By DVB, Shweproperty.com
Updated at 1 October 2014
ရန်ကုုန်တိုုင်းအစိုုးရရဲ့ ဆုံးဖြတ်ချက်အရ ရန်ကုုန်မြို့သစ်စီမံကိန်းကိုု ဆိုုင်းငံ့လိုုက်ပြီး နောက်ပိုင်းမှာ စီမံကိန်းဧရိယာအတွင်းက မြေယာတွေ အရောင်းအဝယ် မရှိသလောက် ဖြစ်နေကြပြီး ဈေးနှုန်းတွေလည်း အတက်အကျမရှိ ရပ်တန့်နေတယ်လို့ တွံတေးအိမ်ခြံမြေ အကျိူးဆောင်တွေက ပြောပါတယ်။
လက်ရှိ ဒီမြေကွက်တွေကို ဝယ်သူမရှိတဲ့ အနေအထား ဖြစ်နေပြီး မြေယာတွေ ဝယ်ယူ ပြီးသား သူတွေအနေနဲ့ကလည်း ဈေးချ ပြန်မရောင်းသေးပဲ ကိုင်ထားကြပြီး စောင့်ကြည့် နေကြတဲ့ အနေအထားမှာ ရှိနေတာပါ။
တွံတေးက လက်ရှိ မြေအရောင်းအဝယ်အခြေအနေတွေနဲ့ ပတ်သက်ပြီး အိမ်ခြံမြေ အကျိူးဆောင် ဦးမြင့်ဦးက “ဈေးကတော့ ဝယ်လက်မရှိတော့ဘူး။ ပရော့ဂျက်ကြီး အကောင်အထည်ဖော်တော့မယ်၊ အစည်းအဝေးလုပ်မယ်ဆိုပြီး ၂ ရက်လောက်မှာ ၅၀၀၊ ၆၀၀ အထိ ဖြစ်သွားတယ်။ အခုက ဝယ်တဲ့သူလည်း မရှိဘူး၊ ရောင်းတဲ့သူလည်း မရှိဘူး၊ နားနေတယ်။ လုပ်ငန်းကို ပြန်စောင့်တဲ့ သဘောမျိုးပေါ့။ ပြောရမယ်ဆိုရင် ဈေးက မကျဘူး၊ ဒီဈေးအတိုင်း တန့်နေတယ်” လို့ ပြောပါတယ်။
ယခင်က လယ်ယာသာ စိုက်ပျိုးကြတဲ့ ဒီမြေနေရာတွေဟာ စီမံကိန်းကြောင့် အဆမတန် ဈေးတက်လာခဲ့ပြီး မြေကစားသူတွေကြောင့် စီမံကိန်းဧရိယာအတွင်း တွံတေးလမ်းမကြီး ဘေးက မြေတွေဆိုရင် သိန်းထောင်နဲ့ ချီတဲ့အထိ ပေါက်ဈေးဖြစ်သွားခဲ့တာပါ။
မဏ္ဍိုင်အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းကဦးသန်းဦးကတော့ မြို့သစ်စီမံကိန်းဟာအိမ်ခြံ မြေ ဈေးကွက်ကို ဖျက်ဆီးလိုက်သလိုပဲလို့ ပြောပါတယ်။“မြို့သစ်စီမံကိန်းက အိမ်ခြံမြေ ဈေးကွက်အတွက်ကတော့ သူက ဖျက်မျဉ်းလိုဖြစ်သွားတယ်။ ဈေးကွက်က စည်းကားပြီး သား နေရာတွေ ပျက်သွားတယ်။ သူ့နေရာမှာလည်း အရောင်းအဝယ်မဖြစ်တော့ဘူး။ စီမံကိန်း ပျက်သွားတယ်ဆိုပေမယ့် တခြားအိမ်ခြံမြေရဲ့ ပင်မဈေးကွက်ကြီးကို ထိခိုက် စရာမရှိဘူး။ မြို့သစ် ရှိစဉ်ကာလတုန်းက မူလဈေးကွက်ကြီးက သူ့ဟာသူ ပုန်မှန် သွားနေတာပဲ။ မြို့သစ်စီမံကိန်းသည် အိမ်ခြံမြေဈေးကွက်ရဲ့ ပင်မအနေအထားကို သိပ်ပြီး သက်ရောက်မှုမရှိပါဘူး။ အခုလည်း သက်ရောက်နိုင်စရာ အကြောင်းမရှိဘူး။ တခုပဲ ရှိတယ်။ ပြည်သူတွေအနေနဲ့ အဲလို စီမံကိန်းတွေနေရာမှာ အထင်ကြီးပြီး ငွေသွားမြှုပ်နှံတယ်ဆိုတဲ့ ကိစ္စမှာတော့ သင်ခန်းစာ ကောင်းကောင်းရသွားတယ်။ ဒါကတော့ ကိုယ်က သတိထားဖို့ လိုလိမ့်မယ်။”
ယခင်ကလည်း ဒလနဲ့ ရန်ကုန် မြစ်ကူးတံတား ထိုးမယ်ဆိုတဲ့သတင်းကြောင့် ဒလမှာ အိမ်ခြံမြေ ဈေးတွေ မြင့်တက်ခဲ့ဖူးပြီး မြေဈေးကစားတဲ့သူတွေ ကြားထဲမှာ ပြည်တွင်းက လုပ်ငန်းရှင် အငယ်တွေပဲ ထိခိုက်နစ်နာခဲ့ရဖူးပါတယ်။
လယ်အလုပ်ပဲ ဆက်လုပ်ချင်လို့ လယ်တွေ မရောင်းချပဲ နေခဲ့တဲ့ လယ် ၁၂ ဧက ပိုင်တဲ့ လယ်သမားကြီး ဦးဝင်းမြင့်ကတော့ သူ့လယ်အနီးနား ဘေးပတ်လည်မှာ ရှိတဲ့ လယ်မြေတွေဟာ ပွဲစားတွေ လက်ထဲ ရောက်ကုန်ပြီး လယ်မလုပ်ပဲ ပစ်ထားတာကြောင့် ရေနုတ်မြောင်း ဖော်လို့မရဘဲ စပါးစိုက်ဖို့ အခက်အခဲတွေ့ နေတယ်လို့ ပြောပါတယ်။
တွံတေးဘက်က မြေဝယ်ယူထားသူတချို့ကတော့ စီမံကိန်းသာ ဖြစ်သွားရင် ရန်ကုန်မြို့ အတွင်းက မြင့်မားနေတဲ့ အိမ်ခြံမြေဈေးတွေလည်း ကျသွားနိုင်တဲ့အပြင် လူနေမှု ထူထပ်နေတာ ကိုလည်း လျော့ချနိင်မယ်လို့ ဆိုပါတယ်။
မြေကွက်ဝယ်ယူထားသူတဦးဖြစ်တဲ့ ဦးမိုက်ကယ်ကတော့ စီမံကိန်းဆိုင်းငံ့လိုက်တဲ့ အပေါ် သူ ထင်မြင်ချက်ကို ခုလို ပြောပါတယ်။“ကိုယ့်အထင်ကတော့ ရန်ကုန်မှာ မြေ အရောင်းအဝယ်သီးသန့်လုပ်နေတဲ့သူတွေက အကြီးကြီးတွေလုပ်တာ။ လုပ်တော့ ရန်ကုန်မှာ သူတို့ လုပ်နေတဲ့အကွက်တွေက သူတို့ ဝယ်ထားတာ အတော်များတယ်။ မြေဈေးကို ဒီဘက်မှာသာ စီမံကိန်းကို သေသေချာချာ အကောင်အထည်ဖော်ပြီး လုပ်လိုက်ရင် ရန်ကုန်မှာ ဈေးကျသွားမယ်။ ဈေးကျသွားမှာကို စိုးရိမ်လို့ သူတို့ဘက် က ဆန့်ကျင်လိုက်တဲ့ ပုံစံလားတော့ မသိဘူး၊ အဲလို ယူဆတယ်။”
တွံတေးဘက်က ဒေသခံတွေကတော့ မြို့သစ်စီမံကိန်းကို မျှော်လင့်နေကြပြီး ဒီ စီမံကိန်းကြီး ပျက်သွားတဲ့အတွက် နစ်နာရကြောင်း ပြောဆိုကြပါတယ်။
“ကိုယ့်မြို့ရွာကြီး အဆင်မြင့်သွားတာ ပိုသဘောကျတာပေ့ါ။ စီမံကိန်းတွေလာမယ်၊ အဆင့်မြင့်အိမ်ရာတွေလာမယ်ဆို ကိုယ်တွေလည်း လုပ်ငန်းကိုင်ငန်းတွေပေါ်မယ်၊ ဖြစ်စေချင်တာကတော့ တိုးတက်စေချင်တယ်။ အိုးအိမ်စီမံကိန်း အဆင့်မြင့်တာတွေ လာမယ်ဆိုရင် ကိုယ့်မြို့က ပိုတောင် စည်ကားသွားဦးမယ်။”
ငွေကျပ်ဘီလီယံပေါင်းများစွာ အကုန်အကျခံ တည်ဆောက်မယ့် မြန်မာ့စေတနာမြို့သစ် စီမံကိန်းကို ပြီးခဲ့တဲ့ သြဂုတ် ၂၂ ရက်နေ့က ရန်ကုန်တိုင်းလွှတ်တော်မှာ တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေက ရုတ်တရက် ချပြခဲ့တာပါ။အဲဒီနောက် မီဒီယာတွေကနေ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး ဝိုင်းဝန်းဝေဖန်မှုတွေ ထွက်ပေါ်လာပြီးနောက်မှာ ဒီ စီမံကိန်းဆိုင်းငံ့ထားကြောင်း သက်ဆိုင်ရာက ကြေညာခဲ့တာပါ။
Ref : DVB
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ