင်လာတော့ မည်ဖြစ်သည်။ ဈေးကွက်ထဲဝင်ရောက်ရန် ၆၇ နှစ်ကြာနောက် ကျခဲ့ပြီဖြစ်ရာ ဖွင့်လှစ်မည့်အချိန် မှာ အရေးမကြီးဘဲ ခိုင်မာရန်အတွက်သာ အရေးကြီးပေတော့သည်။ "ဈေးကွက်ထဲမှာ နောက်ကျမှ ဝင်ဖြစ်သော်လည်း ရှေ့ကမှားတဲ့ သူတွေရဲ့ သင်ခန်းစာတွေ ရတဲ့အတွက်ကြောင့် အချိန်တိုတိုနဲ့ လုပ်ပြီးခဲ့တယ်။ နှစ်နှစ်ခွဲဆိုတာ စတော့အိတ်ချိန်းတစ်ခုတည်ထောင်ဖို့အတွက် အင်မတန် တိုတောင်းပါတယ်။ ဒီအတောအတွင်း တစိုက် မတ်မတ်လုပ်ခဲ့တာကြောင့် အခုဆိုရင် ဖွင့်ဖို့ ပြင်ဆင်နေပြီ"ဟု ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ငွေချေးသက်သေခံ လက်မှတ် လဲလှယ်ရောင်းဝယ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။ မြန်မာနိုင်ငံတွင် လက်ရှိ၌ ရင်းနှီးမြှုပ်နှံမည့်ဈေးကွက် မရှိခြင်းကြောင့် အခြားနေရာများတွင် ရင်းနှီးမြှုပ်နှံနေကြရာ ယခု စတော့ အိတ်ချိန်းဈေးကွက်ပေါ်လာပါက ရင်းနှီးမြှုပ်နှံ မည့် ဈေးကွက်တစ်ခုရ လာတော့မည်ဖြစ်ရာ ပြည်သူများအတွက် အကျိုးရှိလာမည့်အပြင် ကုမ္ပဏီများ အနေဖြင့်လည်း ငွေအရင်းအနှီး ရှာရာတွင် စရိတ်သက်သာပြီး လွယ်ကူသော နည်းလမ်းတစ်ခု ရရှိသွားပေမည်။ ဘဏ်မှ ငွေချေးစရာ မလိုတော့ဘဲ စတော့ အိတ်ချိန်း တွင် ရှယ်ယာထုတ်ရောင်းကာ ငွေရရှိနိုင် မည်ဖြစ်သည်။ ထို့ပြင် ပုဂ္ဂလိကကုမ္ပဏီ များမှာ စတော့အိတ်ချိန်းစံချိန်၊စံညွှန်းသတ်မှတ်ချက်များနှင့် ညီမျှရန်ပြုပြင်ကြရမည်ဖြစ်ရာ အရည်အသွေး အဆင့်အတန်းမှာလည်း တက်လာမည်ဖြစ်သည်။
"စတော့ဈေးကွက်ရှိရင် လုပ်ငန်းတိုးချဲ့ လို့ရတယ်။ များသောအားဖြင့် ကုမ္ပဏီတွေက အကျိုးကျေးဇူး ခံစားရတယ်။ အများပိုင် ကုမ္ပဏီတွေက ကိုယ်ရင်းနှီးမြှုပ်နှံထားတဲ့ ရှယ်ယာတွေ ပိုင်ဆိုင်လာမယ်။ စတော့ဈေးကွက် မှာနိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက ရှယ်ယာဝယ်ခွင့်ရရင် ပြည်တွင်းမှာ ဘဏ္ဍာရေး အထောက်အကူဖြစ်စေတယ်"ဟု ဒေါက်တာအောင်သူရက ပြောသည်။
စတော့အိတ်ချိန်းတွင် ပါဝင်ကပြအသုံးတော်ခံမည့် Player သုံးမျိုးမှာ စာရင်းတင်ကာ ရှယ်ယာထုတ်ရောင်းမည့်ကုမ္ပဏီ များ၊ ယင်းကုမ္ပဏီများကို ကူညီရောင်းချပေး မည့် ှSecurity ကုမ္ပဏီများနှင့် ထုတ်ရောင်းမည့် ရှယ်ယာများကို ဝယ်ယူရင်းနှီးမြှုပ်နှံမည့် ပြည်သူများပင်ဖြစ်သည်။ ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် ငွေချေးသက်သေခံလက်မှတ်များ လဲလှယ်ရောင်းဝယ်ရေးဥပဒေနှင့်အညီ ရန်ကုန်စတော့အိတ်ချိန်းကို တည်ထောင်ခဲ့ပြီး ဖြစ်သည်။ ရန်ကုန်စတော့ အိတ်ချိန်းတွင် မှတ်ပုံတင်၍ အစုရှယ်ယာရောင်းချ ခွင့်ပြုမည့် အများနှင့် သက်ဆိုင် သော ကုမ္ပဏီများ၏ အရည်အသွေးသတ်မှတ် ချက် 'စံ'များကိုလည်း အချက် ၁၇ ချက်ပါဝင် ကာ ထုတ်ပြန်ကြေညာထားပြီးဖြစ်သည်။ ယင်းထဲတွင် အများပိုင်ကုမ္ပဏီသည်အစုရှယ်ယာဝင် ဦးရေ အနည်းဆုံး ၁၀၀ နှင့် အထက်ရှိရမည်ဖြစ်ပြီး လျှောက်ထားသည့်နေ့တွင် ထည့်ဝင်မတည်ငွေ အနည်းဆုံး ကျပ် သန်း ၅၀၀ ရှိရမည်ဖြစ်သည်။ စာရင်းတင် ကာ ရှယ်ယာထုတ်ရောင်းမည့် ကုမ္ပဏီများကို စိတ်ဝင်စားမှု ပုံစံခေါ်ယူထားရာ လျှောက်ထားမှုမှာ လက်ရှိအချိန် အထိ ၁၀ ခုရှိပြီဖြစ်သည်။
အရေးကြီးသောအချက် နှစ်ချက်နှင့် ကိုက်ညီပါက ကုမ္ပဏီအားလုံးကို ကျန်သည့် အချက်များနှင့် ကိုက်ညီအောင်ပြုပြင်ကာ ကူညီဆောင်ရွက်ပေးသွားမည်ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် စာရင်းတင်၍ ရှယ်ယာရောင်းချမှုအတွက် ကုမ္ပဏီ ၁၀ ခုကို ရွေးချယ်သွားမည်ဖြစ်သည်။ စာရင်း တင်ရောင်းချမည့် ကုမ္ပဏီများသည် အဆင်သင့်မဖြစ်သေးခြင်းကြောင့် ဒီဇင်ဘာ စတော့ဈေးကွက်ကြီးစတင်ဖွင့်လှစ် ချိန်တွင် ရှယ်ယာများကို စတင်ရောင်းချနိုင်မည်မဟုတ်ပေ။ ထို့ကြောင့် ဈေးကွက် ဖွင့်လှစ်ချိန်တွင် စာရင်းတင်ရောင်းချခွင့်ရရှိမည့် ကုမ္ပဏီ ၁၀ ခု၏ နာမည်စာရင်းနှင့် ၎င်း ကုမ္ပဏီတစ်ခုချင်းစီ၏ ရှယ်ယာစတင်ရောင်းချနိုင်မည့် နေ့ရက်များကို တစ်ပြိုင် နက်တည်း ကြေညာသွားမည် ဖြစ်သည်။ ရှယ်ယာထုတ်ရောင်းချမှုကို တစ်လ တစ်ကြိမ်၊ သို့မဟုတ် နှစ်လ တစ်ကြိမ်လည်း ဖြစ်သွားနိုင်ရာ ပြည်သူများအနေဖြင့် မိမိကြိုက်နှစ်သက်ရာ ကုမ္ပဏီ စတင်ရောင်းချမည့်ရက်ကို စောင့်ကာ ဝယ်ယူနိုင် မည်ဖြစ်သည်။ "ဘယ်စတော့အိတ်ချိန်းမှ တစ်ပြိုင်နက်ထဲမှာ နှစ်ခု မရောင်းဘူး"ဟု ဒေါက်တာမောင် မောင်သိမ်းက ပြောသည်။
ရှယ်ယာထုတ်ရောင်းမည့် ကုမ္ပဏီများကိုကူညီပေးမည့် တစ်ဆင့်ခံဖြန့်ဖြူးရောင်းပေး မည်ဖြစ်သော Security ကုမ္ပဏီ ၁၀ ခုကို ပဏာမရွေးချယ်ထားပြီးဖြစ်သော်လည်း လက်ရှိတွင် ၎င်းကုမ္ပဏီများမှာ ဖွင့်လှစ်ရန်အဆင်သင့်မဖြစ်သေးခြင်း၊ ထည့်ဝင်ပြီး မတည်ရင်းနှီးငွေ မြန်မာကျပ်ငွေ ၁၅ ဘီလျံပေးသွင်းခြင်း မရှိသေးခြင်းကြောင့် နာမည်များကို ကြေညာခြင်းမရှိသေးပေ။ ကုမ္ပဏီများကို ရွေးချယ်ရာတွင် စံနှုန်းများ နှင့် အမှတ်ပေးစည်းမျဉ်းဖြင့် အမှန်တကယ်လုပ်နိုင်စွမ်းရှိ၊ မရှိအပေါ် မူတည်၍ ရွေးချယ် ခဲ့သည်။ Security ကုမ္ပဏီများ ပြင်ဆင်မှု များ ပြီးစီး၍ ငွေသွင်းလာပါက လိုင်စင် ထုတ်ပေးသွားမည်ဖြစ်သည်။ လက်ရှိတွင် ကမ္ဘာဇမှ ထည့်ဝင်မတည် ရင်းနှီးငွေ ပေးသွင်း ပြီးဖြစ်ကြောင်းသိရသည်။ ထို့ပြင် စတော့အိတ်ချိန်းတွင် အဓိကကဏ္ဍကပါဝင်နေသော ရှယ်ယာများကို ဝယ်ယူ မည့် သူများမှာ ရှယ်ယာဝယ်ယူမှု၊ ရောင်းချမှု များနှင့် ပတ်သက်၍ အခြေခံဗဟုသုတများ ကို လေ့လာရမှုများ ပြုလုပ်ရန် လိုအပ်ပေသည်။
ရှယ်ယာရင်းနှီးမြှုပ်နှံမည့် ပြည်သူများအတွက် စတော့အိတ်ချိန်းနှင့် ပတ်သက်သော အခြေခံဗဟုသုတများ ရရှိစေ ရန် ဒီဇင်ဘာလတွင် ရန်ကုန်နှင့် မန္တလေး၌ ဟောပြောပွဲပြုလုပ်သွားမည်ဖြစ်သည်။ Security ကုမ္ပဏီတွေကလည်း ဒါတွေ ကို ပညာပေးလိမ့်မယ်။ ပြည်သူတွေအနေနဲ့ က ရှယ်ယာထုတ်ရောင်းမယ့် ကုမ္ပဏီတွေရဲ့ စီးပွားရေးအခြေအနေတွေ၊ နောက်ကြောင်း အခြေအနေတွေ၊ အဓိကဦးဆောင် လှုပ်ရှားမယ့်သူတွေရဲ့ အခြေအနေတွေကို သိပြီးတော့မှ ဒီကုမ္ပဏီဟာ ကြီးပွားမှာလား။ မကြီးပွားဘူးလားဆိုတာ ဆုံးဖြတ်ရမယ်။ကြီးပွား မယ်ထင်ရင် ရင်းနှီးမြှုပ်နှံ။မကြီးပွား ဘူးထင်ရင် ရင်းနှီးမမြှုပ်နှံနဲ့ပေါ့။ အခြေခံဗဟု သုတတွေ လေ့လာပြီး ဆုံးဖြတ်ရမယ်။ ဒါတွေ ကို အကုန်လုံးလေ့လာပြီး ဆုံးဖြတ်ချက်ချရ မယ်။ပြည်သူတွေအပိုင်းကလည်း လေ့လာမှု လိုတယ်"ဟု ၎င်းက ပြောသည်။ လက်ရှိတွင် ရန်ကုန်မြို့တွင် စတော့အိတ်ချိန်းနှင့် ပတ်သက်သော သင်တန်းများဖွင့်လှစ် မှုများရှိနေပြီး ပြည်သူများအတွက် ယုံကြည်စိတ်ချရမှုရှိစေရန် SECM ခေါ်ယူစစ်ဆေးမေးမြန်းမှုများ လုပ်ဆောင်ခဲ့သော်လည်း အချို့သင်တန်းများမှာ လာရောက် တွေ့ဆုံခြင်း မရှိပေ။ "အခု သင်တန်းဆိုပြီး အယောင်ပြနေတာတွေရှိတယ်။ အဲဒီသင်တန်းဆိုတာကိုလည်း SECM အနေနဲ့ ခေါ်ပြီး စုံစမ်းလိုက်တဲ့ အခါ မှာ လာတောင်မတွေ့တာတွေ ရှိတယ်။အဲဒီ ကတည်းက မရိုးသားဘူးဆို တာပေါ်နေတယ်။ ဒါတွေကို ပြည်သူတွေက သတိထားရမယ်။ မသင်္ကာရင် တို့ဆီကို ချက်ချင်း ဖုန်းဆက်ပေး ပါ။ စိစစ်ထားတဲ့ဟာ ဟုတ်မဟုတ်။ မသင်္ကာ ဘူးထင်ရင် SECM ကို အကြောင်းကြားနိုင် တယ်"ဟု ၎င်းကဆက်လက်ပြောသည်။ လက်ရှိတွင် လာရောက် အစစ်အဆေးခံမှုမှာ နိုင်ငံတကာမှာ သင်တန်းပေးနေသော သူများမှ လာရောက် ဖွင့်လှစ်သည့် သင်တန်းသုံးခုရှိပြီး သင်တန်းကြေးကို မြန်မာနှင့် ကိုက်ညီသော နှုန်းထားဖြင့် စတင်လုပ်ဆောင်ရန် ပြောကြားထားသည်။
ရှယ်ယာတစ်ခုမဝယ်ခင်မှာ ရင်းနှီးမြှုပ်နှံသော စာရင်းတင်ကုမ္ပဏီများ၏ ပေါက်ဈေးနှုန်း များကို ထုတ်ပြန်ရမည်ဖြစ်ပြီး ရှယ်ယာဝယ်ယူလိုသူများသည် စာရင်းတင် ကုမ္ပဏီများဆီမှ တိုက်ရိုက် ရှယ်ယာဝယ်ယူခွင့်မရပဲ Security ကုမ္ပဏီများက တစ်ဆင့် အကောင့်ဖွင့်ကာ ရှယ်ယာအရောင်း၊ အဝယ်ပြုလုပ်နိုင်မည်ဖြစ်သည်။ ရှယ်ယာဝယ်ယူ၍ ရင်းနှီးမြှုပ်နှံသော သူများအနေဖြင့် နှစ်ရှည် ရင်းနှီးမြှုပ်နှံမှသာ အကျိုးအမြတ် ရရှိနိုင်ရာ ရေရှည်ကိုကြည့်၍ လုပ်ဆောင်စေ လိုကြောင်း Myanmar Research, Consulting,Capital Markets,CEO ဒေါက်တာအောင်သူရက ပြောသည်။ နိုင်ငံတကာစံချိန်စံညွှန်းနှင့် ညီရန် အများပိုင်ကုမ္ပဏီသည် Rule & Regulation ပိုင်း၊လုပ်ငန်းလမ်းညွှန်မှု ရှိသည်များ၊ အခွန် ဆောင်သည့် မှတ်တမ်းမှတ်ရာများရှိကာ ပြည်သူသိအောင် ချပြနိုင်မှသာ အဆိုပါ ကုမ္ပဏီ ကောင်းခြင်း၊ မကောင်းခြင်းကို ကြည့်၍ ပြည်သူများ အနေဖြင့် စတော့ရှယ် ဝယ်ယူမည်ဖြစ်သည်။ စတော့ရှယ်ယာများများဝယ်မှသာ Capital Market နှင့် Stock Market တို့သည် ဖွံ့ဖြိုးလာမည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကြံပေးပုဂ္ဂိုလ် ဒေါက်တာမောင်အောင်က ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Myat Minn
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ