By Myanmar Times, Shweproperty.com
Updated at 3 November 2015
ရန်ကုန်မြို့တွင်းမှ ပဲခူးမြို့ ဟံသာဝတီလေဆိပ် အထိရောက်ရှိမည့် အထပ်မြင့် အမြန် လမ်းမကြီးတစ်ခုကို ကိုရီးယားနိုင်ငံ ကုမ္ပဏီ နှစ်ခုနှင့် ပြည်တွင်းကုမ္ပဏီ တစ်ခုတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်ရန် ဆောက်လုပ်ရေးဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်ပြထားကြောင်း သမ္မတရုံးဝက်ဘ်ဆိုက် စာမျက်နှာ ကတစ်ဆင့် ထုတ်ပြန်လိုက်သည်။
ပြည်တွင်းက Capital Diamond Star Group ( CDSG ) ကုမ္ပဏီသည် ကိုရီးယားနိုင်ငံက Lotte E&C နှင့် Halla Corporation ဆောက်လုပ်ရေးကုမ္ပဏီနှစ်ခုနှင့် အကျိုးတူပူးပေါင်း လုပ်ကိုင်ရန်အတွက် ဆောက်လုပ် ရေး ဝန်ကြီးဌာနသို့ အဆိုပြုလွှာ တင်ပြထားခြင်းဖြစ်သည်။ အဆိုပါ စီမံကိန်း အရ ရန်ကုန်မြို့တွင်း ရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း၊ ရေကျော် လမ်းဆုံမှ မင်္ဂလာဒုံ ဥယျာဉ် စက်မှုမြို့အထိ အရှည် ၂၀ ဒသမ ၅ ကီလိုမီတာနှင့် အကျယ် ၁၈ မီတာရှိ လေးလမ်းသွား အထပ်မြင့်တံတားကို ပထမအဆင့်အဖြစ် တည်ဆောက်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင် ပဲခူးမြို့ ဟံသာဝတီလေဆိပ်အထိ တည်ဆောက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ စီမံကိန်း ပထမအဆင့်တွင် ရင်းနှီးမြှုပ်နှံငွေပမာဏ ကန်ဒေါ်လာ သန်း ၆၂၀ အကုန်အကျခံ တည်ဆောက်ရေးအတွက် အဆိုပြုလွှာတင်ပြထားခြင်း ဖြစ်သည်ဟုလည်း ဖော်ပြ ထားသည်။ သို့ရာတွင် ၎င်းအမြန်လမ်း တည်ဆောက် မှုအတွက် လမ်းတံတားအသုံးပြုခ ကောက်ခံ မည့် နေရာသုံးနေရာ ထားရှိမည်ဖြစ်ပြီး တစ်နေရာစီတွင် ကန်ဒေါ်လာ တစ်ဒေါ်လာ နှင့် ညီမျှသည့် ကျပ်ငွေကောက်ခံခွင့်ရရှိရေးကိုလည်း ထည့်သွင်း တင်ပြထားသည် ဟု ဖော်ပြထားသည်။
ထို့အတွက် လမ်းအစ အဆုံးအသုံးပြုမည့်သူများအတွက် အသုံးပြုခ နှုန်းထားသည် ကန်ဒေါ်လာ သုံးဒေါ်လာ (လက်ရှိကျပ်ငွေနှုန်းထား ၃,၈၄၀) ကျသင့် မည်ဖြစ်သည်။ အဆိုပါ စီမံကိန်းနှင့်စပ် လျဉ်း၍ Capital Diamond Star Group ( CDSG )ကုမ္ပဏီ ကို မြန်မာတိုင်း(မ်)က ဆက်သွယ်မေးမြန်းခဲ့သော်လည်း တစ်စုံတစ်ရာအကြောင်းပြန်ကြားခြင်း မရှိခဲ့ပေ။ "ရန်ကုန်မြို့အနေနဲ့က တစ်လမ်းတည်း သော အထပ်မြင့်တံတားရှည်တွေ အများကြီး တည်ဆောက်သင့်နေပါပြီ။ အခုလို မြို့ပြင်သွားမယ့် အမြန်လမ်းတွေအပြင် မြို့တွင်းပတ် လမ်းတွေမှာလည်း အမြန်လမ်း တွေအများကြီး တည်ဆောက်သင့်တယ်လို့ ကျွန်တော်တို့ ဌာနကလည်း အစိုးရအဖွဲ့ကို တင်ပြထားတာတွေ အများကြီးရှိပါတယ်" ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ညွှန်ကြားရေးမှူး ဦးတိုးအောင်က ပြောသည်။ သို့သော်လည်း အဆိုပါစီမံကိန်းကြီးကို အကောင်အထည်ဖော် တည်ဆောက်ရာတွင် လက်ရှိတည်ဆောက်ဆဲ ခုံးကျော်တံတား စီမံကိန်းများထက် လမ်းပိတ်ဆို့မှု ဖြစ်နိုင်သည့်အတွက် ကြိုတင်လမ်းလွှဲစနစ်များ ဆောင်ရွက်သင့်သည်ဟုလည်း ၎င်းက ပြောသည်။
အဆိုပါ အမြန်လမ်းမစီမံကိန်းကို နိုင်ငံတော်က မတည်ငွေအဖြစ် ၂၀ ရာခိုင်နှုန်း ထည့်ဝင်ပေးရန် တင်ပြထားပြီး၊ နိုင်ငံတော်ထည့်ဝင်ငွေအတွက် အပြည်ပြည်ဆိုင်ရာ ငွေကြေးအဖွဲ့အစည်းများ၏ ချေးငွေကို သက်သာသော အတိုးနှုန်းဖြင့်ရရှိရေး ဆောင်ရွက်ရန် အစီအစဉ်ကိုလည်း ထည့်သွင်းတင်ပြထားသည်ဟု သိရသည်။ "စီမံကိန်းတစ်ခုကိုလုပ်တယ်။ အစိုးရကို ရာခိုင်နှုန်းတစ်ခုနဲ့ မတည်ငွေထည့်ဝင်စေတာ ကတော့ အရင် မဆလခေတ်ကတည်းက ရှိခဲ့တဲ့၊ လုပ်ခဲ့တဲ့ပုံစံပါပဲ။ အဲဒီတော့ လမ်း တံတားအသုံးစရိတ် ကောက်ခံတာကိုကျတော့ အစိုးရကလည်း ထည့်ဝင်ထားတဲ့ ရာခိုင်နှုန်းအတိုင်းရနေမှာပေါ့။ ဒါပေမဲ့ အသုံးပြုခ ပြန်ကောက်တဲ့အခါ အရမ်းမများ ဖို့တော့ လိုတာပေါ့" ဟု ပြည်တွင်းစီးပွားရေး လုပ်ငန်း တစ်ခု၏ အကြံပေးအဖြစ် လုပ် ကိုင်သူ ဦးလှမောင် က ပြောသည်။
ရန်ကုန်မြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုကို လျှော့ချနိုင်ရန် ၂၀၁၃ ခုနှစ်မှစ၍ ခုံးကျော်တံတားများ တည်ဆောက်ခဲ့ရာ လက်ရှိတွင် ခုံးကျော် တံတားလေးခု တည်ဆောက်ပြီးစီးခဲ့ပြီး နောက်ထပ် ခုံးကျော်တံတား လေးခု ထပ်မံ တည်ဆောက်လျက်ရှိသည်။ ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးအေဂျင်စီနှင့် ပူးပေါင်း၍ ၂၀၄၀ ခုနှစ်အထိ မျှော်မှန်းရေးဆွဲထားသည့် ရန်ကုန်မြို့တော် ဖွံ့ဖြိုးရေး စီမံချက်တွင် မြို့တွင်းပတ်လမ်းနှင့် မြို့ပြင်ပတ်လမ်းများ ပါဝင်သည်။ အထက်ပါကုမ္ပဏီများ အဆိုပြုလာသည့်အမြန်လမ်းမစီမံကိန်းမှာ မြို့တွင်းပတ်လည်စီမံကိန်းတွင် ပါဝင်သည်ဟု သိရသည်။
Ref : Myanmar Times
Photo : Internet
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ