By Myanmar Property Journal, Shweproperty.com
Updated at 15 August 2013
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ခွင့်ပြုချက်မဲ့ကြိုတင်တည်ဆောက်သည့် အဆောက်အအုံများအား စစ်ဆေးရာ၌ မြို့နယ်အသီးသီးရှိ အဆောက်အအုံ ငါးလုံးမှ ဒဏ်ကြေးငွေ သိန်းတစ်ထောင်ကျော် ပေးဆောင်ရန် သတ်မှတ်ကောက်ခံလိုက်ကြောင်း သတင်းရရှိသည်။
ပြီးခဲ့သည့် ဇွန်လမှစတင်၍ စည်ပင်သတ်မှတ်ချက်နှင့် ကိုက်ညီမှုမရှိသော အဆောက်အအုံ တည်ဆောက်မှုအား ဒဏ်ကြေးငွေ အဆသုံးဆယ် တိုးမြှင့်၍ ကောက်ခံခဲ့ပြီး သုံးလအတွင်း မြို့တော်စည်ပင်သို့ အဆောက်အအုံ တည်ဆောက်ခွင့် လျှောက်ထားခြင်း မရှိဘဲ ခွင့်ပြုချက်မဲ့ ကြိုတင်တည်ဆောက်သည့် အဆောက်အအုံ ငါးလုံးမှ တစ်လုံးလျှင် အနိမ့်ဆုံး ဒဏ်ကြေးငွေ သိန်းတစ်ရာမှ သိန်း လေးရာ ဝန်းကျင်အထိ သတ်မှတ်ကောက်ခံခဲ့ရာ အဆောက် အအုံ ငါးလုံးအတွက် ဒဏ်ကြေးငွေ သိန်းတစ်ထောင်ကျော် ကောက်ခံရရှိခဲ့ကြောင်း သိရသည်။
“စည်းကမ်းမဲ့တွေ ဆောက်လွန်းလို့ ဒဏ်ကြေးငွေကို အဆ သုံးဆယ် တိုးခဲ့တာ၊ ဒါတောင် မပြောဘဲ ဆောက်တဲ့သူက ရှိတယ်၊ ဒါကြောင့် စစ်လိုက်တော့ သူတို့ဆောက်ထားတဲ့ ပေနဲ့တွက်ပြီး အဆ သုံးဆယ် တိုးကောက်လိုက်ရတယ်၊ ဒါမှစည်းကမ်း မဲ့ မဆောက်ရဲတော့မှာ”ဟု ‘ရန်ကုန် မြို့တော် စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(အဆောက်အအုံ)’မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောသည်။
မြို့တော်စည်ပင်မှ စည်းကမ်းမဲ့ အဆောက်အအုံ တည်ဆောက်မှု ဒဏ်ကြေးငွေအား ယခင်နှစ်များ၌ တစ်ပေလျှင် ကျပ် ၇၂၀ သာ ကောက်ခံခဲ့သော်လည်း ဇူလိုင်လမှ စတင်၍ တစ်ပေလျှင် ၂၁,၆၀၀ ကျပ် အထိ အဆသုံးဆယ် တိုးမြှင့်ခဲ့ကြောင်း၊ ယင်းသို့ ကောက်ခံခဲ့သော်လည်း အဆောက်အအုံ တည်ဆောက်မှု အများစုမှာ စည်ပင်ခွင့်ပြုချက်နှင့်ကိုက်ညီမှုမရှိဘဲ စည်းကမ်းမဲ့ဆောက်လုပ်နေသည်ကို တွေ့ရသောကြောင့် စစ်ဆေးအရေးယူမှုများ ထပ်မံပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
Ref : Myanmar Property Journal
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ