By Myanmar Times, Shweproperty.com
Updated at 3 September 2015
ကျောက်တံတားမြို့နယ်၊ ဆူးလေဘုရားလမ်း အောက်ဘက်က ယခင်က ဗဟိုဘဏ်နဲ့ မြဝတီဘဏ်ရုံးချုပ်တို့ဖြစ်ခဲ့တဲ့ ကိုလိုနီခေတ် အဆောက်အအုံကြီးအတွင်းမှာ ဝန်ထမ်း ၁၀ ဦးခန့်နဲ့ စတင်လည်ပတ်မယ့် ရန်ကုန်စတော့ အိတ်ချိန်း တည်ရှိပါတယ်။
ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင် ဥက္ကဋ္ဌ၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းနဲ့ ပြည်ပပါတနာနှစ်ခု ဖြစ်တဲ့ Japan Stock Exchange Group (JESP) နဲ့ Daiwa Securities Group တို့က တာဝန်ရှိသူတွေဟာ ရန်ကုန်စတော့အိတ်ချိန်း လည်ပတ်ပုံ မီဒီယာသရုပ်ပြပွဲကို ဩဂုတ်လ ၂၉ ရက်နေ့က ဒီအဆောက်အအုံမှာ အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။
၂၀၀၇ ခုနှစ်က စခဲ့တဲ့ မြန်မာနိုင်ငံမှာ စတော့အိတ်ချိန်းတစ်ခု ပေါ်ပေါက်ရေး ဇာတ်မျောတစ်ပုဒ် ရုပ်လုံးပေါ်လာတာလည်း ဖြစ်ပါတယ်။
"ကမ္ဘာပေါ်မှာ စတော့အိတ်ချိန်း မရှိတာ သုံးနိုင်ငံပဲ ရှိတယ်။ ဒီထဲမှာ မြန်မာပါတယ်" လို့တောင် ဒုတိယဝန်ကြီးက သရုပ်ပြပွဲမှာ ခပ်သောသော ဆိုတယ်။
"ဒါပေမဲ့ ကျွန်တော်တို့က စတည်ထောင်ကတည်းက အိုင်တီနည်းပညာ အပြည့်သုံးတဲ့ Modernized stock exchange အဖြစ် တစ်ခါတည်း စမှာပါ။ လူတွေ ဝိုင်းအုံတိုးနေတာတွေ ဘာတွေ ဒါတွေ မရှိတော့ဘူး"လို့လည်း ထုံးစံအတိုင်း မြန်မာကသာလျှင် အမြဲတမ်း ပိုသာကြောင်း သူက ဆက်ဆိုတယ်။
ဥရောပ လက်ရာတိုင်လုံးကြီးတွေကြားမှာ အွန်လိုင်းကနေ ငွေကြေးအရင်းအနှီး ရောင်းဝယ်ပုံ နမူနာပြထားတဲ့ အယ်လ်အီးဒီဘုတ်ကြီး တပ်ဆင်ထားပါတယ်။
ရန်ကုန်စတော့အိတ်ချိန်းရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ JSEP မှ မစ္စတာယဆုအိုက "ရန်ကုန် စတော့အိတ်ချိန်းဝက်ဘ်ဆိုက် www.yangonstockexchange.com ကို စက်တင်ဘာလမှာ မြန်မာဘာသာနဲ့ စလွှင့်တင်မှာပါ" လို့ သတင်းပေးပါတယ်။
အယ်လ်အီးဒီဘုတ်ကြီးရဲ့ ဘေးမှာတော့ နှစ်ပေခန့် မြင့်တဲ့ အသံသာသာ ကြေးဝါခေါင်းလောင်း တစ်ခု ရှိပါတယ်။
"အမရပူရကနေ မှာထားတဲ့ မြန်မာဖြစ် ခေါင်းလောင်းပါ။ 'အောင်ဇေယျတု' လို့ နာမည်ပေးထားတယ်"လို့ ဒုတိယဝန်ကြီးက ဆိုပါတယ်။
"ဒီခေါင်းလောင်းက ရန်ကုန်စတော့အိတ်ချိန်း (YSX) ရဲ့သင်္ကေတ ဖြစ်လာမယ်။ အိတ်ချိန်း ဖွင့်ချိန်၊ ပိတ်ချိန်နဲ့ matching time (ရှယ်ယာ အရောင်းအဝယ် ပမာဏ ညှိကာ ဈေးအပြောင်းအလဲ ကြေညာချိန်၊ အရပ်သုံး နှစ်လုံး ထီဖွင့်ချိန်) တွေမှာတီးမှာပါ။ ဝက်ဘ်ဆိုက်ပေါ်မှာလည်း ဒီခေါင်းလောင်းမြည်သံပါမယ်"လို့ သူက ဆိုပါတယ်။
အိတ်ချိန်းဖွင့်ချိန်က ရုံးဖွင့်ရက်တိုင်း နံနက် ၉ နာရီ ၃၀ မိနစ်ဖြစ်ပြီး ဈေးအပြောင်းအလဲတွေကိုတော့ မနက် ၁၁ နာရီ တစ်ချိန်နဲ့ မွန်းလွဲ ၁ နာရီ တစ်ချိန်လို့ ကြေညာမှာဖြစ်ပါတယ်။
ရန်ကုန်စတော့အိတ်ချိန်း (YSX) ကို ဘဏ္ဍာရေး ဝန်ကြီးဌာန၊ မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ ဂျပန်နိုင်ငံဘက်က Japan Stock Exchange Group နဲ့ Daiwa Securities Group ရဲ့ လုပ်ငန်းခွဲ တစ်ခုဖြစ်တဲ့ Daiwa Research Institute တို့က ၄၁ ရာခိုင်နှုန်းပါဝင်တဲ့ရန်ကုန်စတော့အိတ်ချိန်း ဖက်စပ်လိမိတက်က ပိုင်ဆိုင်ပါတယ်။
ငွေချေး သက်သေခံလက်မှတ်လုပ်ငန်း ကြီးကြပ်ရေးကော်မရှင်အောက်မှာရှိပြီး ကျပ် ၃၂ ဘီလျံ (အမေရိကန် ဒေါ်လာ ၃၁ သန်း) မတည် ရင်းနှီးထားပါတယ်။
လောလောဆယ် မြန်မာနိုင်ငံသားများပိုင် ကုမ္ပဏီတွေကိုသာ လက်ခံဦးမှာဖြစ်ပြီး အိတ်ချိန်းက လက်ခံမယ့် အများပိုင်ကုမ္ပဏီတွေဟာ အနည်းဆုံး အစုရှယ်ယာဝင်ဦးရေ ၁၀၀ နဲ့ မတည်ရင်းနှီးငွေ ကျပ်သန်း ၅၀၀ ရှိခြင်း၊ မလျှောက်ထားမီ နှစ်နှစ်ဆက်တိုက် အမြတ်ရရှိခြင်း၊ အတွင်းသတင်း အချက်အလက် သိရှိသူက ကြိုတင်ရောင်းဝယ်ခြင်း (insider trading) ကို တားဆီးတဲ့စနစ်၊ ကောင်းမွန်သော ကော်ပိုရိတ်အုပ်ချုပ်မှု၊ ကုမ္ပဏီတွင်း စီမံခန့်ခွဲမှုနဲ့ ထိန်းချုပ်မှု စနစ်များ ရှိခြင်းစတဲ့ သတ်မှတ်ချက် ၁၇ ချက်နဲ့ ကိုက်ညီရမှာပါ။
မြန်မာနိုင်ငံမှာ အများပိုင်ကုမ္ပဏီအမည်ခံ လုပ်ငန်းပေါင်း ၁၅၀ ကျော် ရှိပြီး အိတ်ချိန်းဖွင့်ချိန်မှာတော့ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ကုမ္ပဏီ ငါးခု၊ ခြောက်ခုခန့် စာရင်းတင်နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။
အိတ်ချိန်းမှာ ရှယ်ယာရောင်းဝယ်မယ့် အများပိုင်ကုမ္ပဏီတွေရဲ့ စိတ်ချရမှုအတွက်တော့ အိတ်ချိန်းအပြင် ငွေချေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်ကပါ ထပ်ဆင့်စိစစ်မယ်လို့ ဆိုပါတယ်။
အက်ဖ်အမ်အိုင်၊ ပထမ မြန်မာပုဂ္ဂလိက ဘဏ်တို့လို အများပိုင်ကုမ္ပဏီအချို့နဲ့ ရှယ်ယာပွဲစား လုပ်ငန်းတွေလို အိတ်ချိန်းမရှိခင်က မိမိဘာသာ ရှယ်ယာအရောင်းအဝယ်လုပ်တာတွေကို အိတ်ချိန်းဖွင့်ချိန်က စပြီး ဥပဒေအရ ထောင်ဒဏ် ငါးနှစ်အထိ ချမှတ်နိုင်မှာပါ။
ဒီအတွက် YSX နဲ့ ချိတ်ဆက်ပြီး တစ်ဆင့်ခံ ရှယ်ယာအရောင်းအဝယ်လုပ်ကိုင်လိုသူ၊ ပွဲစား၊ အရင်းအနှီးအာမခံနဲ့ အတိုင်ပင်ခံလုပ်ငန်း လုပ်ကိုင်လိုသူတွေရဲ့ လျှောက်လွှာတွေ ကော်မရှင်က လက်ခံထားပြီး စက်တင်ဘာလထဲမှာ လိုင်စင်ချပေးမယ်လို့ ဆိုပါတယ်။
လုပ်ငန်း လိုအပ်ချက်အလိုက် အဆိုပါလုပ်ငန်းတွေကလည်း အိုင်တီနည်းပညာသုံးလုပ်ငန်းတွေ ဖြစ်ရမှာ ဖြစ်ပါတယ်။
"အိုင်တီ တပ်ဆင်ဖို့ ဒေါ်လာ တစ်သန်းလောက် သုံးရမှာဖြစ်ပေမယ့် ကျွန်တော်တို့ MSEC က အိတ်ချိန်းနဲ့ ချိတ်ဆက်ပြီး ဆက်လုပ်မှာပါ။ ဒီအိတ်ချိန်း အောင်မြင်အောင် ဝိုင်းလုပ်ပေးဖို့လည်း လိုတယ်" လို့ ကုမ္ပဏီ သုံးခုနဲ့ ဘဏ် တစ်ခုရဲ့ အစုရှယ်ယာနဲ့ ငွေတိုက်စာချုပ်တွေကို ရောင်းချပေးနေတဲ့ မြန်မာနိုင်ငံ ငွေချေး သက်သေခံ လက်မှတ်များလဲလှယ်ရောင်းဝယ်ရေး ကုမ္ပဏီ (MSEC) က အရာရှိတစ်ဦး က ဆိုပါတယ်။
အိတ်ချိန်းကို မူလက အောက်တိုဘာလမှာ စတင်ဖွင့်လှစ်မယ်လို့ ကြေညာထားပေမယ့် ရွေးကောက်ပွဲနဲ့ နီးကပ်နေတဲ့အတွက် ဒီဇင်ဘာလကို ရွှေ့ထားတယ်လို့ ဒေါက်တာမောင်မောင်သိမ်းက ဆိုပါတယ်။
"ပြင်ဆင်ရေး လုပ်ငန်းတွေ အားလုံးပြီးပြီ။ ဖွင့်ဖို့ အဆင်သင့် ဖြစ်နေပြီ။ ဒါပေမဲ့ ရွေးကောက်ပွဲ ရလဒ်ကြေညာတာတွေနဲ့ ရှုပ်နေဦးမှာဆိုတော့ ဒီဇင်ဘာ ပထမပတ်လောက်လို့ မှန်းထားပါတယ်။ နိုင်ငံတော်သမ္မတ အချိန်ရမယ့်ရက်ပဲ"လို ဆိုပါတယ်။
ဒီကာလအတွင်းမှာ အိတ်ချိန်းကို သွားရောက် လေ့လာနိုင်ပြီး အိတ်ချိန်းကြော်ငြာ အခမ်းအနားတွေနဲ့ ရှယ်ယာ အရောင်းအဝယ် ပညာပေးလုပ်ငန်းတွေ လုပ်သွားမှာပါ။
Ref : Myanmar Times
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ