By EMG, Shweproperty.com
Updated at 21 December 2012
ရန်ကုန်မြို့တွင် အသစ်ဆောက်လုပ်မည့် ၁၈ ခန်းနှင့်အထက် အဆောက်အအုံများတွင် ကိုယ်ပိုင်ထရန်စဖော်မားများကို ရန်ကုန်မြို့တော် စည်ပင်သာယာပိုင်မြေဖြစ်သည့် လမ်း၊ လူသွားစင်္ကြန် စသည်တို့ပေါ်တွင် ထားရှိခွင့်ပြုတော့မည်မဟုတ်ဘဲ ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင်သာ ထည့်သွင်းသွားရမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ရန်ကုန်မြို့တွင် ၁၈ ခန်းနှင့် အထက် အဆောက်အအုံများတွင် ဓာတ်အားခွဲပေးနိုင်သည့် ကိုယ်ပိုင်ထရန်စဖော်များ တပ်ဆင်ရန် ယခင်ကတည်းက ညွှန်ကြားခဲ့ရာ တည်ဆောက်ပြီး ၁၈ ခန်းနှင့်အထက် ဆောက်အအုံအများစုတွင် ကိုယ်ပိုင် ထရန်စဖော်မာများကို စည်ပင်သာ ယာပိုင် လမ်း၊လူသွားစင်္ကြန်များပေါ်တွင် တပ်ဆင်ထားခြင်းများ ရှိနေကြောင်း၊ ယင်းကဲ့သို့ တပ်ဆင်ထားခြင်းက လမ်းသွားလမ်းလာများအတွက် အန္တရာယ်ရှိနိုင်သောကြောင့် ကိုယ်ပိုင်အဆောက်အအုံ ဆောက်လုပ်မည့် မြေနေရာတွင် ထည့်သွင်းရန် သတ်မှတ်လိုက်ခြင်းဖြစ်သည်ဟု သိရသည်။
''အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေမှာ ကိုယ်ပိုင်ထရန်စဖော်မာတွေကို စည်ပင်ပိုင်မြေပေါ်မှာ ထားခွင့်မပေးတော့ဘူး။ ကိုယ်ပိုင် အဆောက်အအုံ ဆောက်မဲ့ မြေနေရာခြံဝန်းထဲက ကြိုက်တဲ့နေရာမှာ ထည့်ဖို့ သတ်မှတ်လိုက်ပါတယ်။ စည်ပင်ပိုင်မြေပေါ်က လမ်း၊ လူသွား စင်္ကြန်ပေါ်မှာ ထားခြင်းအားဖြင့် အန္တရာယ်ရှိနိုင်တယ်။ ဒါကြောင့် အသစ်ဆောက်မဲ့ ၁၈ ခန်းနှင့်အထက် အဆောက်အအုံတွေရဲ့ တည်ဆောက်ဖို့ ပုံစံတင်တဲ့နေရာမှာ ထရန်စဖော်မာထားဖို့ နေရာကိုပါ ထည့်သွင်းရေးဆွဲခိုင်းထားပါတယ်။ ဒီသတ်မှတ်ချက်က ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နိမိတ်အတွင်း နေရာအားလုံးမှာ အကျုံးဝင်ပါတယ်''ဟု ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ အဆောက်အအုံဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုယ်ပိုင်အဆောက်အအုံမြေပေါ်တွင် ကိုယ်ပိုင်ထရန်စဖော်မာ ထားရှိရန်အတွက် မြေနေရာမှာ ၁၀ ပေပတ်လည် ပမာဏခန့် ရှိရန်လိုကြောင်းလည်း သိရသည်။
''တစ်ကယ်လက်တွေ့မှာတော့ ကိုယ်ပိုင်ထရန်ဖော်မာတွေက လူသွားစင်္ကြန်တွေပေါ်မှာထားတာက အန္တရာယ်တော့များပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းဆောက်တဲ့ အဆောက်အအုံတွေက ခြံဝန်းနဲ့ မြေနေရာဆိုတာရှားတယ်။ ၂၅ ပေလို မြေနေရာမျိုးမှာ ဆောက်ရတာပါ။ အဲဒီအတွက်တော့ ထရန်စဖော်မာထားဖို့က အခက်အခဲရှိနိုင်တယ်''ဟု ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းရှင်တစ်ဦးက ပြောပြခဲ့သည်။
ရန်ကုန်မြို့တွင် ယခင်တည်ဆောက်ခဲ့ပြီးသော ၁၈ ခန်းနှင့် အထက် အဆောက်အအုံများ၏ စည်ပင်သာယာပိုင်မြေပေါ်တွင် ထားရှိခွင့်ပြုထားသော ထရန်စဖော်အလုံးရေ ၃၀၀ ကျော်ရှိပြီး ၎င်းတိ့ုအတွက် နှစ်စဉ်ကြေးကို ယခင်က တစ်စတုရန်းပေလျင် ကျပ် ၁၅၀၀ ဖြင့် တစ်နှစ် တစ်ကြိမ်ကောက်ခံခဲ့ရာမှ ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် အောက်တိုဘာလမှ စတင်၍ တစ်ကြိမ်တည်း ကျပ် ၈၀၀၀၀၀ ကောက်ခံရန် သတ်မှတ်ခဲ့သည်။
Source : EMG
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ