By The Voice Weekly, Shweproperty.com
Updated at 9 September 2017
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် (၄၉) ရပ်ကွက်ရှိ ယုဇနဥယျာဉ်မြို့တော်မှ တိုက်ခန်းများ၏ကြံ့ခိုင်မှုကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စစ်ဆေးသွားမည်ဟု ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဖြူဖြူခိုင်က The Voice သို့ ပြောကြားသည်။
ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းများမှ မျက်နှာကြက်အင်္ဂတေများ ကွာကျကာ ကော်လံတိုင်များအက်ကွဲပြီး နေထိုင်သူများအတွက် အန္တရာယ်ရှိသည့်အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် ဩဂုတ်လတွင် ယင်းအခြေအနေများကို ပြည်ထောင်စု အစိုးရအဖွဲ့သို့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များက တင်ပြခဲ့သည်။
အဆိုပါတင်ပြချက်သည် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် တိုက်ရိုက်ပတ်သက်သည်ဟု ပြည်ထောင်စုအစိုးရအဖွဲ့က ပြန်ကြားခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြံ့ခိုင်မှုစစ်ဆေးရန် စီစဉ်ခြင်းဖြစ်သည်ဟု ဒေါက်တာဖြူဖြူခိုင်က ပြောကြားသည်။
“နေလို့မကောင်းတော့ဘူး၊ မနေသင့်တော့ဘူးဆိုရင်တော့ တိုင်းအစိုးရအဖွဲ့က ဒီတိုင်းတော့မနေဘူး။ ညွှန်ကြားချက်တွေ ထွက်လာတော့မှာပါ” ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ယုဇနဥယျာဉ်မြို့တော်ရှိ တိုက်ခန်းများအားလုံး၏ကြံ့ခိုင်မှုကို စစ်ဆေးမည်ဖြစ်ပြီး စတင်စစ်ဆေးမည့်အချိန်ကို အကြောင်းကြားထားခြင်း မရှိသေးကြောင်းလည်း ၎င်းကဆိုသည်။
ယုဇနဥယျာဉ်မြို့တော်တွင် ဩဂုတ်လအတွင်း မျက်နှာကြက်အင်္ဂတေများ အကြိမ်ကြိမ်ပြိုကျခဲ့သည့်အတွက် (ဒီ) ဘလောက်၊ (၁၅) လမ်းရှိ တိုက် (၃၇) အဆောက်အအုံကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနနှင့် စည်ပင်သာယာတို့က ကြံ့ခိုင်မှုစစ်ဆေးပြီး လူနေထိုင်ရန်မသင့်ဟု သတ်မှတ်ခဲ့သည်။
ယင်းအဆောက်အအုံကို အကြီးစား ပြုပြင်ရန်အတွက် တိုက်ခန်းပိုင်ရှင်များနှင့် ယုဇနကုမ္ပဏီ (ယုဇနဥယျာဉ်မြို့တော်ကို တာဝန်ယူတည်ဆောက်သူ) တို့က ကုန်ကျစရိတ် တစ်ဝက်စီဖြင့် ပြုပြင်ရန်စီစဉ်ထားသော်လည်း နေထိုင်သူများက ပြုပြင်ရမည့် ကုန်ကျစရိတ်များပြားသည့်အတွက် ကုမ္ပဏီကို ၇၀ ရာခိုင်နှုန်းအထိကျခံရန် တောင်းဆိုထားသည်ဟု ဒေါက်တာဖြူဖြူခိုင် ပြန်လည်ပြောပြသည်။
လူနေထိုင်ရန်မသင့်ဟု ထုတ်ပြန်ထားသည့် လူနေအိမ်ခန်း ၂၀ ပါဝင်သော တိုက်တစ်လုံးကိုသာ ယုဇနကုမ္ပဏီက ကုန်ကျစရိတ်တစ်ဝက်ခံကာ အကြီးစားပြုပြင်ပေးရန်စီစဉ်နေပြီး ကျန်ရှိသည့် မျက်နှာကြက်အင်္ဂတေများ ကွာကျသည့် အခန်းများမှာ မိမိစရိတ်ဖြင့်သာပြုပြင် နေရသည်ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် ဦးစိုးနိုင်က ပြောကြားသည်။
Ref & Photo Credit : The Voice Weekly
Posted By : Ra Wai (ShweProperty.com)
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ