By News Watch, Shweproperty.com
Updated at 21 August 2017
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ရိုးမအိမ်ရာစီမံကိန်း၏ ၁ မိုင် ပတ်လည် အနီးပတ်ဝန်းကျင်တွင် နေထိုင်လျက်ရှိသော ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်နေကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ အိမ်ရာစီမံကိန်းသည် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့် UN-Habitat တို့၏ ဆင်းရဲ နွမ်းပါးမှုကျရောက်နေသော နိုင်ငံသားများကို ကူညီပံ့ပိုးရန် ဦးတည်ချက်ဖြင့် ပူးပေါင်းဆောက်လုပ်နေသော စီမံကိန်းဖြစ်ပြီး ယခင်အစိုးရလက်ထက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တိုင်း ဒေသကြီးဝန်ကြီးချုပ်တို့က စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးယုခိုင်က News Watch သို့ ပြောသည်။
စီမံကိန်းတည်ဆောက်မည့် ရိုးမအိမ်ရာ အနီးဝန်းကျင်၊ ၁ မိုင်ပတ်လည်အတွင်း နေထိုင်လျက်ရှိသည့် နေအိမ်မဲ့ ကျူးကျော်များစာရင်းကို UN-Habitat မှ လွန်ခဲ့သည့် ၂ နှစ်ကတည်းက ကောက်ယူ ထားကာ စီမံကိန်းပြီးစီးသည့်အခါ နေအိမ် တိုက်ခန်းပေးအပ်ရန် စီစဉ်ခဲ့ခြင်းဖြစ် ကြောင်း ၎င်းကရှင်းပြသည်။ လက်ရှိအချိန် တွင် ရိုးမအိမ်ရာစီမံကိန်းအမှတ် (၁)ကို ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ မြေတိုင်းရပ်ကွက် အမှတ် ၁၆၈ တွင် ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၃ လုံး၊ အိပ်ခန်းပေါင်း ၆၀ ကို ဆောက်လုပ်နေပြီးစီမံကိန်းပြီးစီး ပါက ကျူးကျော်များကို နေစရာတိုက်ခန်းပေးရန် စီစဉ်သွားမည်ဖြစ်ကြောင်း ဦးယုခိုင်က ပြောသည်။
ထို့ပြင် ယခင်အစိုးရလက်ထက်က ဆောင်ရွက်ခဲ့သည့် ရိုးမအိမ်ရာစီမံကိန်း အမှတ်(၁)မှ ၄ ခန်းတွဲ ၅ ထပ် အဆောက်အဦ ၆ လုံး၊ အိပ်ခန်းပေါင်း ၁၂၀ ခန်း ဆောက်လုပ်ပြီးစီးသည့်အတွက် လွဲှပြောင်း ခြင်းအခမ်းအနားကို သြဂုတ် ၂ ရက်က ပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းခိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး၊ JICA မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အခန်းလွဲှပြောင်းလက်ခံမည့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခန်းများတွင် ကျူးကျော်များကို နေရာချထားပေးပြီးဖြစ်သော်လည်း မည်သည့်ပုံစံဖြင့် လွဲှအပ်ပေးသည်ကို အသေးစိတ်မသိရသေးကြောင်း ဦးယုခိုင်က ပြောသည်။ ''အခု အဲဒီအခန်း ၁၂၀ မှာ နေထိုင်နေကြပြီ။ အဲဒီအခန်းတွေက ပြည်ထောင်စုအစိုးရနဲ့ UN-Habitat နဲ့ တိုက်ရိုက်လုပ်တာဆိုတော့ သူတို့ကို အငှားချတဲ့ပုံစံနဲ့လား၊ အလကားနေထိုင်ခွင့်ပြုတာလား၊ ပိုင်ဆိုင်မှုကို ဘယ်လိုပုံစံပေးချပေးတာလဲဆိုတာ အသေးစိတ်မသိရသေးဘူး''ဟု ဦးယုခိုင်က ပြောသည်။ သို့သော် ကုလသမဂ္ဂ၏ မြို့ရွာနှင့် အိုးအိမ်ပြန်လည်ထူထောင်ရေးအစီအစဉ်အရ ဆောင်ရွက်နေသော စီမံကိန်းနှင့်ပတ်သက်၍ စီမံခန့်ခွဲမှုဆောင်ရွက်ရန် နေပြည်တော်ရှိ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန (ရုံးချုပ်)မှ ရန်ကုန်တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနသို့ ညွှန်ကြားလာပြီဖြစ်ကြောင်း ၎င်းက ပြောသည်။
ဒါနဲ့ပတ်သက်ပြီး စီမံခန့်ခွဲမှုဝင်လုပ်ဖို့ စီစဉ်နေကြတယ်။ ရက်ပိုင်းအတွင်း UN-Habitat က တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီးတော့ အစည်းအဝေးလုပ်မယ်'' ဟု ဦးယုခိုင်က ပြောသည်။
ထို့အပြင် အဆိုပါကျူးကျော်များ နေရာချထားပေးမည့် အစီအစဉ်သည် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆောင်ရွက်နေသည့် ကျူးကျော်စာရင်းကောက်ခံနေသည့် အစီအစဉ်နှင့် သက်ဆိုင်မှုမရှိကြောင်း သိရသည်။
Ref & Photo Credit : News Watch
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ