By TMWF, Shweproperty.com
Updated at 5 June 2015
သင်္ကြန်ပြီးရင် အိမ်ခြံမြေဈေးကွက် ပြန်ကောင်းမွန်လာနိုင်တယ်လို့ ခန့်မှန်းခဲ့ကြပေမယ့် အခုထိဈေးကွက်ငြိမ်ပြီး အေးနေဆဲဖြစ်ကြောင်း အကျိုးဆောင်တချို့ဆီက သိရပါတယ်။
နေရာကောင်းတွေကို မလိုတော့ ထုတ်မရောင်းဘူး။ ကျန်တဲ့နေရာတွေကျတော့ မသေချာလို့ မဝယ်ကြ၊ သေချာတဲ့နေရာကျတော့ ဈေးကမြင့်နဲ့ အခုချိန်ထိ မြို့တွင်းပိုင်းရော မြို့ပြင်ပိုင်းရော ဈေးတွေကအမြင့်ဈေးနဲ့ ငြိမ်နေတုန်းပါပဲ။ မြို့စွန်ပိုင်းက တန်ဖိုးနည်းအကွက်တွေလောက်သာ အနည်းငယ်အရောင်းအဝယ်ရှိပြီး နေဖို့အတွက် ဝယ်သူတွေလောက်သာပဲ ရှိတာပါ။
ဝါရင့်အကျိုးဆောင် ဦးမောင်မောင်က "သင်္ကြန်အရှေ့ပိုင်းတုန်းက ဖြစ်သေးတယ်၊ သင်္ကြန်ပြီးတောက်လျှောက် မြေရော၊ တိုက်ခန်းကော အရောင်းအဝယ် တော်တော်အေးတယ် ပြောလို့ရတယ်၊ တချို့က (၂၀၁၅) ကုန်ပြီးရင် ပြန်ကောင်းလာနိုင်တယ်လို့ ပြောကြတယ်။ ဒါကလည်း နိုင်ငံရေး အပြောင်းအလဲ၊ စီမံကိန်းတွေကို မျှော်ပြီး ပြောကြတာပါ။ ဈေးက အမြင့်ပိုင်းတော်တော်လေး ရောက်နေတော့ ရပ်တန့်သွားတဲ့ သဘောပါ၊ ဈေးကစားဖို့က ဝယ်သူမလိုက်နိုင်ဘူး၊ ဒါတွေကြောင့်ဈေးကွက် အခုလိုဖြစ်နေတာ" လို့ ပြောပါတယ်။
ဈေးကွက်မှာ သိန်း (၅၀၀) နဲ့အထက် သိန်းထောင်ကျော်အကွက်တွေရဲ့ ဈေးကွက်က တော်တော်အေးနေတယ်။ နေဖို့ဝယ်သူတွေနဲ့ နေရာကောင်းတွေလောက်သာ အဝယ်အနည်းအငယ်ရှိတယ်။ သိန်း (၅၀၀) အောက်တွေရဲ့ ဈေးကွက်ကတော့ ဈေးအောက်ဆင်းပေးပြီး အရောင်းအဝယ်ဖြစ်အောင် ရောင်းနေကြရပါတယ်။
ဝယ်ရောင်းသမား အကျိုးဆောင် ဦးကျော်နိုင်က "တချို့ဝယ်ရောင်းသမားကြီးတွေရဲ့ လက်ထဲမှာ အကွက်တွေ ရာချီ၊ ထောင်ချီ ရှိနေတာ၊ သူတို့ကျတော့ ငွေမှမလိုတာ မလိုတော့ မရောင်းကြဘူး၊ နေရာကောင်း၊ အကွက်ကောင်းတွေက အားလုံးကိုင်ထားကြတာ၊ ထုတ်မရောင်းကြဘူး၊ နေဖို့ကျတော့ ပိုင်ဆိုင်မှု သေချာတာပဲ ဝယ်ကြတယ်"လို့ ပြောပါတယ်။
မြို့သစ်တွေဘက်မှာ ခေါ်ဈေးအောက်ထက် လျှော့ပြီးရောင်းဈေးကိုပါ ထပ်စစ်ပြီးဝယ်နေ၊ ရောင်းနေရတဲ့ အခြေအနေပါ။ မြို့အဝင်အထွက်နဲ့ နီးစပ်ရာနေရာတွေ၊ နေရာကောင်းတွေ ရှာဝယ်ကြတဲ့ သူတချို့လည်း ရှိပါတယ်။ အများစုက နေရာကောင်းတွေနဲ့ နီးတဲ့နေရာ၊ နောက်ပိုင်းအချက်အခြာ ဖြစ်လာပြီး၊ ဈေးကောင်းလာနိုင်တဲ့ နေရာတွေရှာကြတာရှိသလို တချို့ကလည်း ထုတ်မရောင်းပဲ ကိုင်ထားကြတာတွေလည်း ရှိပါတယ်။
Ref : TMWF
Posted By : Wai Phyoe Aung
အိမ်ခြံမြေပြပွဲများ
နောက်ဆုံးရ သတင်းများ
သင့်လုပ်ငန်းတွေ ဖွံ့ဖြိုး အောင်မြင်ဖို့ Shweproperty.com မှာ member လုပ်စို့
ဝယ်ရန်
ငှားရန်
စီမံကိန်း အသစ်များ
အခြားအိမ်ခြံမြေများ