By News Watch, Shweproperty.com
Updated at 12 June 2019
ရန်ကုန်အိမ်ရာ ပြန်လည်ဆောက်ရာတွင် ရန်ကင်းနေပြည်သူများအား တိုက်ခန်းအကျယ်အဝန်း ၆ဝဝ စတုရန်းပေ၊ ၇ဝဝ စတုရန်းပေတို့ဖြင့် အစားထိုးပြန်လည်ပေးရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရက စီစဉ်ထားကြောင်း သတင်းရရှိသည်။
ရန်ကင်းအိမ်ရာ ပြန်လည်တည်ဆောက်ရေးအစည်းအဝေးကို ယခုလ ပထမပတ်အတွင်းက ရန်ကုန်တိုင်းအစိုးရအစည်းအဝေး ခန်းမ၌ကျင်းပပြုလုပ်ခဲ့ပြီး ယင်းအခမ်းအနားတွင် လျှပ်စစ်၊ စက်မှုလက်မှု၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်နှင့် အိုးအိမ်ဦးစီးဌာနမှ တာဝန်ရှိသူများ၊ တိုင်းလွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
''ဝန်ကြီးနဲ့ အိုးအိမ်က တာဝန်ရှိသူတွေပြောသွားတာကတော့ ရန်ကင်းအခန်းတွေက သုံးစားရှိတယ်။ အိုးအိမ်ရဲ့ စာရင်းအရ 400sf ရယ် 500 sf, 600 sf ရှိတယ်ပေါ့။ အဲဒီလိုဆိုတော့ 400sf ကို 600sf ပြန်ပေးမယ်။ 500sf နဲ့ 600sf ကို 700sf ပြန်ပေးမယ်ဆိုပြီး ပြောသွားတယ်''ဟု ရန်ကင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) လွှတ်တော် ကိုယ်စားလှယ် ဒေါ်သီတာမောင်က News Watch သို့ ပြောသည်။
ရန်ကင်းအိမ်ရာ အဆင့်မြှင့်တင်ရေးစီမံကိန်းအမြန်ဆုံးအကောင်အထည်ဖော်နိုင်ရေးအတွက် သတ်မှတ်အကျယ်အဝန်းကို သဘောတူညီသူ၊ သဘောမတူညီသူဟူ၍ အုပ်စု ၂ စုခွဲကာ ပြည်သူ့ဆန္ဒကောက်ယူ၍ အကောင်အထည်ဖော်နိုင်ရန် ဝန်ကြီးဒေါ်နီလာကျော်နှင့် အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူများကိုအကြံပြုခဲ့ကြောင်း ဒေါ်သီတာမောင်က ပြောသည်။
''အန်တီကတော့ လွှတ်တော်ကိုယ်စားလှယ်တယောက်အနေနဲ့ အစိုးရနဲ့ ပြည်သူကြားမှာ အကြံပြု ပြောပြလိုက်တယ်။ အုပ်စုခွဲလိုက်ပေါ့။ ဒီလိုသူတို့ပြောတဲ့အခန်း အကျယ်ပြန်ပေးမယ့်ကိစ္စကို သဘောတူ တဲ့အုပ်စုဆိုရင် အဲဒီအုပ်စုအတွက် အကောင်အထည်ဖော်ပေးဖို့ပေါ့။ ဒါကအုပ်စုခွဲပြီးတော့မှ လုပ်မှရမယ်။ ဒီအတိုင်း ဆိုရင် ရန်ကင်းအိမ်ရာက ဘယ်လိုမှအကောင်အထည်ဖော်နိုင်မှာ မဟုတ်ဘူး။ တိုက်ခန်းတွေက ရန်ကင်းမြို့နယ်ရဲ့ တဝက်ရှိတာဆိုတော့ ဆောက်ချင်တဲ့သူနဲ့ ဘယ်လောက်ရမှ ဆောက်ချင်တဲ့သူနဲ့ဆိုတော့ ညှိလို့က ပြီးမှာမဟုတ်ဘူး။ အုပ်စုခွဲပြီးတော့ ဆန္ဒခံယူပြီးတော့မှ လုပ်သင့်တယ်လို့ အကြံပြုခဲ့တယ်။ ယူချင်တဲ့သူ ကလည်း ယူမယ့်သီးသန့်ဖွဲ့လိုက်၊ ၄ဝဝ sf ကို ၆ဝဝ sf ယူမယ့်သမားတွေကို စာရင်းကောက်၊ မယူဘူးဆိုရင်လည်း မယူတဲ့သူကို စာရင်းကောက်ပေါ့။ အဲလိုခွဲပြီးတော့မှ ပြည်သူ့ဆန္ဒအမှန်ကိုသိရမယ်ဆိုပြီး အကြံပြုခဲ့တယ်''ဟု ၎င်းက ပြောသည်။
လွှတ်တော်ကိုယ်စားလှယ်၏ အကြံပြုချက်နှင့် ပတ်သက်၍ ဝန်ကြီးဒေါ်နီလာကျော်နှင့် အိုးအိမ်ဦးစီးဌာန တာဝန်ရှိသူများက ဆုံးဖြတ်ချက်မချမှတ်ခဲ့သော်လည်း ''သင့်တော်ပါတယ်လို့တော့ ပြောပါတယ်'' ဟု ဒေါ်သီတာမောင်က ပြောသည်။
ရန်ကင်းအိမ်ရာ ပြန်လည်ဆောက်လုပ်ရာတွင် ရန်ကင်းနေပြည်သူများ၏သဘောထားဆန္ဒများကို ထည့်သွင်းစဉ်းစားပေးနိုင်ရန် တိုက်ခန်းအကျယ်အဝန်း ၉ဝဝ စတုရန်းပေရရှိရေးအတွက် လက်မှတ် ၁ဝဝဝ ကျော်ကောက်ခံ၍ ပြည်ထောင်စုအစိုးရနှင့် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းထံ ပေးပို့ထားမှုလည်းရှိနေသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ အစိုးရ၊ လွှတ်တော်၊ ပြည်သူတို့တွေ့ဆုံမည့် အစီအစဉ်ရှိနေပြီး အကျယ်အဝန်းကိစ္စ တိုင်းအစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပတ်သက်၍လည်း ရန်ကင်းနေပြည်သူများနှင့် လွှတ်တော်ကိုယ်စားလှယ်များ တွေ့ဆုံပွဲပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်သီတာမောင်က ပြောသည်။
Ref & Photo Credit : News watch
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ