By Auto Mobile, Shweproperty.com
Updated at 9 January 2014
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောက်လုပ်မည့် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် (၄၈) ရပ်ကွက်ရှိ ဗိုလ်ဗထူး တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့် လျှောက်လွာများ ရောင်းချပေးလျက်ရှိရာ ရန်ကုန်မြို့ခံများ သာမက နယ်မြို့များမှ စိတ်ဝင်စားသူများပြားပြီး လျှောက်လွာလာရောက် ဝယ်ယူမှု အများဆုံးဖြစ်ကြောင်း 'ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ မှ သတင်းရရှိသည်။
ဗိုလ်ဗထူး တန်းဖိုးမျှအိမ်ရာ စီမံကိန်း ကို ၂၀၁၃ ခုနှစ်၊ မေလတွင် စတင်ဆောက်ရွက်ခြင်းဖြစ်ပြီး ၂၀၁၅ ခုနှစ်တွင်း ပြီးစီးမည် ဖြစ်သည်။ ယခုအခါ တိုင်းဒေသကြီး အစိုးရအစီအစဉ်ဖြင့် တိုက်ခန်းများ ကို အရစ်ကျစနစ်၊ ဘဏ်ချေးငွေ စနစ်တို့ဖြင့် ကြိုတင်ရောင်းချခြင်းဖြစ်ရာ လက်ရှိတွင် လျှောက်လွှာ စတင်ရောင်းချသည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီ ၆ ရက်မှ ၇ ရက်အထိ လျှောက်လွှာ အစောင်ရေ နှစ်ရာကျော်ရောင်းချခဲ့ကာ ဌာနသို့ ၂ ရက်အတွင်း စောင်ရေ ငါးဆယ်ကျော် လာရောက်လျှောက်ထားမှု ရှိကြောင်း၊ ယင်းတွင် နယ်မြို့ဒေသ များဖြစ်သည့် စစ်တွေ၊ စစ်ကိုင်း မုံရွာစသည့် မြို့နယ်တို့မှ အများဆုံးဖြစ်ကြောင်းသိရသည်။
"အမတို့က အစိုးရဝန်ထမ်းပါ၊ ဒါပေမယ့် အိမ်ထောင်းဦးစီးက လျှောက်ရမယ် ဆိုတော့ အဖေ အမည်ခံပြီး လျှောက်မှာပါ၊ စစ်တွေမှာ အခြေချထားတယ် ဆိုပေမယ့် ဒီတိုက်ခန်း ဝယ်ယူခွင့်ရရင်တော့ ရန်ကုန်ကို ပြောင်းလာမှာပါ၊ တိုက်ခန်း ရောင်းချပေးမယ် ဆိုတာကို သတင်းစာက တွေ့ခဲ့တာ၊ အဲဒါကြောင့် စစ်တွေကနေ လာလျှောက်တာ ၊ အရစ်ကျစနစ်၊ ဘဏ်ချေးငွေ စနစ်နဲ့ ဆောက်ရွက်ပေးထားတယ် ဆိုပေမယ့် သူတို့ သတ်မှတ်ထားတဲ့ နှုန်းက မြင့်နေသေးတယ်။ ဒီထက် နည်းနည်းလောက် ဈေးလျှောပေးမယ် ဆိုရင်တော့ ပိုအဆင်ပြေမှာပါ" ဟု တိုက်ခန်း ဝယ်ယူခွင့် လျှောက်လွှာ လျှောက်ထသားသည့် စစ်တွေမြို့မှ မခင်မာညို က ပြောသည်။
တန်ဖိုးမျှတ အိမ်ရာစီမံကိန်း တိုက်ခန်းဝယ်ယူခွင့် လျှောက်လွာခေါ်ယူမှုနှင့် ပတ်သက်ပြီး "စကြေညာကတည်းက လာလျှောက်တာ တွေ အများကြီးပဲ၊ တိုင်းဒေသကြီ အစီအစဉ်နဲ့ ရောင်းချပေးမှာ ဖြစ်တဲ့အတွက် ဌာနက လျှောက်လွှာရောင်းချပေးတာ၊ လက်ခံတာ ဒါလောက်ပဲ လုပ်ဆောင်ပေးတယ်၊ ဝယ်ယူခွင့် လျှောက်လွှာနဲ့ ပတ်သက်ပြီး မရှင်းတာ။ သိချင်တာရှိလည်း ဌာနကို မေးလို့ရတယ်၊ စောင်ရေ ကတော့ ကန့်သတ်ထားမှာ မဟုတ်ဘူး၊ လျှောက်လွာအစောင်ရေ အရမ်းများနေရင်တော့ မဲနှိုက်စနစ်နဲ့ ရွေးချယ်မယ် " မယ်ဟု မြို့တော်စည်ပင်၊ အင်ဂျင်နီယာဌာနမှုး ဦးနေဝင်းက ပြောသည်။
အိမ်ရာစီမံကိန်းတွင် လေးခန်းတွဲ ရှစ်ထပ်တိုက် ၁၄ လုံးပါဝင်မည်ဖြစ်ကာ စတုရန်းပေး ၉၂၇ တစ်ခန်းလျှင် ငွေကျပ် ၃၄၇ သိန်း၊ စတုရန်းပေး ၈၇၇ တစ်ခန်းလျှင် ငွေကျပ် ၃၂၉ သိန်း၊ စတုရန်းပေ ၆၁၄ တစ်ခန်းလျှင် ငွေကျပ် ၂၅၅ သိန်း၊ စတုရန်းပေ ၅၆၅ တစ်ခန်းလျှင် ၂၃၇ သိန်းဖြင့် အရစ်ကျ စနစ်၊ ဘဏ်ချေးငွေ စနစ်တို့ နှင့် ရောင်းချပေးမည် ဖြစ်သည်။
တိုက်ခန်း ဝယ်ယူလိုသူများ အနေဖြင့် ဌာနတွင် လျှောက်လွာများ ဝယ်ယူကာ ၂၀၁၄ ခုနှစ် ဇန်နဝါရိ ၃၁ ရက်အထိ ရုံးချိန်အတွင်း လျှောက်ထားနိုင်ကြောင်း သိရသည်။ တန်ဖိုးမျှတအိမ်ရာ စီမံကိန်းရှိ တိုက်ခန်းများနှင့် ပတ်သက်၍ တိုက်ခန်း ဒီဇိုင်းပုံစံကို တရားဝင် ထုတ်ပြန်ပေးထားခြင်း မရှိသည့် အတွက် လျှောက်ထားသူများ အနေဖြင့် အခန်းအနေအထား ဖွဲ့စည်းပုံမှာ ကြိက်နှစ်သက်သည့် ပုံစံ မဖြစ်မည်ကို စိုးရိမ်ခြင်းနှင့် တိုက်ခန်းသတ်မှတ်နှုန်းထားမြင့် မားနေသည့် အတွက် အဆင်မပြေမှုများ ရှိနေကြောင်း လျှောက်လွာ ဝယ်ယူသူများ၏ ပြောကြားချက်အရသိရသည်။
Ref : Auto Mobile
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ