By Myanmar Times, Shweproperty.com
Updated at 13 October 2015
မြေရှင်များနှင့် ကန်ထရိုက်များ အကျိုးတူ စနစ်ဖြင့် အဆောက်အအုံများကို ပူးပေါင်း ဆောက်လုပ်ရာတွင် မြေရှင်ထံမှ မြေဂရန် များကို ကန်ထရိုက်များမှ သိမ်းဆည်း ထားသည့်အတွက် ပိုင်ဆိုင်မှုဆိုင်ရာ ရှုပ်ထွေးမှုများ ၊ အငြင်းပွားမှုများ အများအပြား ဖြစ်ပေါ်လာစေသည့်အတွက် စည်ပင်သာယာရေး ကော်မတီဘက်မှလည်း မြေ ဂရန်သိမ်းဆည်းထားသည့် ကိစ္စနှင့် ပတ်သက်၍ ကန်ထရိုက်များသို့ ညွှန်ကြားထားခြင်း မရှိကြောင်း ရန်ကုန် မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ ဌာနမှူး ဦးသန်းဌေးက ပြောသည်။
"ကျွန်တော်တို့ဆီကို ကန်ထရိုက် တွေက ဆောက်လုပ်ခွင့်လာတင်တဲ့အခါ ဂရန်မိတ္တူနဲ့ မူရင်းကို တိုက်စစ်ဆေးတဲ့ တစ်ကြိမ်ပဲ မြေဂရန်အစစ်ကို ပြရတာပါ၊ မြေဂရန်ကို ကန်ထရိုက်လက်ထဲ အပ်ထား တဲ့ ကိစ္စကိုလည်း ကျွန်တော်တို့ ညွှန်ကြား ထားတာ မရှိပါဘူး၊ သတင်းစာထဲမှာလည်း အကြိမ်ကြိမ် အများပြည်သူ သိရှိအောင် ကြော်ငြာထည့်ပေးနေပါ တယ်၊ အဓိကဖြစ် တာကတော့ မြေရှင်က သူရမယ့် အခန်းအပြင် အလိုက်ထပ်တောင်းသလို ကန်ထရိုက်ဘက်ကလည်း မြေဂရန်ကို ပြန်သိမ်းထားတဲ့ သဘောတွေ များပါတယ်၊ မြေဂရန်သိမ်းထားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြဿနာ ရှုပ်ထွေးမှု တွေအများကြီး ရှိပါတယ် " ဟု ၎င်းကပြောသည်။
မြေရှင်များမှဘက်မှ ရရှိမည့် အခန်း အရေအတွက်အပြင် အခန်းပိုများ၊ အလိုက်ငွေများ ထပ်မံတောင်းဆိုမှု များရှိလာသလို ကန်ထရိုက်များ ဘက်မှလည်း စိတ်ချခိုင်မာမှု ရှိစေရန်အတွက် မြေရှင်ထံမှ မြေဂရန်များကို ပြန်လည်ရယူသိမ်းဆည်းသည့် အလေ့ အထများ ဆောက်လုပ်ရေး လုပ်ငန်းရှင်များ အသိုင်းအဝိုင်းတွင် အလေ့အထတစ်ခုသဖွယ် ဖြစ်ပေါ်လာနေကြောင်း အိမ်ခြံမြေအကျိုးဆောင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းလုပ်ကိုင် သည့် ံHigh Way Star Real Estate and Construction ကုမ္ပဏီမှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးမောင်အောင်က ပြောသည်။
"ကန်ထရိုက်ဘက်ကလည်း အလိုက်ငွေပါ ပေးထားရတော့ သူ့အတွက် သေချာ အောင် ဂရန်ယူထားတဲ့သဘောပါ၊ မြေရှင် ဘက်က တခြား ကန်ထရိုက်တစ်ခုနဲ့ ပြောင်းလုပ်လိုက်ရင် တရားစွဲတာတို့၊ ပိုက်ဆံပြန်တောင်းရတာတွေကြောင့် အလုပ်ရှုပ်တဲ့အပြင် လုပ်ထားပြီးတဲ့ process တွေအတွက်လည်း ကုန်ကျစရိတ်တွေ ရှိတော့ ဂရန်ကိုသိမ်းထားလိုက်တယ်၊ အခုနောက်ပိုင်းအရောင်းအဝယ် မကောင်း တော့ ကန်ထရိုက်တွေကလည်း အဆောက်အအုံ ဆောက်ဖို့ကို အချိန်ဆွဲပြီး လုပ်လာကြတဲ့အပြင်၊ ငွေမလည် တဲ့ ကန်ထရိုက်တွေ ကျတော့လည်း မြေဂရန်ကို အပြင်မှာပေါင်ထားလို့ မြေရှင်က တရားစွဲတာတွေ ဖြစ်လာပါတယ်၊ စစချင်းသဘောတူစာချုပ်ချုပ်ကတည်း က နားလည်တတ်ကျွမ်းတဲ့သူတွေနဲ့ တိုင်ပင်ပြီးမှပဲ ခိုင်ခိုင်မာမာ ချုပ်သင့်တယ်၊ ဖြစ်နိုင်တာတွေကတော့ အများကြီးဘဲ၊ မြေရှင်တောင်းတဲ့ အလိုက်ငွေကို ပေးဖို့ အတွက် မြေရှင်ဆီက ဂရန်ကို ယူပြီးပေါင် အဲဒီကရတဲ့ ပိုက်ဆံနဲ့ မြေရှင်ကို ပိုက်ဆံ ပေးထားတွေလည်း တွေ့ဖူးတယ်၊ ဂရန် ပြန်တောင်းလို့မရရင် တရားစွဲပြီး ပြန် တောင်းရင်တောင်း၊ မဟုတ်ရင် သတင်းစာ မှာ ကြေညာပြီး မြေဂရန်ပြန်လျှောက်တဲ့ နည်းလမ်း နှစ်ခုပဲရှိတယ်" ဟု ၎င်းက ပြောသည်။ မြေရှင်နှင့်သဘောတူညီမှု ရရှိထားသည့် နှစ်နှစ်ကျော်ကြာကာလအထိ မြေတူးသည့် လုပ်ငန်းများကို လုပ်ဆောင် လာနိုင်ခြင်းမရှိသေး သည့် အဆောက်အအုံ များလည်း ရန်ကုန်မြို့တော် အနှံ့အပြား တွင် အများအပြား တွေ့မြင်လာနေရ သည့်အတွက် မြေရှင်များ ပြင်ပတွင် အိမ်ငှား နေရသည့် စရိတ် စကများကြောင့် အဆင် မပြေမှု များလည်းဖြစ်ပေါ်နေသလို မြေ ဂရန်ပြန်လည်တောင်းခံမှုကြောင့် မြေရှင်နှင့် ကန်ထရိုက်များ အကြားတွင်လည်း အငြင်းပွားမှုများ ဖြစ်ပေါ်လာနေကြောင်း မြေပိုင်ရှင်တစ်ဦးဖြစ်သူ ဦးဇော်သက်က ပြောသည်။
"ပွင့်ပွင့်လင်းလင်းပြောရရင်တော့ စာချုပ်ချုပ်တုန်းက ကျွန်တော်တို့ကပေါ့ လိုက်တာလည်း ပါတယ်၊ သူတို့က မြေဂရန် သိမ်းထားမယ်ဆိုပြီး စာချုပ်ထဲမှာကိုပါ ထည့်ပြီး ချုပ်ထားတယ်၊ သူတို့နဲ့စကားပြောတဲ့ အချိန်ကနေ အခုချိန်ဆိုရင် သုံးနှစ်နီးပါး ရှိနေပါပြီ၊ အခုထက်ထိ မြေတောင်မတူးရ သေးဘူး၊ နှစ်နှစ်အတောအတွင်း အပြီး ဆောက်ပါ့မယ်၊ သတ်မှတ် ချိန်ကျော်လို့မှ အခန်းမအပ်နိုင်ရင် တစ်လငါးသိန်းလျော်မယ် ဆိုတာပဲပါတယ်၊ ဘယ်တော့ လုပ်ငန်း စလုပ်မယ်ဆိုတာ မရေးလိုက်မိတဲ့အတွက် သူတို့ကမြေတောင်မတူးဘူး၊ ဂရန်သွားပြန် တောင်းတော့လည်း စာချုပ်ထဲမှာ ထည့်ချုပ် ထားတာ ဖြစ်လို့ စာချုပ်စည်း ကမ်းအတိုင်း ပဲလို့ပြောတယ်၊ အဆင်ပြေသလိုပဲ အရပ် စာချုပ်နဲ့ ချုပ်လိုက်မိတဲ့အကျိုးဆက်ပါ၊ အလိုက်ငွေကတော့ ကျွန်တော့်မြေက နေရာ ကောင်းလို့ အခန်တစ်ဝက်အပြင် အလိုက် ငွေ သိန်းသုံးထောင်တော့ ရခဲ့ပါတယ်၊ ပြန်တောင်းလို့မရရင်တာ့ ရှေ့နေတွေနဲ့တရားစွဲ ဆိုဖို့လုပ်သွားမှာပါ "ဟု ရန်ကင်း မြို့နယ်၊ ဘောက်ထောက် ပြည်သာယာ ရပ်ကွက်မှ မြေပိုင်ရှင် ဦးဇော်သက်က ပြောသည်။
Ref : Myanmar Times
Photo Credit : EHD Walls
Posted By : Moe Thae'
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ