By Myanmar Times, Shweproperty.com
Updated at 28 December 2015
ရန်ကုန်မြို့တွင် နေ့စဉ်ဖြစ်ပေါ်နေသော ယာဉ်ကြောကျပ်တည်းမှုများကို လျှော့ချရန် ခုံးကျော်တံတားများ ဆောက်လုပ်လျက် ရှိသော်လည်း ယာဉ်ကြောပိတ်ဆို့မှုဒဏ်ကို အတိုင်းအတာ တစ်ခုအထိသာ ဖြေရှင်း ပေးနိုင်သော်လည်း ရာနှုန်းပြည့် ဖြေရှင်း နိုင်မည်မဟုတ်ကြောင်း ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ တာဝန်ရှိသူက ပြောသည်။
"ကျွန်တော်တို့ တည်ဆောက်ခဲ့တဲ့ ခုံးကျော်တံတားတိုင်းက မဖြေရှင်းနိုင်တာမဟုတ်ပါဘူး။ အတိုင်းအတာတစ်ခုအထိ ဖြေရှင်း နိုင်တဲ့ အနေအထား ရှိပါတယ်။ ဒါပေမဲ့ ဒီ တံတားတွေက ရန်ကုန်မှာ လုံးဝယာဉ်ကြော မကျပ်တော့တဲ့ ရာနှုန်းပြည့်အနေ အထားမျိုးကိုတော့ ဖြေရှင်းပေးနိုင် မှာမဟုတ်ပါဘူး။ အကုန်လုံးကို မကျပ်အောင် ဖြေရှင်း နိုင်တဲ့ အနေအထားက လေးထပ်၊ ငါးထပ်တံတားတွေ ဆောက်မှရမှာပါ" ဟု တိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောနှင့် စွမ်းအင် ဝန်ကြီး ဦးကျော်စိုးက ပြောသည်။
ရန်ကုန်မြို့၏ ယာဉ်ကြောရှုပ်ထွေးမှု များကို ဖြေရှင်းရန် တိုင်းဒေသကြီးအစိုးရ အဖွဲ့က ၂၀၁၄-၁၅ ဘဏ္ဍာနှစ်တွင် ခုံးကျော် တံတားလေးစင်းကို တည်ဆောက်ခဲ့ပြီး၊ လက်ရှိ ဘဏ္ဍာနှစ်တွင် ခုံးကျော်တံတားသုံးစင်း ထပ်မံဆောက်လုပ်လျက်ရှိသည့် အပြင် လာမည့် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် လည်း ခုံးကျော်တံတားသစ်များ ဆက်လက် တည်ဆောက် သွားရန်ရှိသည်။ ယခုကဲ့သို့ ရန်ကုန်မြို့၏ နေ့စဉ် ရင်ဆိုင်နေရသည့် ယာဉ်ကြောပိတ်ဆို့မှု ပြဿနာသည် ဖွံ့ဖြိုးတိုးတက်လာသည့် မြို့ပြအဖွဲ့အစည်းများတွင် ကြုံတွေ့ရ တတ်သည့် ပြဿနာဖြစ်ပြီး ယင်းရင်ဆိုင် နေရသည့်အခက်အခဲများကို ဖြေရှင်းရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ၎င်း အစိုးရအဖွဲ့၏ ရရှိသည့် ရန်ပုံငွေများထဲ မှ တတ်နိုင်သည့် အနေအထားဖြင့် ခုံးကျော် တံတားများ တည်ဆောက်ပေးခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။ "အခုလို ယာဉ်ကြောအကျပ်တည်းဆုံး နေရာတွေမှာ ခုံးကျော်တံတားတွေ ဆောက်ပေးတာက လုံးဝမဆောက်တာနဲ့ ယှဉ်ရင် အခုချိန်မှာ လမ်းတွေက ပိုကျပ်တာထက်ကို ကျပ်နေမှာပါ။ကျွန်တော်တို့ကလည်း လာမယ့်နှစ်တွေမှာ ကျပ်လာနိုင်မယ့်အနေအထားကို ကြည့်ပြီး ဒီတံတားတွေ ဆောက်ပေး တယ်။ ဒါပေမဲ့ လေးထပ်၊ ငါးထပ် တံတားတွေကို ဆောက်မယ်ဆိုရင် အဲဒီလို တံတားတစ်စင်းကို ကျွန်တော်တို့ တိုင်းဒေသ ကြီးအစိုးရအဖွဲ့က ရန်ပုံငွေရတဲ့ တစ်နှစ်တာသုံးစွဲခွင့်ဘတ်ဂျက် တစ်ခုစာလောက် ရှိပါတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရသည် ပြီးခဲ့သည့် ဘဏ္ဍာနှစ်တွင် ရန်ပုံငွေရရှိမှုသည် ကျပ်ဘီလျံ ၁၂၀ ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုနှုန်းမြင့်သည့် လမ်းဆုံတစ်ခုတွင် လေးထပ်၊ ငါးထပ်မြင့်သည့် အလွှာတံတားတစ်စင်းတည်ဆောက်ပါက ပျှမ်းမျှကုန်ကျစရိတ်မှာ ကျပ်ဘီလျံ ၁၁၀ ခန့်ရှိကြောင်း ဦးကျော်စိုးက ပြောသည်။
"မနှစ်က တိုင်းဒေသကြီးအစိုးရအဖွဲ့က ရတဲ့ ခွဲတမ်းက ကျပ်ဘီလျံ ၁၂၀ ရှိပါတယ်။ တစ်ကယ်လို့ တာမွေလိုနေရာမှာ အလွှာလိုက် ခုံးတံတားတစ်စင်း ဆောက်မယ်ဆိုရင် ဘီလျံ ၁၁၀ လောက်ကုန် မှာဆိုတော့ ဒီ တံတားတစ်စင်းတည်းနဲ့တင် ဘတ်ဂျတ်က ကုန်ပြီး ရန်ကုန်မှာ တခြားလုပ်စရာတွေ မလုပ်နိုင်တော့ပဲ ဖြစ်မှာပါ။ အဲဒါကြောင့် ကျွန်တော်တို့က ရတဲ့ ဘတ်ဂျက်ထဲကနေ ဒီခုံးကျော် တံတားလေးတွေကို ဆောက်ပြီး ယဉ်ကြောပိတ်ဆို့မှုကို တတ်နိုင်သလောက်ဖြေရှင်းပေးတာပါ" ဟု ၎င်းက ပြောသည်။ ယင်းကဲ့သို့ လေးထပ်၊ငါးထပ်မြင့်သည့် အလွှာတံတားများသည် လက်ရှိ အချိန်တွင် မတည်ဆောက်နိုင်သေးသော်လည်း နောင်လာမည့် အချိန်တွင် တည်ဆောက်နိုင်သည့် အခြေအနေရှိပါက တည်ဆောက် သွားမည်ဖြစ်ကြောင်း အစိုးရအဖွဲ့က ပြော သည်။ ရန်ကုန်မြို့ရှိ တည်ဆောက်ပြီး ခုံးကျော်တံတားလေးစင်းနှင့် တည်ဆောက် ဆဲ ခုံးကျော်တံတားသုံးစင်း၏ စုစုပေါင်း ကုန်ကျစရိတ်မှာ ကျပ် ၁၂၆ ဘီလျံခန့်ရှိသည်ဟု သိရသည်။
ရန်ကုန်မြို့တွင် ပထမဦးဆုံးစတင်တည်ဆောက်သည့် ခုံးကျော်တံတားမှာ ရွှေတောင် ဖွံ့ဖြိုး တိုးတက်ကုမ္ပဏီက တည်ဆောက်ခဲ့သည့် လှည်းတန်းခုံးကျော်တံတားဖြစ်ပြီး ကျပ် ၁၄ ဒသမ ၄၈၇ ဘီလျံကုန်ကျခဲ့သည်။ ၎င်းနောက် Myanmar V-Pile ကုမ္ပဏီက တည်ဆောက် ခဲ့သည့် ဘုရင့်နောင်နှစ်ထပ် ခုံးကျော်တံတားမှာ ကျပ် ၂၆ ဒသမ ၆၂၆ ဘီလျံကုန်ကျခဲ့သည်။ ရွှေဂုံတိုင်ခုံးကျော် တံတားကို တည်ဆောက်ခဲ့ရာတွင် ကျပ် ၁၇ ဒသမ ၄၄၁ ဘီလျံနှင့် မြေနီကုန်း ခုံးကျော်တံတားကို တည်ဆောက်ရာတွင် ကျပ် ၁၅ ဒသမ ၉၇၁ ဘီလျံ ကုန်ကျခဲ့ပြီး အဆိုပါခုံးကျော်တံတားစီမံကိန်းနှစ်ခုစလုံး ကို Capital Development Limited ကုမ္ပဏီ က တည်ဆောက်ခဲ့ခြင်းဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ်အတွင်း၌လည်း ခုံးကျော်တံတားသုံးစင်း တည်ဆောက်လျက်ရှိရာ ကုက္ကိုင်းခုံးကျော်တံတားစီမံကိန်းကို ကုန်ကျငွေကျပ် ၁၃ ဒသမ ၉၇ ဘီလျံဖြင့် Capital Development Limited ကုမ္ပဏီ၊ ရှစ်မိုင်ခုံးကျော်တံတားစီမံကိန်း ကို ကျပ်ငွေ ၁၅ ဒသမ ၈ ဘီလျံဖြင့် Crown Advanced Construction ကုမ္ပဏီ နှင့် ကုန်ကျစရိတ် ၂၂ ဒသမ ၅ ဘီလျံရှိမည့် တာမွေခုံးကျော်တံတားစီမံကိန်းကို ရွှေတောင်ဖွံ့ဖြိုးတိုးတက်ရေးကုမ္ပဏီ တို့က တည်ဆောက်လျက်ရှိသည်။
ဆောက်လုပ် ဆဲ ခုံးကျော်တံတား စီမံကိန်းများအနက် တာမွေခုံးကျော်တံတားမှာ ပုံသဏ္ဌာန် ဒီဇိုင်း ဖြစ်၍ အပိုင်းနှစ်ပိုင်းခွဲကာ တည်ဆောက် ရမည်ဖြစ်ပြီး ပထမတံတား တစ်စင်းကို ၂၀၁၆ ခုနှစ်၊ မတ်လတွင် အပြီးတည်ဆောက် သွားမည်ဖြစ်ကာ ယင်း တံတားပြီးစီးမှသာ ဒုတိယအပိုင်းကို တည်ဆောက်သွားမည် ဖြစ်ကြောင်း ရွှေတောင်ဖွံ့ဖြိုးတိုးတက်ကုမ္ပဏီ မှ တာဝန်ရှိသူဦးရဲမြင့်ကပြောသည်။
သို့သော် ကုက္ကိုင်းခုံးကျော်တံတားမှာ ယခုဘဏ္ဍာနှစ်အတွင်း တည်ဆောက်သည့် တံတားသုံးစင်းအနက် ပထမဦးဆုံး ဖွင့်လှစ် နိုင်မည့်အနေအထားရှိကာ လက်ရှိအချိန်တွင် ၇၇ ရာခိုင်နှုန်းခန့် ဆောက်လုပ်ရေး လုပ်ငန်းများ ပြီးစီးနေပြီး ၂၀၁၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်တွင် ဖွင့်လှစ်သွား မည်ဖြစ်ကြောင်း ကုမ္ပဏီမှတာဝန်ရှိသူ ဦးတင်မောင်ဝင်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Htet Mhuu
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ