By Myanmar Times, Shweproperty.com
Updated at 9 December 2015
ရှေးဟောင်းသမိုင်းဝင် ရွှေတိဂုံစေတီတော်နှင့် ကိုလိုနီခေတ်အဆောက်အအုံများစွာရှိသည့် ရန်ကုန်မြို့သည် ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်သမိုင်းဝင်နိုင်ရန် အခြေအနေကောင်းများစွာ ရှိနေသော်လည်း ပဏာမ စာရင်းတင်သွင်းရေးအတွက်ပင် အခက်အခဲများရှိနေသည်ဟု တာဝန်ရှိသူများက ပြောသည်။
ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်သမိုင်း ဝင်နိုင်ရန် ကနဦး ပဏာမ စာရင်းတင်သွင်းရန် သက်ဆိုင်ရာအစိုးရအဖွဲ့က လုပ်ဆောင် ရမည်ဖြစ်ပြီး ရန်ကုန်မြို့အတွက် ရပ်တည်ဆောင်ရွက်ပေးမည့် သက်ဆိုင်ရာအစိုးရအဖွဲ့မှာ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဖြစ်သော်လည်း သီးသန့်တာဝန် ယူဆောင်ရွက်ပေးမှု မရှိသေးဟု ယူနက်စကိုမြန်မာ (ယဉ်ကျေးမှု) ၏ အမျိုးသားအဆင့်စီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောသည်။
"အရင်ဦးဆုံး ရန်ကုန်ကို ပဏာမစာရင်းထဲ ထည့်ဖို့လိုအပ်နေတာပါ။ အခုထိ စာရင်းသွင်း ဖို့ လုပ်တာမျိုး မတွေ့သေးဘူး။ အဲဒီလိုလုပ်ဖို့ က သက်ဆိုင်ရာအစိုးရအဖွဲ့ကပဲ လုပ်ရတာ။ ရန်ကုန်အတွက်ခက်ခဲနေတာက အုပ်ချုပ်မှု ပုံစံက ရန်ကုန်တိုင်းဒေသကြီးအစိုးရကပဲ တာဝန်ယူနိုင်တာလား၊ ရန်ကုန်မြို့တော်စည်ပင် သာယာရေးအဖွဲ့ကပဲ တာဝန်ယူနိုင် တာလား ဒါမှမဟုတ် ယဉ်ကျေးမှုဝန်ကြီးဌာန ကပဲ တာဝန်ယူပြီး လုပ်မှာလားကို အတိအကျ မရှိဘူးဖြစ်နေတယ်။ တကယ်လို့ အကုန်လုံး ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင်လည်း ပူးပေါင်းတာမျိုးတွေ အခုထိမတွေ့ရသေး ဘူး" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့သည် အမိုင်းအမွေအနှစ်မြို့ အဖြစ် ယူနက်စကို၏ကမ္ဘာ့စာရင်းဝင်နိုင်ရန် အနေအထားမှာ ရွှေတိဂုံစေတီတော်နှင့် ကိုလိုနီအဆောက်အအုံများကြောင့်သာမက တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးပေါင်းစုံ စုဝေးနေထိုင်ရာ မြို့တစ်မြို့ဖြစ်သည့်အတွက် ယင်းအချက်များမှာ ပဏာမစာရင်းလျှောက်ထားပါက ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်နိုင်မည်ဖြစ်သည်ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
"ရန်ကုန်က ယူနက်စကိုရဲ့ သမိုင်းအမွေ အနှစ်ကို တင်မယ်ဆိုရင် ဝင်နိုင်တဲ့ အနေ အထား ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဓိက ရှေးဟောင်းလက်မှုပညာတွေ အများကြီးပါဝင်တဲ့ ရွှေတိဂုံဘုရားရှိတယ်၊ သက်တမ်းရင့် ကိုလိုနီအဆောက်အအုံတွေရှိတယ် အဲဒါတွေက အားကောင်းပါတယ်။ ဒါ့ပြင် ရန်ကုန်မှာ လူမျိုးစုံနေကြတယ်။ တရုတ်၊ ကလား၊ ဗမာ ပြီးတော့ တိုင်းရင်းသားတွေ ဒီလိုလူမျိုးပေါင်းစုံနေကြတဲ့ လူနေမှုပုံစံက စားရင်းဝင်နိုင်တဲ့ အခြေအနေကောင်းတွေ ပါ" ဟု ၎င်းက ပြောသည်။ ယဉ်ကျေးမှုဝန်ကြီးဌာန၏ လက်ရှိအနေအထားမှာ ပျူမြို့ဟောင်းကို ကမ္ဘာ့အမွေအနှစ် သမိုင်းဝင်ရန် လုပ်ဆောင်ခဲ့ပြီးနောက် ပုဂံမြို့ဟောင်းနှင့် မြောက်ဦးမြို့ကို စာရင်းဝင်ရန် ဆက်လက်ကြိုးပမ်းနေပြီး ယင်းမြို့ နှစ်မြို့၏ လုပ်ဆောင်ချက်များ ပြီးစီးပါ က ရန်ကုန်မြို့ရှိ ရွှေတိဂုံဘုရားကို စာရင်း တင်သွင်းရန် အစီအစဉ်ရှိကြောင်း ရှေးဟောင်း သုတေသန၊ အမျိုးသားပြတိုက်နှင့် စာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ညွန့်က ပြောသည်။
"လောလောဆယ်ကျွန်တော်တို့ ဌာန ကတော့ ပုဂံနဲ့ မြောက်ဦးအတွက် ကမ္ဘာ့ အမွေအနှစ်ဝင်အောင် ကြိုးစားနေပါတယ်။ စာရင်းဝင်ဖို့အတွက် အရင်ဦးဆုံး ပဏာမစာရင်းကို အရင်တင်ရပါတယ်။ အဲဒီ အတွက် အဆင့်ဆင့်တွေ ဖြတ်ရဦးမှာပါ။ လတ်တလောတော့ ဒီမြို့အတွက် စီစဉ်နေတဲ့ အတွက် ရန်ကုန်ကိုတော့ ဒီနှစ်ခုပြီးမှ စာရင်း သွင်းဖို့ အစီအစဉ် ရှိပါတယ်။ ဒါပေမဲ့ ရန်ကုန်မြို့ကိုတော့ ရှေးဟောင်းမြို့အဖြစ် ဝင်လို့မရတဲ့အတွက် ရွှေတိဂုံ ဘုရားကိုပဲ စာရင်းသွင်းဖို့ လုပ်မှာပါ" ဟု ၎င်းက ပြော သည်။ ရန်ကုန်မြို့သည် သမိုင်းဝင်စေတီ၊ ရှေးဟောင်း အဆောက်အအုံများ ရှိသော် လည်း တစ်ဖက်တွင် မြန်မာနိုင်ငံ၏ စီးပွားရေး မြို့တော် ဖြစ်သည့်အတွက် မြို့ပြဖွံ့ဖြိုး တိုးတက်မှုမှာလည်း ဆက်လက်ဖြစ်ပေါ်လျက်ရှိသည်။
ရန်ကုန်မြို့တော်အတွက် အမွေအနှစ် ထိန်းသိမ်းစောင်ရှောက်ခြင်း နှင့် မြို့ပြဖွံ့ဖြိုးတိုးတက်မှုကို ချိန်ညှိပေးနိုင် မည့် စီမံခန့်ခွဲ့မှုရှိမှသာလျှင် ကမ္ဘာ့အမွေအနှစ် စာရင်းတွင် ပါဝင်ရန် အဆင်ပြေနိုင်မည်ဖြစ် သည်ဟုလည်း ဒေါ်ဥမ္မာမျိုးက ပြောသည်။ "ရန်ကုန်မြို့က တစ်ဖက်က ဖွံ့ဖြိုးတိုးတက် မှုကလည်း ရှိနေတာဆိုတော့ တစ်ကယ်လို့ ကမ္ဘာ့အမွေအနှစ်ဇုန်ထဲ ဝင်သွားပြီးဆိုရင် လည်း ဒီနှစ်ခုအပေါ်ချိန်ညှိပေးနိုင်မယ့် စီမံခန့်ခွဲမှုမျိုး မြို့တော်အတွက်ရှိရင် ဘာမှ စိတ်ပူစရာမလိုပါဘူး။ အခုက အဲဒီလိုစီမံခန့်ခွဲမှုမျိုးက ရှိကိုမရှိသေးတော့ စာရင်းဝင်ဖို့ထက် စာရင်းသွင်းဖို့ကိုတော့ တော်တော် ကြိုးစားရပါ ဦးမယ်"ဟု ၎င်းကမြန်မာတိုင်း(မ်)ကိုပြောသည်။
အဆိုပါ ရန်ကုန်မြို့တော်အတွက် အမွေ အနှစ်ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် မြို့ပြဖွံ့ဖြိုးမှုကို ထိန်းညှိပေးနိုင်သည့် စီမံခန့်ခွဲမှုမျိုးသည် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ရေးဆွဲစ မပြီးပြတ်သေးသည့် မြို့မြေအသုံးချမှုဇုန် (Zonning Plan) ရှိရန် လိုအပ်ခြင်းဖြစ်သည်။ "ဒီအတွက် လိုအပ်နေတဲ့ စီမံခန့်ခွဲမှုမျိုးဆိုတာ ဥပမာအားဖြင့် ဘယ်နေရာမှာ လေးထပ်တိုက် ထက် ပိုမဆောက်ရဘူး၊ ဘယ် နေရာမှာတော့ ဈေးတွေသတ်မှတ်ထားသင့် တယ်၊ ဘယ်နေ ရာမှာ ပန်းခြံတွေထားရမယ် စတာတွေကို သေသေချာချာ ဥပဒေတွေ၊ စည်းကမ်းတွေနဲ့ ထိန်းနိုင်မယ့် စီမံခန့်ခွဲမှုမျိုးလိုအပ်နေတာပါ။ ဒါက ဖွံ့ဖြိုးတိုးတက်မှုကို တားမြစ်တာမျိုးလည်း မဟုတ်သလို မြို့မှာရှိပြီးသား အမွေအနှစ်တွေကိုလည်း မထိ ခိုက်စေတဲ့ စီမံခန့်ခွဲမှုမျိုးပါ။ ဒါကို ဥပဒေမျိုး၊ စည်းမျဉ်းစည်းကမ်းမျိုးနဲ့ ပြည်ထောင်စု အစိုးရအထိက အတည်ပြုပေးထားမှ အကုန် လုံးကလည်း လိုက်နာလာမှာပါ" ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။ ရန်ကုန်မြို့အတွက် မရှိမဖြစ်လို အပ် လျက်ရှိသည့်အတွက် လွန်ခဲ့သည့် နှစ်နှစ် ကျော်ခန့်မှကတည်းက မြို့ပြစီမံကိန်းပညာရှင် များနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းက ပညာရှင်များစုပေါင်းရေးဆွဲခဲ့သည့် အဆိုပါ မြို့မြေအသုံးချမှုဇုန် သတ်မှတ်ချက်မှာလည်း လတ်တလောအနေအထားတွင် ရပ်နားထားကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်စီမံကိန်းအရာရှိ ဦးတိုးအောင်ကပြောသည်။
"ကျွန်တော်တို့ လောလောဆယ်တော့ Zonning Plan ကို ဆက်မလုပ်ဖြစ်သေးဘူး။ ဆက်မလုပ်ဖြစ်ဘူးဆိုတာ ကျွန်တော်တို့ အကြမ်းဆွဲပြီးထားတဲ့ ဇုန်တွေကို ပြည်သူတွေကို ချပြပြီး သူတို့ဆီ က တုံ့ပြန်ချက် ပြန်ယူရဦးမှာမို့လို့ပါ။ ကျွန်တော်တို့က လေးထပ်တိုက်လောက် ဆောက်ခွင့်ပေးတဲ့ နေရာမျိုးကို အဲဒီမှာနေ တဲ့ ဒေသခံတွေက ဆိတ်ငြိမ်ရပ်ကွက်မျိုး ထားချင် တာမျိုး၊ အဲဒီလိုမျိုး တုံ့ပြန်မှုမျိုး ပြန်လာရင် ပြန်ပြင်လို့ရအောင် လောလော ဆယ် ခဏရပ်ထားပါ တယ်" ဟု ၎င်းက ပြောသည်။ ထို့ကြောင့် မြို့မြေအသုံးချမှုဇုန် ရေးဆွဲခြင်းနှင် အတည်ပြုခြင်းတို့ သည် ဒေသခံများ၏ တုံ့ပြန်မှုများအပေါ် ပြန်လည်အခြေခံကာ ပြင်ဆင်ရေးဆွဲရမည်ဖြစ်သည့် အတွက် အချိန်များစွာယူရန် လိုအပ်ကြောင်း ဦးတိုးအောင်က ပြောသည်။
"ကျွန်တော်တို့က ပြည်သူကိုချမပြဘဲ သတ်မှတ်လိုက်လို့ရပေမယ့် ကျွန်တော်တို့ သတ်မှတ်ထားတဲ့ ဇုန်တွေကို သူတို့တွေ မကြိုက်ဘူး၊ အဆင်မပြေဘူးဆိုရင် အလကားဖြစ်သွားမှာပါ။ ကျွန်တော်တို့ အဲဒီအပေါ်မှာ ထပ်ခါထပ်ခါ ရေးဆွဲတာမျိုး တွေလုပ်ရဦးမှာဆိုတော့ အဆုံးသတ်ပြီးဖို့ကတော့ တော်တော်အချိန်ယူရပါဦးမယ်" ဟု ၎င်းက ပြောသည်။
Ref : Myanmar Times
Photo Credit : Myanmar Times
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ