By Sint Sint, Shweproperty.com
Updated at 21 December 2020
ဆားသည် အိမ်သုံးအတွက်မပါမဖြစ်ဆိုတာလူတိုင်းသိပြီးသားဖြစ်မှာပါ။ ပါလေရာဖြစ်လွန်းလို့ ပဲခူးဆားလို့တောင် တင်စားကြပါသေးတယ်။ အလုပ်လုပ်တဲ့အခါဖြစ်စေ အကြံအစည်မအောင်မြင်တဲ့အခါကျရင် ဆားမပါတဲ့ဟင်းပေါ့ပျက်ပျက်လိုပေါ့လို့ ပြောစမှတ်ရှိကြပါတယ်။ ဆားသည်လူတို့အတွက် အသုံးဝင်တဲ့ စားသောက်ကုန်တစ်မျိုးပါပဲ။ဆားသည်လူသားတို့အတွက် လိုအပ်သောသတ္ထုဓာတ်တစ်မျိုးဖြစ်ပြီး သတ္တဝါတို့၏ ရှင်သန်မှုအတွက် အရေးကြီးပြီးအပင်တို့အတွက်မူ အဆိပ်ဖြစ်စေသော ဆိုဒီယမ်ကလိုရိုက်ဓာတ်ဖြင့် အဓိကအားဖြင့်ဖွဲ့စည်းထားသည်။ ဆားငန်အရသာသည် အခြေခံအရသာတစ်မျိုးဖြစ်ပြီး ဆားသည်အစားအစာတို့၏အရသာတွင် ထင်ရှားသော ဓာတ်တစ်မျိုးဖြစ်သည်။ ထို့ပြင်ဆားသည် အစားအသောက်များကြာရှည်ခံရန်အတွက် အရေးပါသောပစ္စည်းတစ်မျိုးလည်းဖြစ်သည်။
ဆားဟာချက်ပြုတ်ရာမှာပဲ အရေးပါတာလား။ အသုံးဝင်တာလား။ ဘယ်လိုနေရာတွေမှာ အသုံးဝင်ပါသေးလဲ။လေ့လာကြည့်ရအောင်ပါ။လူတို့စားသုံးရန်အတွက် ဆားကိုပုံစံအမျိုးမျိုးဖြင့် ထုတ်လုပ်ကြသည်။ ဆားကြမ်း (ဥပမာ - ပင်လယ်ဆား)၊ ဆားနု (ဥပမာ - စားပွဲတင်ဆား) နှင့် အိုင်အိုဒင်းဆားတို့ဖြစ်သည်။ ဆားသည် ကြည်လင်နေသောအစိုင်အခဲဖြစ်ပြီး အဖြူရောင်၊ ပန်းနုရောင်နှင့်မီးခိုးနုရောင်တို့ရှိတတ်ပြီး ပုံမှန်အားဖြင့်ပင်လယ်ရေ သို့မဟုတ် ကျောက်စိုင်များတွင်တင်ကျန်နေခြင်းမှရရှိပါတယ်။ စားသုံးနိုင်သော ကျောက်ဆားများမှာ သတ္တုဓာတ်ပါဝင်မှုကြောင့် မီးခိုးရောင်အနည်းငယ်သန်းပါတယ်။
လူတွေသတိမထားမိတဲ့ နည်းလမ်းဖြင့် ဆားရဲ့ အသုံးဝင်ပုံ (၁၄)မျိုးရှိပါတယ်။ဆားကို နှစ်ပေါင်း ၆၀၀၀ကျော်လောက်ထဲက ကောင်းစွာအသုံးပြုခဲ့ကြပါတယ်။ အစားအစာတွေ ချက်ပြုတ်ဖို့အတွက် အစားအစာအမျိုးမျိုးကို ထိန်းသိမ်းဖို့အတွက်၊ မီးလောင်မှုကို ထိန်းချုပ်ဖို့နဲ့ လျော့ချဖို့အတွက် စတဲ့အခြေအနေအမျိုးမျိုးအတွက် ကျယ်ပြန့်စွာ အသုံးပြုခဲ့ကြပါတယ်။ကမ္ဘာတစ်ဝှမ်းက အစားအစာတွေကို ဘာ့ကြောင့် သယ်ယူပို့ဆောင်နိုင်သလဲဆိုတဲ့ အဓိကအကြောင်းရင်းများထဲက တစ်ခုလည်းဖြစ်ပါတယ်။ ဆားက နေရာတိုင်းနီးပါးရနိုင်ပြီး ဈေးပေါပါတယ်။ ဆားကို ဒီထက်ပိုပြီး ဘယ်လိုနည်းလမ်းတွေနဲ့ အသုံးပြုလို့ရသေးသလဲဆိုတာ ကြည့်လိုက်ရအောင်။
၁။ အဝတ်ဟောင်းတွေကို အရောင်ပြန်တင်တဲ့အခါ....
အရောင်လွှင့်နေတဲ့ အဝတ်ဟောင်းတွေကို အသစ်လိုတောက်ပသွားအောင် ဆားနဲ့ စမ်းကြည့်နိုင်ပါတယ်။ ဆား ၄ပုံ၁ပုံထည့်ထားတဲ့ ဆားရည်တစ်ခွက်ထဲမှာ သင်အဝတ်တွေကို စိမ်ပါ။ လျှော်ပြီးသွားရင်ရလဒ်တွေက အံသြစရာဖြစ်လာမှာပါ။
၂။ ပန်းတုတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ....
ပလတ်စတစ်အလှပန်းတွေက ကြာကြာထားရင် ဖုန်တွေတတ်လာတတ်ပါတယ်။ ဒီပန်းအတုတွေကို သန့်ရှင်းဖို့အတွက် အလွယ်နည်းကတော့ ပလတ်စတစ်အိတ်ထဲကို ပန်းစွပ်ပြီး ဆားရည်ထည့်ပါ။ လှုပ်ပေးပါ။ အဆိုပါဆားက ဖုန်နင့် ဖုန်မှုန့်တွေကို မကျန်အောင်ရှင်းလင်းဖယ်ရှားပေးပါလိမ့်မယ်။
၃။ နှုတ်ခမ်းနီရာများကို ဖယ်ရှားဖို့....
long-lasting လိုနှုတ်ခမ်းနီများက ရေဖြင့်ဆေးလို့မပျက်နိုင်ပါဘူး။ ဖန်ခွက်တွေ၊ ဖန်ထည်တွေမှာ နှုတ်ခမ်းနီစွန်းပေခဲ့ရင် ဆားဖြင့်နှုတ်ခမ်းနီကို ပွတ်တိုက်ပေးပြီး ရေဖြင့်ဆေးပါ။ အစွန်းတွေပျက်သွားပါလိမ့်မယ်။
၄။ ဈေးပေါပြီးထိရောက်တဲ့ skin exfoliant
ဆားက ခြောက်သွေ့တဲ့အသားအရေကိုဂရုစိုက်ဖို့ ရွေးချယ်စရာကောင်းတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ အရေပြားဆဲလ်သေတွေကိုဖယ်ရှားပြီး သင့်သွေးလည်ပတ်မှုကို ပိုကောင်းစေပါတယ်။ အထူးသဖြင့် ရေနွေးဖြင့်ရေချိုးပြီးတဲ့အချိန်မှာ လိမ်းရင် ပိုထိရောက်ပါတယ်။ သင့်အသားအရေစိုစွက်နေတဲ့အချိန်မှာလိမ်းပြီး စက်ဝိုင်းပုံရွေ့လျားမှုဖြင့် နှိပ်ပေးရပါမယ်၊ ရလဒ်ပိုကောင်းချင်ရင်တော့ ပင်လယ်ဆားကို အသုံးပြုပါ။
၅။ သွားတိုက်ဆေးထဲထည့်သုံးလို့ရပါတယ်...
ဆားမှာ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများ ရှိတာကြောင့် သွားပိုးတွေကို ကင်းစေပါတယ်။ အစွန်းအထင်းတွေကို ဖယ်ရှားပေးပြီး သွားတွေကို ဖြူဝင်းစေပါတယ်။ နေ့ချင်းညချင်းတော့ သင့်သွားဖြူမှာ မဟုတ်ပါဘူး။ ရေစိုနေတဲ့ သွားတိုက်တံပေါ်မှာ ဆားထည့်ပြီး သင့်သွားတွေကို ညင်သာစွာတိုက်ပေးလို့ရသလို သွားတိုက်ဆေးပေါ်မှာ ဆားအနည်းငယ်ဖြူးပြီး တိုက်ပေးလို့လည်း ရပါတယ်။
၆။ ကြက်ဥကောင်း/မကောင်း စမ်းသပ်ဖို့....
ကြက်ဥတွေကိုရေခဲသေတ္တာထဲ ဝယ်ထည့်ထားပြီးရင်မေ့နေတတ်ပါတယ်။ ကြာလာတဲ့အခါ ကြက်ဥတွေကောင်းမကောင်းဆိုတာ မသိနိုင်ပါဘူး။ ကြက်ဥတွေကို လတ်/မလတ် ဆားဖြင့် စမ်းသပ်ကြည့်နိုင်ပါတယ်။အိမ်သုံးဆား ၂ဇွန်းကိုရေတစ်ခွက်ထဲထည့်ပြီး ကြက်ဥကိုထည့်ကြည့်ပါ။ ခွက်အောက်ခြေကိုကျသွားရင် စားလို့ရပါသေးတယ်၊ ပေါလောပေါ်နေရင် မစားပါနဲ့တော့။
၇။ ဘောက်တွေကို ဖယ်ရှားဖို့...
ခေါင်းမလျှော်ခင် ဆားအနည်းငယ်ကို ဦးရေပြားပေါသို့ ဖြူးပေးပါ။ ဦးရေပြားကို အနည်းဆုံးငါးမိနစ်လောက် ဂရုတစိုက်နဲ့သေသေချာချာ နှိပ်ပေးပါ။ ပြီးမှာ ခေါင်းလျှော်ရည်ဖြင့် လျှော်ပေးပါ။ ဘောက်တွေကိုသေစေပြီး ဆံပင်ကို သန်စွမ်း ရှည်လျားစေပါတယ်။
၈။ သွားတိုက်တံ ကြာရှည်ခံအောင်...
သွားတိုက်တံအသစ်ကို ကြာရှည်ခံအောင် အသုံးမပြုခင်ဆားရည်ထဲမှာ စိမ်ပေးထားပါ။ ကြာရှည်ခံစေဖို့ ကူညီပေးပါလိမ့်မယ်။ ဘရပ်ပေါ်မှာဆားဖြူးပြီး ရေထဲမှာ မြှုပ်ထားပေးနိုင်ပါတယ်။
၉။ နှုတ်ခမ်းတွေကို နူးညံ့ချောမွေ့လာအောင်....
ဆားဖြင့် သင့်အသားအရေနှင့် နှုတ်ခမ်းကို exfoliatingလုပ်ပေးလို့ရပါတယ်။ နှုတ်ခမ်းတွေ ခြောက်ေသွ့ ကြမ်းတမ်းတဲ့အခါဆားဖြင့် ညင်သာစွာပွတ်တိုက်ပေးပါ။ ပြီးမှရေဖြင့်ဆေးပါ။
၁၀။ ငါးကန်ကို သန့်ရှင်းစေပါတယ်...
ငါးကန်ကို သန့်ရှင်းရေးလုပ်တဲ့အခါ ဆားဖြင့် ငါးကန်အတွင်းပိုင်းကို ပွတ်ပေးပြီးမှ ရေဖြင့်ဆေးပါ။
၁၁။ ပိုက်လိုင်းပိတ်နေတဲ့အခါ...
သင့်အိမ်မှာဘေစင်ပိုက် ပိတ်နေလျှင်ဆားခွက်တစ်ဝက်ကို လောင်းထည့်ပြီး ရေနွေးပူဖြင့်လောင်းချပါ။ ပိုက်ထဲမှာပိတ်နေတဲ့အရာတွေ ကျသွားပါလိမ့်မယ်။
၁၂။ ဝိုင်အစွန်းအထင်းတွေကို ဖယ်ရှားတဲ့အခါ....
အင်္ကျီ၊ ကော်ဇောတွေပါ်မှာ ဝိုင်တွေဖိတ်ကျရင်အစွန်းအထင်းတွေ မှေးမှိန်သွားအောင် ပထမဦးဆုံးရေလောင်းချလိုက်ပါ။ အစွန်းအထင်းနေရာကို ဆားဖြင့်ဖုံးအုပ်ထားပြီး ၁၀မိနစ် ၁၅မိနစ်လောက်နေရင်ပွတ်တိုက်ပေးပါ။
၁၃။ လည်ချောင်းနာကိုသက်သာစေပါတယ်.....
ဆားရည်ကလည်ချောင်းနာတာကို သက်သာစေနိုင်ပါတယ်။ ချွဲတွေကိုကျစေပြီး ရောင်ရမ်းမှုကိုလျော့နည်းစေပါတယ်၊ ရေတစ်ဖန်ခွက်ထဲကို ဆားအနည်းငယ်ထည့်ပြီး ၁မိနစ်လောက် ပလုပ်ကျင်းပေးပါ။ ဘက်တီးရီးယားဆန့်ကျင် ဂုဏ်သတ္တိများရှိတာကြောင့် ခံတွင်းကျန်းမာရေးကိုထိန်းသိမ်းပေးနိုင်ပါတယ်။
၁၄။ ပရိဘောဂတွေပေါ်က watermarks တွေကို ဖယ်ရှားဖို့....
သစ်သား၊ ကြိတ်သားနဲ့ပြုလုပ်ထားတဲ့ ပရိဘောဂတွေပေါ်မှာကော်ဖီခွက်တွေတင်တာ၊ ရေကျတာတွေက အစွန်းအကွက်တွေကို ဖြစ်စေပါတယ်။ ဒီအစွန်းတွေကို ဖယ်ရှားဖို့ ခက်နေရင်ဆားနည်းနည်းဖြူးပြီး ရေမြုပ်စိုတစ်ခုနှင့် ညင်သာစွာပွတ်ကြည့်ပါ။ အစွန်းအကွက်တွေကို ဖယ်ရှားပစ်နိုင်ပါလိမ့်မယ်။နောက်တစ်ခုကတော့ ဆားရဲ့ အကျိုးအပြစ်လေးပေါ့နော်။ အကျိုးရှိရင် အဆိုးလည်းရှိနေနိုင်တာမို့ သိထားဖို့လည်း လိုပါမယ်နော်။
ဆားကသွားနဲ့ခံတွင်းအတွက်ကောင်းတယ်ဆိုတာကလည်း သိပြီးသားဖြစ်နေမှာပါနော်။ ဒါဆိုဆားက ကျန်းမာရေးအတွက်ကောင်းလား။ ဆားကလုံးဝမစားဘဲနေရမယ့် အရာတော့မဟုတ်ပါဘူး။ ဆားကသွားနဲ့ခံတွင်းရောဂါအတွက်တင်လည်း မဟုတ်ပါဘူး။ ဆားကကူးစက်ရောဂါအတွက်ရော ၊ အနာတွေကိုသက်သာစေဖို့အတွက်ပါ အသုံးဝင်ပါတယ်။ နေ့စဉ်စားသုံးမှုမှာ ဆားထည့်စားသင့်တဲ့အကြောင်းအရင်းကတော့ ဆားကို စားနေကျအစားအသောက်တွေထဲမှာ ဆားထည့်စားတာ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေရရှိစေနိုင်ပါသေးတယ်။
ရေဓါတ်ပြည့်ဝစေတယ်...
ခန္ဓါကိုယ်မှာ ဆိုဒီယမ် နဲ့ ပိုတက်ဆီယမ်မျှတနေမှကောင်းကောင်းလှုပ်ရှားနိုင်မှာပါ။ ဒါမှလည်း လိုအပ်တဲ့ရေဓါတ်ကို အကောင်းဆုံးဖြည့်တင်းနိုင်မှာပါ။ ခန္ဓါကိုယ်မှာရေဓါတ်မျှတချင်တယ်ဆိုရင် ဆားကိုအတန်အသင့်စားသုံးပေးပါ။
နှလုံးသွေးကြောတွေကို ကျန်းမာစေနိုင်တယ်.....
ဆားက နှလုံးရောဂါမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ပင်လယ်ဆားက စားပွဲတင်ဆားနဲ့မတူပါဘူး။ ဆေးဖက်ဝင်ပါတယ်။ ပင်လယ်ဆားမှာသဘာဝအတိုင်း သတ္တုဓါတ်တွေပါဝင်နေတာကြောင့် နှလုံးကျန်းမာဖို့အတွက် အထောက်အကူပြုပေးနိုင်ပါတယ်။
ကြွက်မတက်အောင်ကာကွယ်ပေးတယ်....
ပင်လယ်ဆားမှာပါတဲ့ ဓါတ်က ခန္ဓါကိုယ်အတွက် လိုအပ်တဲ့ ဆိုဒီယမ်ဓါတ်ကိုထောက်ပံ့ပေးပြီး ကြွက်တက်တာမျိုးမဖြစ်အောင်ကာကွယ်ပေးပါတယ်။ ဆားမှာပါတဲ့ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ် နဲ့ ကယ်လ်ဆီယမ်တို့က ကြွက်သားတွေအတွက် လိုအပ်တဲ့ အာဟာရတွေကိုထောက်ပံ့ပေးပြီး ကြွက်သားတွေကို ကြွက်တက်တာမျိုးမဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဆားဓါတ်မလုံလောက်တဲ့အခါ နှလုံးခုန်မမှန်တာ၊ ပင်ပန်းနွမ်းနယ်တာ၊ခြေကုန်လက်ပန်းကျတာ၊တက်တာလိုမျိုးဝေဒနာတွေခံစားရနိုင်ပါတယ်။
အာရုံကြောစနစ်ကို ကျန်းမာစေနိုင်တယ်....
ဆိုဒီယမ်က ခန္ဓါကိုယ်ထဲကရေစီးဆင်းမှုကို ထိန်းညှိပေးနိုင်ပါတယ်။ ဒီလုပ်ဆောင်မှုက အာရုံကြောစနစ်ကျန်းမာဖို့အတွက် အရေးပါပါတယ်။ ဦးနှောက်အနေနဲ့ကလည်း ကျန်းမာနေဖို့က ဆိုဒီယမ်နဲ့အခြားဓါတ်တွေမျှတနေဖို့လိုပါမယ်။ ဒါကြောင့်ဆားကို အတန်အသင့်လောက်တော့ စားသုံးဖို့လိုပါမယ်။
အိပ်ရေးဝစေတယ်...
ဆားက အိပ်စက်ခြင်းကို အထောက်အပံ့ပေးပါတယ်။ အများကြီးစားမိရင်တော့သွေးပေါင်တက်ပြီး အိပ်ချင်တာမျိုးဖြစ်လာစေနိုင်ပါတယ်။ ဆားကကိုယ်တွင်းရဲ့ ဆိုဒီယမ်မညီမျှမှုမဖြစ်အောင် ထိန်းညှိပေးပြီးကိုယ်တွင်းရေဓါတ်ကိုပြည့်ဝစေနိုင်တာကြောင့်ဟော်မုန်းပမာဏကို ထိန်း ညှိပေးနိုင်ပါတယ်။ ကိုယ်တွင်းဟော်မုန်းကို ထိန်းညှိ ပေးတာကကောင်းကောင်း အိပ်စက်ဖို့အထောက်အပံ့ပေးနိုင်တာပါ။
ဆားနည်းနည်းပဲစားတဲ့အခါ....
ဆားကအများကြီးစားရင် သွေးတိုးတယ်ဆိုပေမယ့်နည်းနည်းပဲစားမယ်ဆိုရင်လည်း ခန္ဓါကိုယ်မှာ ထိခိုက်တာတွေဖြစ်လာနိုင်ပါတယ်။ သွေးတွင်းက အကျိုးမပြုတဲ့ ကိုလက်စထရောတွေကိုမြင့်တက်စေနိုင်တယ်။ နှလုံးရောဂါဖြစ်စေနိုင်တယ်။ ရုတ်တရက်နှလုံးရပ်သွားရတာမျိုးခံစားရနိုင်တယ်။ အင်ဆူလင်မတိုးတာမျိုးခံစားရနိုင်တယ်။ အမျိုးအစား (၂) ဆီးချိုခံစားရနိုင်တယ်။
ဆားအများကြီးစားတဲ့အခါ.....
ဆားက မစားရင်လည်း ခန္ဓါကိုယ်အတွက်မကောင်းသလို အရမ်းစားလွန်းပြန်ရင်လည်း ထိခိုက်တာတွေရှိလာနိုင်ပါတယ်။ သွေးတိုးမယ်။ အစာအိမ်ကင်ဆာဖြစ်မယ်။ အစာအိမ်အူလမ်းကြောင်းတလျှောက်မှာရောဂါပိုးတွေဖြစ်စေနိုင်တယ်။ အစာအိမ်နံရံတွေပျက်စီးစေနိုင်တယ်။
ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ဆားပမာဏ...
ကျန်းမာတဲ့လူတစ်ယောက်အနေနဲ့နေ့စဉ် ဆားကို ၆ ဂရမ်လောက်ထက်တော့ ပိုမစားသင့်ပါဘူး။ တစ်နေ့တာမှာ လူတစ်ယောက်အနေနဲ့ ဆိုဒီယမ်ပမာဏ ၂.၅ ဂရမ်ပဲလိုအပ်ပါမယ်။ ဒါကြောင့်နေ့စဉ်စားသုံးတဲ့ အစားအစာတွေထဲမှာ ဆားပါဝင်နေမှာဖြစ်တဲ့အတွက်နေ့စဉ် ဆားကိုလက်ဖက်ရည်ဇွန်းတစ်ဇွန်းစာလောက်ပဲ စားသုံးပေးဖို့လိုပါမယ်။ အရွယ်ရောက်ပြီးသူတွေအနေနဲ့ကတော့ ဒီပမာဏက အကောင်းဆုံးပါ။ အရမ်းငယ်လွန်းတဲ့ကလေးတွေအနေနဲ့ ကတော့ ဆားကို ၁ ဂရမ်လောက်ပဲစားသုံးပေးသင့်ပါတယ်။
ဆားတွင် အဓိကပါဝင်သည့် ဓာတ် ၂မျိုးဖြစ်သည့် ကလိုရိုက်နှင့် ဆိုဒီယမ် အိုင်းယွန်းများမှာ လူအပါအဝင် သက်ရှိသတ္တဝါတို့ ၏ ဆက်လက်အသက်ရှင် ရပ်တည်ရေးအတွက် လိုအပ်ပါတယ်။ ဆားသည်ခန္ဒာကိုယ်အတွင်း ရေတို့လည်ပတ်ရန် (fluid balance) ပြုမူရာတွင်ပါဝင်သည်။ဆားဓာတ်ကို တောင့်တခြင်းသည် သတ္တုဓာတ်လုံလောက်စွာ မရရှိခြင်းကြောင့် ဖြစ်နိုင်သည့်အပြင် ဆိုဒီယမ်ကလိုရိုက် မလုံလောက်ခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ဆန့်ကျင်ဖက်အားဖြင့် ဆားဓာတ်ကို အလွန်အကျွံစားသုံးပါက သွေးတိုးခြင်းအပါအဝင် ကျန်းမာရေးပြဿနာများဖြစ်ပေါ်ရန် အန္တရာယ်ရှိပါတယ်။
ဖတ်ရှုမှုအများအဆုံး အိမ်ခြံမြေဆောင်းပါးများ
အိပ်ယာအသုံးအဆောင်တွေ မကြာခဏလျှော်ဖို့ ဘာကြောင့်အရေးကြီးတာလဲ
အိမ်မှာထားရင် ကံကောင်းခြင်းတွေရောက်လာစေတဲ့ ပစ္စည်းများ နှင့် ကံဆိုးမှုတွေ အဆင်မပြေမှုတွေ မဖြစ်ချင်ရင် အိမ်ထဲမှာ ဒီအရာတွေကို လုံးဝမထားပါနဲ့
အိမ်တိုင်းမှာ ဆောင်ထားသင့်တဲ့ အရက်ပြန်ရဲ့ အံ့သြဖွယ်ရာ အသုံးဝင်သော နည်းလမ်းများ
အိမ်ခိုက်ပြီး အိမ်သားတွေကံဆိုးစေတဲ့အရာများ
Written By : Khine Zar (ShweProperty.com)
Posted By : Sint Sint (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ