By myanmar times, Shweproperty.com
Updated at 30 September 2014
ရန်ကုန်မြို့ အနောက်ဘက်တွင် အကောင်အထည်ဖော်ရန် လျာထားသော ရန်ကုန်မြို့သစ်စီမံကိန်းကို အချိန်အကန့်အသတ်မရှိ ဆိုင်းငံ့လိုက်ကြောင်း ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်က ပြောကြားလိုက်သည်။
စက်တင်ဘာ၂၅ရက်က ပြုလုပ်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ၏ အစည်းအဝေး၌အဆိုပါ စီမံကိန်းအား ထပ်မံလေ့လာသုံးသပ်ရန် လိုအပ်သည့်အတွက် ဆိုင်းငံ့ရန်ဆုံးဖြတ်ခဲ့သည့်အတွက် လွှတ်တော်၌ တင်သွင်းထားသော စီမံကိန်းနှင့် ပတ်သက်သော အဆိုကိုလည်းပြန်လည်ရုတ်သိမ်းကြောင်းနှင့် စီမံကိန်းကိုလည်း ဆိုင်းငံ့လိုက်ကြောင်း စက်တင်ဘာ၂၆ရက် တွင် ပြုလုပ်သော လွှတ်တော်အစည်းအဝေး၌ တင်ပြခဲ့ပြီး လွှတ်တော်ကလည်း သဘောတူခဲ့သည်။
ကြည့်မြင်တိုင်မြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မာကစီမံကိန်းအား ဆိုင်းငံ့လိုက်ခြင်းအပေါ် ဒေသခံများအတွက် စိတ်မကောင်းဖြစ်ရသော်လည်းလွှတ်တော်၏ ဆုံးဖြတ်ချက်ကိုမူ မလွန်ဆန်နိုင်ဟု ပြောသည်။ “ဝမ်းသာတဲ့လူရှိသလို စိုးရိမ်ကြောင့်ကြတဲ့လူတွေလည်း ရှိတယ်။ သူတို့မြို့တွေ ဖွံ့ဖြိုးတိုးတက်လာမယ်၊ သွားရေးလာရေးတွေ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုပြီးတော့ ကျေနပ်တဲ့သူတွေရှိတယ်။ စိုးရိမ်တဲ့သူတွေကလည်း သူတို့ရဲ့အိမ်တွေ၊ လယ်တွေ အဖျက်ခံရပြီး ပြန်မရမှာကို စိုးရိမ်ကြတယ်။ အခြေအနေအရ ဒီလိုပြောင်းလဲသွားတာကိုတော့ မတတ်နိုင်ဘူး။ဒီလိုရပ်ဆိုင်းသွားမယ်ဆိုရင်တော့ အန်တီ့အနေနဲ့ ဒေသခံတွေအတွက် စိတ်မကောင်းပါဘူး”ဟု ၎င်းက ပြောသည်။
သို့သော် လွှတ်တော်ကိုယ်စားလှယ်အများစုကမူူ စီမံကိန်း ဆိုင်းငံ့လိုက်ခြင်းကို ကြိုဆိုကြပြီးစီမံကိန်းသည် ပြန်လည်အကောင်အထည်ဖော်လာရန် ရှိသည့်အတွက် ယင်းအတွက် လေ့လာသုံးသပ်ရန် အချိန်ပိုရရှိမည် ဖြစ်ကြောင်း ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်မှ ဦးတင်လှိုင်က ပြောသည်။
ဗဟန်းမြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာညိုညိုသင်းသည် စက်တင်ဘာ၂၄ရက်ကအဆိုပါ စီမံကိန်းအား ဆိုင်းငံပေးရန် လွှတ်တော်ဥက္ကဋ္ဌထံ စာတင်ခဲ့ပြီး နောင်လွှတ်တော်အစည်းအဝေးများမှသာ ထပ်ဆွေးနွေးရန်ကိုလည်း တင်ပြခဲ့သည်။ ”ဒါက ကောင်းမွန်တဲ့ဆုံးဖြတ်ချက်လို့ပဲပြောရမယ်။ အန်တီတို့ အောင်မြင်ခဲ့တာပေါ့။ ဒီလိုဖြစ်လာတာကလည်း သတင်း မီဒီယာတွေရဲ့အားကြောင်းလည်း ပါပါတယ်။ နောက်ပြီး ဒါရဲ့အကျိုးဆက်ကြောင့် မြေအရောင်းအဝယ် လုပ်တဲ့သူတွေ ထိခိုက်နိုင်ပါတယ်”ဟု ဒေါက်တာညိုညိုသင်းက ပြောသည်။ မြပန်းသခင်အိမ်ခြံမြေအကျိုးဆောင် ကိုမင်းမင်းစိုးက လွှတ်တော်တွင် စီမံကိန်းအား အတည်ပြုပေးရန် မြို့တော်ဝန်အဆိုတင်ခဲ့သည့်နောက်ပိုင်းတွင် စီမံကိန်းအတွင်းရှိ မြေနေရာ အရောင်းအဝယ်များ ငြိမ်သွားသည်ဟု ဆိုသည်။
“အခုလိုစီမံကိန်းကို ဆိုင်းငံ့လိုက်ပြီဆိုတော့ အရောင်းအဝယ်က တန့်သွားမယ်။ ပိုက်ဆံရှိလို့ဝယ်ထားတဲ့ သူတွေကတော့ ဘာမှထိခိုက်မှာမဟုတ်ဘူး။ မရှိပဲ ဝယ်ထားတဲ့သူတွေကတော့တော်တော် အထိနာ သွားမယ်”ဟု ၎င်းက ပြောသည်။ ပွင့်လင်းမြင်သာမှုမရှိဟု ဝေဖန်ခံနေရသော အဆိုပါစီမံကိန်းအတွက် မြန်မာငွေကျပ် ခုနစ်ထောင်ဘီလီယံနှင့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံကုန်ကျမည်ဟု ခန့်မှန်းထားပြီး ရန်ကုန်မြို့ အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံ့တေးတူးမြောင်းအကြား လှိုင်မြစ်နှင့် လှိုင်သာယာ တွံတေး ကားလမ်းကြားရှိ ကြည့်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံ့တေးမြို့နယ်များ၌ အကောင်အထည်ဖော်ရန် လျာထားခြင်းဖြစ်သည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့သည် စီမံကိန်းလုပ်ဆောင်ရန်အတွက် မြန်မာ့စေတနာမြို့သစ်အများပိုင် ကုမ္ပဏီကို လုပ်ပိုင်ခွင့်ပေးခဲ့ခြင်းကြောင့် ဝေဖန်မှုများ ပေါ်ပေါက်လာခဲ့ပြီး မြို့တော်ဝန်ကမူ အဆိုပါ ကုမ္ပဏီသည် စီမံကိန်းလုပ်ဆောင်ရန်အတွက် အဆိုပြုတင်ပြလာခြင်းကြောင့်မူအရသာ လက်ခံစဉ်းစားခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ