By The Voice Journal, Shweproperty.com
Updated at 11 February 2019
ရန်ကင်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းကို ရန်ကုန်တိုင်းအစိုးရအဖွဲ့နှင့် ဂျပန်အစိုးရတို့ ပူးပေါင်းတည်ဆောက်မည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖ့ွံဖြိုးရေးဦးစီးဌာန တာဝန်ရှိသူများက ပြောကြားသည်။
မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များသည် ဖေဖော်ဝါရီလ ၁၀ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါတိုက်ခန်းများတွင် လက်ရှိနေထိုင်သူများနှင့် တွေ့ဆုံရာ၌ ၎င်းတို့က ပြောကြားခဲ့ခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို ဂျပန်နိုင်ငံနှင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့ ပူးပေါင်းဆောက်လုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃၀၀၀ ကျော်ရှိမည့် စီမံကိန်းဖြစ်ကာ ၈ နှစ်မှ ၁၀ နှစ်ကြား ကြာမြင့်မည့်စီမံကိန်းဖြစ်ကြောင်း၊ စီမံကိန်းကာလအတွင်း လက်ရှိတိုက်ခန်းတွင်နေထိုင်သူများ ယာယီပြောင်းရွှေ့နေထိုင်ရန် ပြောင်းရွှေ့စရိတ် ထုတ်ပေးမည်ဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။
“မြို့ပြဖွံ့ဖြိုးတိုးတက်ရေးအတွက် အထူး ဦးစားပေးအနေနဲ့ ရန်ကင်းအိမ်ရာစခန်း စီမံကိန်းကို ဆောင်ရွက်တာပါ။ ရန်ကုန်မြို့က လူဦးရေ ဆယ်သန်းလောက် ဖြစ်လာမဲ့အချိန်မှာ မြို့ဟောင်း ဧရိယာတွေကို ကြိုတင်တိုးချဲ့တာပါ”ဟု ၎င်းကပြောဆိုသည်။
လက်ရှိ ရန်ကင်းအိမ်ရာများသည် နှစ်သက်တမ်း ၅၀ ကျော်ရှိနေပြီဖြစ်၍ အဆောက်အအုံများ၏ ကြံခိုင်မှုပိုင်း အားနည်းလာပြီဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ပညာရှင်များက ပြောကြားသည်။
ရန်ကင်းတိုက်ခန်းများတွင် လက်ရှိ နေထိုင်သူများအနေနှင့် အဆိုပါ စီမံကိန်းနှင့်ပတ်သက်၍ မူလ တိုက်ခန်းဧရိယာ အကျယ်အတိုင်း ပြန်မရမည်ကို စိုးရိမ်နေကြပြီး ပြောင်းရွှေ့စရိတ် ထုတ်ပေးမည့်အပေါ်လည်း တိတိကျကျ မသိရသည့်အတွက် ဝေဖန်မှုများရှိနေသည်။
“ရွှေ့ပြောင်းတဲ့အခါမှာ ဒီမိသားစုတွေနေဖို့ နေရာရှိရဲ့လား။ အဲ့ဒါလည်း စဉ်းစားပေးရမှာပါ။ ရန်ကုန်မှာ တိုက်ခန်းငှားနေဖို့ အခက်အခဲ ရှိနေတယ်”ဟု ရန်ကင်းဒေသခံတစ်ဦးက ပြောဆိုသည်။
ရန်ကင်းမြို့နယ် ၁ ရပ်ကွက်မှ ၆ ရပ်ကွက်အထိ တိုက်ခန်းပေါင်း ၃၂၆၁ ခန်းရှိသည့်အနက် ကျူးကျော် အဖီဆွဲထားသည့် တိုက်ခန်းပေါင်း ၁၀၈၉ ခန်းရှိနေပြီး ကျူးကျော်အဆောက်အဦး ၆၀၀ ကျော်ရှိကြောင်း မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ ကောက်ယူထားသည့် စာရင်းများအရ သိရသည်။
“တိုက်ခန်း တော်တော်များများက အသစ်ပြန်ဆောက်ဖို့လိုနေပြီ။ ဘာကြောင့်လည်းဆိုတော့ ရေမြောင်းစနစ်တွေ မကောင်းတော့ဘူး။ မိလ္လာစနစ်တွေ မကောင်းတော့ဘူး။ အမိုးတွေ မကောင်းတော့ဘူး။ အဆောက်အအုံကတော့ ခိုင်ခိုင်ခံ့ခံ့ ရှိပါသေးတယ်”ဟု ရန်ကုန်မြို့နယ် ၃ ရပ်ကွက်တွင်နေထိုင်သည့် အငြိမ်းစား လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးက ထောက်ပြသည်။
လက်ရှိ ရန်ကင်းအိမ်ရာ တိုက်ခန်းများကို အစိုးရက တစ်ခန်းလျှင် တစ်စတုရန်းပေအတွက် ၁၂ ကျပ်နှုန်းဖြင့် ကောက်ခံနေခြင်းဖြစ်ပြီး အိမ်ရာစီမံကိန်း ဖော်ဆောင်ပြီးပါက တိုက်ခန်းတစ်ခန်းလျှင် တစ်စတုရန်းပေလျှင်၂၅ ကျပ်နှုန်း ကောက်ခံရန်စီစဉ်ထားသည်။
ယခုဖော်ဆောင်မည့် စီမံကိန်းဧရိယာ အကျယ်အဝန်းကျင်မှာ ဧက ၉၀ နီးပါးရှိကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနထံမှ သိရသည်။
Ref : The Voice Journal
Photo Credit : Social Media
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ